ကျေးလက်ဥပုသ်

0
529

လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ရွာတွင် အရုဏ်ချိန် ကြေးစည်ကြီးထုသံကြားရသည့်နေ့ဆိုလျှင် ယင်းနေ့ သည် ဝါတွင်းဥပုသ်နေ့တစ်နေ့ ဆို သည်မှာ သေချာပါသည်။
ကျောက်ဆင်ရွာတွင် သာမန်နေ့ များ၌ လက်ဖြင့်ကိုင်ထုသော ကြေး စည်ငယ်ဖြင့်သာ ဆွမ်းခံထွက်လေ့ရှိပြီး ဝါတွင်းဥပုသ်နေ့များတွင် ထမ်းပိုးလျှို နှစ်ယောက်ထမ်းကာ နောက်ကထမ်းသူ ထုရသော ကြေးစည်ကြီးဖြင့် ဆွမ်းခံ ထွက်လေ့ရှိပါသည်။

“ဆွမ်းခံကြီး”ဟု ရွာသားများက ခေါ်ကြပါသည်။
ဆွမ်းခံကြီးတွင် လှူဒါန်းရန် အတွက် အချို့အိမ်များက အဖိတ်နေ့ည ကတည်း ကောက်ညှင်း၊ ဆန်တို့ဖြင့် မုန့်လုပ်ကြသည်။ ထိုမုန့်ကို ဆွမ်း လောင်းရန်နှင့် အိမ်ဘုရားတွင် ကပ် လှူရန် အဦးအဖျားကို ဖယ်ထားပြီး အခြားအိမ်များသို့ ဝေငှခြင်း၊ အိမ်သား တ၀တလင် စားသောက်ရခြင်းတို့ကြောင့် ကလေးတို့က အဖိတ်ညကို မျှော်တတ်ကြ သည်။

ဆွမ်းခံကြီး၏ ထိပ်ဆုံးက ကြေး စည်ကြီး။ နောက်က မုန့်အိုးထမ်း၊ သစ်သီး အိုးထမ်းတို့က နှစ်ယောက်တစ်ဆိုင်း အစဉ်လိုက်။ ထိုဆိုင်းတွဲများနောက်တွင် သပိတ်ပိုက်ဆွမ်းခံဆရာတော်များ။
ဆွမ်းဟင်းချိုင့်ဆွဲသူတို့ကလည်း ဆွမ်းခံတန်း တစ်ဖက်တချက်တွင် အဆင် သင့်။ ဆွမ်းထမ်းသူတို့က ဖြတ်လမ်းမှ စောင့်ကာ သံဃာတို့၏ သပိတ်ထဲမှ ဆွမ်းကို လှယ်ထည့်ပေးကြသည်။

ဥပုသ်နေ့နံနက် အရုဏ်ဆွမ်းခံ လိုက်အားလုံးက ဘုန်းကြီးကျောင်း သားများ မဟုတ်ကြပါ။ ရွာအတွင်း သာမန်အရပ်သား ကလေး၊ လူငယ် များဖြစ်ပြီး သူတို့သည် ထိုဆွမ်း ခံကြီးထွက်ရန်အတွက် ညကတည်းက ဘုန်းကြီးကျောင်းတွင် ဝင်စုအိပ်ကြ လေ့ရှိပါသည်။
ဆွမ်းခံပြီး ကျောင်းရောက်လျှင် မုန့်၊ သစ်သီး ဆွမ်းဟင်းများကို ဘုရားတွင် ဆွမ်းကပ်၊ ဘုန်းကြီး၊ ကိုရင်ဆွမ်းဝိုင်းများ တွင် ခွဲကပ်ကြသည်။ ဘုန်းကြီးကိုရင်တို့ ဆွမ်းဘုန်းပြီးလျှင် ဆွမ်းတော်ချပြီး ဆွမ်းခံထွက်တဲ့အဖွဲ့သားများ ဝိုင်းစား ကြသည်။ ပိုသည့် မုန့်များကို အညီအမျှ ဝိုင်းခွဲဝေကြသည်။ မုန့်က တစ်ယောက် ၂ တုံးစီ၊ ငှက်ပျောသီးက တစ်လုံးနှင့် တပိုင်းစီ သည့်အခါများလည်း ရှိသည်။

ထိုသို့ ဥပုသ်နေ့အရုဏ်တွင် ထူးခြားသည့် ဆွမ်းခံထွက်ခြင်းက တနင်္သာရီတိုင်းအတွင်း ကျေးရွာ အတော်များများတွင် ရှိနေခဲ့၊ ရှိနေဆဲ ဖြစ်ပါသည်။
“အရုဏ်တော်လှည့်တယ်။ ကြေး စည် ထုသံကြားရရင် ကိုယ့်အိမ်ရှေ့ကလမ်းမှာထွက်စောင့်ပြီး လှူလိုက်ရုံပဲ”ဟုထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ခင်မြင့်က ပြောပါသည်။
မြိတ်မြို့နယ် သစ်ယာဝရွာတွင်မူ ဥပုသ်နေ့တွင် ဆွမ်းနှင့် ဆွမ်းဟင်းချက် ရန် အဖိတ်နေ့ညနေ ၄ နာရီတွင် အရပ်ထဲမှလူ ၃၀ ခန့်စုလေ့ရှိသည်။ ထိုနောက် တောင်းကြီး ၃ တောင်းကို နှစ်ဦးစီထမ်းကာ ဆွမ်းခံထွက်သည်ဟု ယင်းရွာမှ အသက် ၇၀ အရွယ် ဦးအင် ရှိန်က ပြောသည်။

