ထီးခီးနယ်စပ် ဟိုတယ်လုပ်ငန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်ဖြင့် စစ်ဆေး

0
372

တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်နားခိုင်းထားသည့် ထီးခီးနယ် စပ်ရှိ ဟိုတယ်လုပ်ငန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားချက်ဖြင့် ဇူလိုင်လ ၂၁ ရက်က စစ်ဆေးခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးက ပြောသည်။

ယခင်အစိုးရက ခွင့်ပြုထားခဲ့သည့် ထီးခီးဒေသတွင်တည်ဆောက်မည့် ပွန်ပီပက်ကုမ္ပဏီ၏ နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်းကို တိုင်းအစိုးရက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နှစ်လယ်ပိုင်းတွင် နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းသည် ဟုဆိုကာ ယာယီရပ်နားခိုင်းထားသည်။
အဆိုပါဟိုတယ်လုပ်ငန်းရပ်နားထားသည့်အပေါ် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇူလိုင်လတတိယ အပတ်တွင် ညွှန်ကြားလာကြောင်း DICA တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်း က ဆိုသည်။

စစ်ဆေးရေးအဖွဲ့တွင် တိုင်းဒေသ ကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ လ၀က၊ မြေစာရင်း၊ စက်မှုကြီးကြပ်၊ DICA အစရှိသည့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀ ဦး ပါဝင်ကြောင်း ၎င်းက ပြော သည်။
“နိုင်ငံတော်အတိုင်ပင်ခံက အဖွဲ့ဖွဲ့ ပြီးတော့ စစ်ခိုင်းတယ်၊ ဘာကြောင့်မို့ လက်မခံနိုင်တာလဲ၊ အခြားနည်း အသုံး ပြုခွင့်တင်တာ ဘာကြောင့်မို့ ကြန့်ကြာ နေတာလဲဆိုတဲ့ဟာကို အဓိက ခေါင်း စဉ်ပေါ့”ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။

စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ကို ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည် တင်ပြလိုက်ကြောင်း ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီး ဒေသတွင် ပွန်ပီပက်ကုမ္ပဏီက နိုင်ငံ တကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကို မြေဧရိယာ ဧက ၅၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရှိကြောင်း DICA  ရုံးထံမှ သိရသည်။
ယင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။