လောင်းလုံးတွင် စပါးခင်းအချို့ ခရုဖျက်

0
412

လောင်းလုံးမြို့နယ်၊ သာယာကုန်း ကျေးရွာ ထားဝယ်မြစ်ကမ်းဘေးရှိ ဆင်းနင်းကွင်း လယ်အချို့တွင် စပါး ဖျက် ရွှေခရုများ ကျရောက်နေပြီး လယ် ဧက ၂၀ ခန့်ပျက်စီးလျက်ရှိကြောင်း ဒေသခံ လယ်သမားအချို့နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဆင်းနင်းကွင်းတွင် လယ်ဧက ၂၀၀ကျော် ရှိသည့်အနက် အချို့လယ် များတွင် ရွှေခရုများ ကျရောက်နေခြင်း ဖြစ်ပြီး ယခင်က မဖြစ်ဖူးကြောင်း လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က ပြော သည်။
ယမန်နှစ်က ထားဝယ်မြစ်ရေလျှံ တက်လာသဖြင့် မြစ်ရေနှင့်အတူ ရွှေခရု အနည်းငယ်ပါလာသည်ကို သတိထား မိကြောင်း လယ်ဧက တစ်ဆယ်ကျော် ပျက်စီးသွားသည့် မင်းရပ်ကျေးရွာမှ ဦးအုန်းရွှေက ပြောသည်။

မြစ်ရေနှင့်အတူပါလာသည့် ရွှေခရု များသည် စပါးပင်များကို ဖျက်ဆီးနိုင် သည်ကို မသိသောကြောင့် နှိမ်နင်းခြင်း မပြုလုပ်ခဲ့သဖြင့် ယခုနှစ်တွင် လယ်ဧက တစ်ဆယ်ကျော်ခန့် ပျက်စီးခဲ့ရကြောင်း ဦးအုန်းရွှေက ဆိုသည်။
ယင်းပျက်စီးသွားသည့် လယ်များ ကို သုံးကြိမ်ခန့် ပြန်လည်ထွန်ယက် စိုက်ပျိုးခဲ့သော်လည်း စပါးပင်ပေါက်လာ သောအခါ ယင်းခရုများက ကိုက်ဖြတ် စားသောက်နေသဖြင့် ငွေကျပ်ဆယ်သိန်း ခန့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း ၎င်းက ပြော သည်။

“အဲဒီလယ်တွေကို ခုဒီအတိုင်း ပစ်ထားလိုက်ပြီ။ တစ်နှစ်မှတစ်ခါ ဒီ လယ်လေးနဲ့ လုပ်ကိုင်စားသောက်နေတာ အခုကျွန်တော် စိတ်ညစ်လို့ ရူးမလို ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ အဲဒီခရု နှိမ်နင်းနည်းပဲ သိချင်တယ်” ဟု ဦးအုန်းရွှေက ဆိုသည်။

ယင်းရွှေခရုများသည် မျိုးပွားမှု ပမာဏ အလွန်များသောကြောင့် နောက် တစ်နှစ်တွင် ပိုဆိုးလာနိုင်သဖြင့် လယ် သမားများ သတိထားရန်လိုကြောင်း ဦးမျိုးအောင်က ပြောသည်။
ထားဝယ်မြစ်နှင့် ဆက်စပ်နေသော ဝေဒီကွင်း၊ ကထောင်းနီကွင်း စသည့် လယ်ကွင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး ဆင်းနင်းကွင်းမှလွဲပြီး အခြားကွင်းများ တွင်မူ ယင်းခရုများ ကျရောက်ခြင်း မရှိသေးကြောင်း လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဌာနထံမှ သိရသည်။