ရွာသူရွာသားများက ဆန်ဆီဆေး ဆား၊ ငရုတ်ကြက်သွန်နှင့် အသီးအရွက် များနှင့် မုန့်များ လှူကြသည်ဟု ဦးအင်ရှိန် က ပြောသည်။
“ရလာတဲ့ အသီးအရွက်အားလုံးကို မိုးဗြဲဒယ်အိုးကြီးနဲ့ ထည့်ချက်လိုက်တယ်၊ ပဲကုလားဟင်းလို အသီးစုံဟင်းမျိုး”ဟု ဦးအင်ရှိန်က ပြောသည်။
ရွာသားတွေက ထိုဟင်းကို အသီးစုံ ဟင်းဟု မခေါ်။ အာဂလန် မာဂလန်ဟင်း ဟု ခေါ်ကြသည်။
ဥပုသ်နေ့ နံနက်စောစောတွင် ဥပုသ် စောင့်ရန် ရွာဦးကျောင်းသို့ လာကြသူ များက ပန်း၊ ဖယောင်းတိုင်၊ နို့ဆီဘူး စသဖြင့်သော လှူဖွယ်ပစ္စည်း တစ်မျိုး မျိုးစီ ပါလာကြသည်။

ဆရာတော် သီလပေး တရားဟော ချိန်တွင် ဥပုသ်သည်၏ သားသမီး မြေး မြစ်တို့က အိပ်ယာလိပ်တွေ ကျောင်း ထဲ သယ်လာကြကာ မိမိတို့ ဘိုးဘွား မိဖများ ဥပုသ်စောင့်လေ့ရှိသည့်ဇရပ်၊ ဘုရားသိမ်တို့တွင် သွားထားပေးကြသည်။
တနင်္သာရီတိုင်းတွင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဥပုသ်သည်အတွက် နေ့လယ်စာ ပို့ခဲ့ရသည့် ခေတ်တစ်ခု ရှိခဲ့ရာ ထိုနေ့လယ်စာပို့ရသည်က ပျော်စရာကောင်းလှသည်။

“ဥပုသ်စောင့်သွားတော့မယ်ဆိုရင် အဖိတ်နေ့ကတည်းက ဆွမ်းချက်ဖို့ ကြိုပြီးပြင်ထားရတယ်။ ဈေးသွား ဟင်းသီးဟင်းရွက်ဝယ်၊ ငါးတွေဘာတွေ ဝယ်ပေါ့။ အချိုပွဲအတွက်ကတော့ အိမ်နားနီးချင်းတွေ၊ ဆွေမျိုးတွေ အချင်း ချင်း ကိုယ့်မှာရှိတဲ့ အသီးအရွက်လေးတွေ မျှပေးကြတယ်။ ဥပုသ်နေ့ဆိုရင် ရောင်း တဲ့သူမရှိတော့ဘူး”ဟု ထားဝယ် မြို့နယ် ကနိုင်းဒါကျေးရွာသူ ဒေါ်ခင်မြင့်က ပြောသည်။
ဥပုသ်သည်တို့က နေ့လယ်စာကို ကိုယ်ဥပုသ်စောင့်သည့်ဇရပ်မှ အခြား မိတ်ဆွေအားလုံးနှင့် စုစားကြရတာ ဆိုတော့ အိမ်သားတို့က ကိုယ့်အဖေ အမေအဖိုးအဖွား မျက်နှာပန်းလှရန် ဟင်းကောင်းကောင်း အချိုပွဲမုန့်ကောင်း ကောင်းပို့ကြသည်။

ဟင်းခွက်၊ မုန့်ခွက်၊ ထမင်းအုပ် တို့ကို လင်ပန်းကြီးထဲထည့်ကာ အိမ်က တစ်ခါတည်း ပြင်သွားသည်။ ထိုနေ့ လယ်စာလင်ပန်းကို အပေါ်က အုပ်ဆောင်း နှင့်ဖုံးကာ ခေါင်းပေါ်ရွက်ပြီး ကျောင်း ပို့ရသည်။
ဇရပ်က ဥပုသ်သည်တွေက ပို့လာ သည့်ထဲက အနည်းငယ်စီခွဲကာ ဇရပ် ပေါ်က ဘုရားတွင် ကပ်လှူခြင်း၊ ဘုန်း တော်ကြီးကို ကပ်လှူခြင်းတို့ပြုပြီး အားလုံးဝိုင်းစုစားကြသည်။

