တနင်္သာရီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပလျှင်

0
446

တနင်္သာရီတိုင်းဒေသကြီးမှာ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ငြိမ်းချမ်း ရေးစကားဝိုင်း (Peace Talk) လာရောက် ကျင်းပဖို့ရှိတယ်လို့ သိုးသိုး သန့်သန့် ကြားနေရပါတယ်။
NLD အစိုးရ စတက်လာကတည်း ကစပြီး မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာဆွေးနွေးပွဲကလွဲလို့ ကျန်တဲ့ငြိမ်းချမ်းရေး စကားဝိုင်းတွေဟာ ဒေသခံလူငယ်တွေနဲ့ ကျင်းပတဲ့ငြိမ်းချမ်း ရေးစကားဝိုင်းတွေ ဖြစ်ခဲ့ပါတယ်။

တနင်္သာရီမှာ ကျင်းပဖြစ်ခဲ့ရင်လည်း ဒီပုံစံပဲ ကျင်းပဖြစ်ဖို့များတယ်လို့ ခန့်မှန်း မိတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြီးတိုင်း ကျွန်တော်တို့ကြားကြားနေရတာ က အတိုင်အပင်ခံနဲ့တွေ့ဖို့ လူငယ်တွေကို ရွေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေနဲ့လက်သင့်တဲ့လူငယ်တွေကို ရွေးတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ လက်သင့်တဲ့လူငယ်တွေကို ရွေးတယ်ဆို တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ပင်လုံမြို့မှာ ကျင်းပ တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ အသံ အထွက်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒေသက စေတနာနဲ့ ပြောနိုင်ဆိုနိုင်လူထုအပေါ် တကယ်အကျိုးပြုလိုတဲ့ လူငယ်တွေ အတွက် ခါးသီးမဆုံးဖြစ်ကြမှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ ကိုယ်စားပြုမှုကို အခြေခံပြီး ရွေးတဲ့နေရာမှာ ခေါင်းခဲချင် စရာ အချက်အချို့ရှိပေမယ့် မဖြစ်မနေ ရွေးကိုရွေးရမယ့် လူငယ်သုံးမျိုးကိုတော့ အကြံပြု တင်ပြလိုပါတယ်။

(၁)
တက္ကသိုလ်ကျောင်းသားလူငယ်များ ဥပမာအနေဖြင့် တင်ပြရမယ်ဆိုရင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ တက္ကသိုလ်ကောလိပ် ၇ ခုရှိတယ်။ ၇ ခုစလုံးမှာ သက်ဆိုင်ရာ ကျောင်းသားထု ကိုကိုယ်စားပြုပြီး ရွေးကောက်ပွဲနဲ့ တက် လာတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တွေရှိပါတယ်။

တိုင်းဒေသကြီး အစိုးရကနေ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေကို အကယ်၍ လူရွေးခိုင်းမယ်ဆိုရင်တော့ သေချာပါတယ် သမဂ္ဂခေါင်းဆောင်တွေ ကိုပဲ လက်သင့်ရာ ရွေးဖို့များပါတယ်။ ဆိုတော့အခြား သမဂ္ဂခေါင်းဆောင် မဟုတ်တဲ့ ကျောင်းသားကျောင်းသူတွေ ရဲ့အခွင့်အရေး ဆုံးရှုံးနိုင်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပါဝင်ချင်တဲ့ သူတွေကို တိုင်းအစိုးရနဲ့တက္ကသိုလ်စီမံ ခန့်ခွဲရေးအဖွဲ့တို့ပူးပေါင်းပြီး အင်တာဗျူး ဖြေစေကာ ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကောလိပ် ၇ ခုကနေအနည်း ဆုံး ၃ ဦးကို ရွေးကိုရွေးရမှာ ဖြစ်ပါတယ်။
အခုဖြစ်ပျက်နေတဲ့ ပခုက္ကူကွန်ပျူ တာတက္ကသိုလ်လိုမျိုး ရုပ်ရည်ချောမော တဲ့သူတွေကိုပဲ သီးသန့်ရွေးမယ်ဆိုတာ မျိုးလည်း မဖြစ်ဖို့လိုပါတယ်။

 

(၂)
တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ မှာ ပါဝင်တဲ့လူငယ်တွေကိုလည်း ရွေးကို ရွေးရမှာဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ မြန်မာပြည်မှာ အလွန်အရေးကြီးတဲ့ လူငယ်ရေးရာ မူဝါဒကို အကောင်အထည် ဖော်နေတဲ့ လူငယ်ခေါင်းဆောင်တွေဖြစ်ပြီး ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ အပိုင်းမှာ အစိုးရက တရားဝင် အသိအမှတ်ပြု ထားတဲ့ လူငယ်တွေ ဖြစ်ပါတယ်။

(၃)
ပဋိပက္ခ ဧရိယာကလူငယ်တွေပါ ဖို့လိုပါတယ်။ အင်အားကြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ တနင်္သာရီတိုင်းမှာ ငြိမ်းချမ်းရေး စကား ဝိုင်းခေါင်းစဉ်ခံပြီး ပဋိပက္ခဒေသက လူငယ် တွေကိုမရွေးရင် အရုပ်ဆိုးစရာ ဖြစ်မှာပါ။ သူတို့ရဲ့အသံကို အတိုင်အပင်ခံသိဖို့လို ပါတယ်။ မြို့ပေါ်က လူငယ်တွေနဲ့ချည်း တိုင်းပြည်ကို တည်ဆောက်လို့မရပါ။

ဒီနေရာမှာ တစ်ခုစိုးရိမ်စရာရှိတာက တကယ်ပြောနိုင်ဆိုနိုင်တဲ့ အရည်အချင်းရှိ တဲ့ လူငယ်တွေကိုရွေးရင် အာဏာပိုင် တွေရဲ့ အမှားတွေ အမေစုရှေ့မှာ ဗူးပေါ် သလို ပေါ်သွားမှာကိုကြောက်ပီး လက် သင့်ရာတွေကို ခေါ်ရွေးနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ နယ်မှာနေထိုင်ရတဲ့ ကျွန် တော်တို့လို လူငယ်တွေအနေနဲ့ အတိုင် အပင်ခံနဲ့တွေ့ပြီး လူငယ်တွေရဲ့ တိုင်း ပြည်အပေါ် မျှော်လင့်ချက်တွေ၊ လုပ် စရာတွေ၊ လွဲနေတာတွေကို ဟုတ်တိုင်းမှန်ရာပြောဖို့အများကြီး အများကြီး ရှိပါ တယ်။

တိုင်းထဲကလူငယ်တွေရဲ့ မျှော်လင့် ချက်တွေကို ရိုက်မချိုးကြပါစေနဲ့လို့ ဆုတောင်းရင်း။