ရေကြီးရေလျှံမှုကြောင့် ကျေးလက်တံတားအချို့ ပျက်စီး

0
444

တနင်္သာရီတိုင်းတွင် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုမှုများကြောင့် ကျေးလက် တံတားအချို့ ပျက်စီးခဲ့ကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။
ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်ရွာနှင့် ရေဝိုင်းရွာသို့ ဆက်သွယ်ထားသည့် အရှည် ၁၅၅ ပေရှိ ကွန်ကရစ် တံတားတစ်စီး၏ ရေလယ် တိုင် ၃ တိုင် နိမ့်ကျသွားခဲ့ကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဦးဇော်မိုးဦးက ဆိုသည်။

“တောင်ကျရေတိုက်စားပြီး တံတားရဲ့ ရေလယ်တိုင်တွေ နိမ့်ကျသွား တာ”ဟု ဦးဇော်မိုးဦးက ပြောသည်။
လက်ရှိတွင် အဆိုပါတံတားကို ပိတ်ထားပြီး သံဘေလီတံတားတစ်စီးကို တံတားအထူးဖွဲ့(၁၃)က ပြန်ဆောက်နေ ကြောင်း ၎င်းက ဆိုသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနအောက်ရှိ တံတားနှင့် လမ်းများက ရေကျော်သော်လည်း ဆိုးဆိုးရွားရွား ပျက်စီးမှုမရှိကြောင်း ဦးဇော်မိုးဦးက ပြောသည်။
၎င်းအပြင် တနင်္သာရီမြို့နယ်ရှိ ပေ ၉၀အရှည်ရှိသည့် ဓားသွေးချောင်း တံတားမှာ ရေကြီးရေလျှံဖြစ်ပြီးနောက် တံတားရေလယ်တိုင်ကို ငုံထားသည့် ကွန်ကရစ်အကာအရံများ ပျက်စီးသွား ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(နတလ)ထံမှ သိရသည်။

“လုပ်ခဲ့တဲ့ ကုမ္ပဏီကို ပြန်ပြင်ဖို့ ပြောထားတယ်၊ ရေမကျသေးလို့ ရေကျ မှပဲ လုပ်နိုင်မယ်”ဟု တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ)ညွှန်ကြားရေးမှူး ဦးကျော် ကျော်က ဆိုသည်။
ထို့အပြင် ရေဖြူမြို့နယ်အတွင်း ဖားချောင်း-ဆန်းချီ-ဒူးတော်-ရငဲရွာ လမ်း ပိုင်းရှိ ပေ ၅၀ အရှည်ရှိသည့် ကွန်ကရစ်တံတားတစ်စီး ရေမြှပ်သွား ခဲ့ပြီး ပျက်စီးမှုအနေအထားကို မသိရ သေးကြောင်း အထက်ပါရုံးထံမှ သိရ သည်။

အချို့ဒေသတွင်မူ ရေမကျသေး သည့်အတွက် ယင်းဒေသများ၏ လမ်း၊ တံတားများ ပျက်စီးမှုအခြေအနေကိုမူ အတည်မပြုရသေးကြောင်း ဦးကျော် ကျော်က ပြောသည်။
ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တနင်္သာရီတိုင်း အတွင်း နေရာအများစုတွင် ရေကြီး ရေလျှံမှုများ ဖြစ်ခဲ့သည်။