စားပြီးကျန်သည်ကို အိမ်ပြန်သယ် လျှင် ပို့သူကလေး၊ လူငယ်များက အိမ်ကို ခွက်ချည်းယူသွားတော့သည်။ ဇရပ်ဘုရားစင်မှာ ကပ်ထားသည့် မုန့် များ၊ ဟင်းများပါ တစ်ခါတည်းစွန့်ကာ အကုန်စားပစ်လိုက်ကြတော့သည်။
ထိုအချိန် ကျေးလက်ဥပုသ်နေ့က ကလေးအတော်များများအတွက် စားရ ၀လွန်းသည့်နေ့၊ ဗိုက်ခွေးနမ်းသည့် နေ့ပင် ဖြစ်တော့သည်။
ယခုကား ရွာအတော်များများတွင် ဥပုသ်သည်တို့အတွက် နေ့လယ်စာကို ရွာမှ အလှူရှင်များက လှူဒါန်းနေသဖြင့် ထမင်းပို့ရန် မလိုတော့ပေ။

ဥပုသ်နေ့ ညနေ ၄ နာရီခန့်တွင် တော့ ကလေးတွေက ဥပုသ်သည်တွေကို ပန်းဝင်လှူကြသည်။ ဥပုသ်သည်တွေက “ပန်းလိုလန်းဆန်းပါစေ” ဆုပေး၊ သကြား လုံးနဲ့ မုန့်တွေကျွေးသည်။ ၎င်းပန်းတွေ ကို ဥပုသ်သည်တွေက ဘုရားပြန်ကပ်ကြ သဖြင့် ကလေးတွေက ကုသိုလ်နှစ်ထပ် ရသည် ဆိုနိုင်ပါသည်။
တချိန်က ဥပုသ်သည်အားလုံး နီးပါးက ညအိပ်ကြသည်။ နောက်တစ်နေ့ အရုဏ်မတိုင်မီ ဆရာတော်က သီလထပ် ပေးခြင်း၊ တရားထိုင်စေခြင်းတို့ ပြုသည်။

ဥပုသ်သည်တွေအတွက် နံနက်စာ လှူဒါန်းသူက ဥပုသ်အပတ်တိုင်း ရှိသည်။ အလှူရှင် မရှိသည့်အပတ်အတွက် ရွာ ထဲကအသင်းအဖွဲ့တွေက လှူတတ်ကြ သည်။
အိမ်သားတွေ၏ နောက်ဆုံးတာဝန် မှာ ဇရပ်က အိပ်ယာလိပ် အိမ်ပြန်သယ် ရန် ဖြစ်သည်။
ဥပုသ်သည်တွေက နံနက် ၄ နာရီ ကတည်းက ကျောင်းကြီးပေါ်စုပြီး တရားနာ၊ တရားထိုင်ရရာ ဇရပ်တွင် လူမရှိတော့လျှင် အိပ်ယာလိပ်များ ခွေးတက်ဆွဲမည်စိုးသဖြင့် အိမ်သား တွေက မနက်စောစောထပြီး အိပ်ယာ လိပ် သွားသယ်ကြရသည်။

သရဲကြောက်သူဆို မလွယ်။ ကြောက်တတ်သူများ (အထူးသဖြင့် အမျိုး သမီးငယ်များ)ကို ထိုအချိန်သရဲခြောက် ရသည်မှာ ပျော်စရာတစ်ခု ဖြစ်သည်။
ယခုကား ညအိပ် ဥပုသ်စောင့်သူ ရှားလာပြီဖြစ်သည်။ အချို့က ဥပုသ် နံနက် သီလခံပြီးသည်နှင့် ထွက်သွား တော့သည်။

“ညနေ လေးနာရီအထိတောင် မရှိကြတော့ဘူး၊ အခုတော့ အရင်က ပုံစံနဲ့မတူတော့ဘူး၊ အခုခေတ် တချို့ ကလေးတွေဆို အရင်က ဥပုသ်စောင့်ရင် ညအိပ်လေ့ ရှိတယ်ဆိုတာတောင် သိတော့မှာမဟုတ်ဘူး”ဟု ကနိုင်းဒါရွာ မှ ဒေါ်ခင်မြင့်က ပြောသည်။
မြိတ်မြို့နယ်၊ သစ်ယာဝရွာတွင် လည်း ညနေဖက် ဥပသကာ အလှူခံ ထွက်သည့်ဓလေ့ မရှိတော့ဟု ဦးအင်ရှိန် က ပြောသည်။
“အရုဏ်ဆွမ်းခံထွက်တာ ကတော့ ခုထိရှိနေသေးတယ်”ဟု ဦးအင်ရှိန်က ဆိုသည်။
လောင်းလုံးမြို့နယ် ကျောက်ဆင် ရွာတွင်လည်း ဥပုသ်ထမင်းပို့သည့်ဓလေ့ မရှိတော့သော်လည်း ဥပုသ်နေ့ အရုဏ် ချိန်တိုင်း ကြေးစည်ကြီးထုသံ ကြားနေ ရဆဲ။