တိုင်းပြည်အနာဂတ်က လူငယ်တွေ လက်ထဲမှာ ရှိသတဲ့လား

အခုလပိုင်းတွေထဲ လှုပ်လှုပ် ခတ်ခတ်ဖြစ်တဲ့ ကိစ္စတွေထဲမှာ လူငယ် မျိုးဆက်သစ်တွေကို နေရာပေးမှု ပြဿနာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အသင်းအဖွဲ့များမှသည် ပြည်ထောင်စု ဝန်ကြီးအပြောင်းအလဲအထိ တိုင်း ပြည်ရဲ့ နယ်ပယ်အစုံမှာ လူငယ်တွေကို နေရာပေးတာ အားနည်းတယ်လို့ ထောက်ပြကြတာကလည်း ပွက်လော ညံနေတာပါပဲ။

သာဓကအနေနဲ့ဆိုရင် အဂတိလိုက် စားမှုနဲ့ တိုင်ကြားခံရပြီး စစ်ဆေးနေ စဉ်မှာ နုတ်ထွက်ခဲ့တဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းနေရာမှာ အသက် ၈၀ အရွယ် ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းကိုခန့်တော့ ဝေဖန် ပွက်လောရိုက်သွားတာ ကိုယ်တိုင် အပြင် မှာ မသိကျွမ်း မဆုံဖူးပေမယ့် ဝန်ကြီး သစ်ဖြစ်လာတဲ့ ဦးစိုးဝင်းကို အားနာ သနားမိတဲ့ အထိပါပဲ။
ဝေဖန်သူတွေက ဦးစိုးဝင်းရဲ့ အတွေ့အကြုံနဲ့ ပညာကို အသိအမှတ် ပြုကြပေမယ့် ဘာကြောင့် လူငယ် မျိုး ဆက်ကို မစဉ်းစားရဲတာလဲ။ ဘာကြောင့် သွေးသစ်မလောင်း ရဲတာလဲဆိုပြီး မေးခွန်းထုတ်ကြတာပါ။

တိုက်ဆိုင်တယ်ပဲဆိုရမလား အဲဒီ လပိုင်းတွေမှာပဲ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်တဲ့ အသက် ၉၃ နှစ်အရွယ် မဟာသီယာ မိုဟာမက်က သူ့အစိုးရအဖွဲ့မှာ သွေးသစ်လောင်းပြီး လူငယ်တွေကို နေရာပေးလိုက်တော့ ဒီက ကျွန်တော်တို့တွေ ပြောမပြီး နိုင်အောင် ဖြစ်ရပါတယ်။
လူငယ်နဲ့ အားကစားဝန်ကြီးကို အသက် ၂၅ အရွယ် လူငယ်ကို ခန့်လိုက် တာမျိုးမှသည် စွမ်းအင်ဝန်ကြီးကို အသက် ၃၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ခန့်ထားမျိုး လုပ်ချလိုက်တော့ သက် ကြားအိုဖြစ်နေပြီ ဖြစ်တဲ့ မဟာသီယာ မိုဟာမက်ကို အမှတ်တွေပေးလို့ မဆုံး ပါဘူး။

အမျှော်အမြင်ရှိတယ်။ သွေးသစ် လောင်းရဲတယ်။ သတ္တိရှိတယ် စသဖြင့် ပေါ့လေ။
ဆိုတော့ ကျွန်တော်တို့ဆီက ဦးဆောင်ဦးရွက်ပြုသူတွေ၊ လူကြီးတွေက ရော လူငယ်တွေအပေါ် ဘယ်လို သဘောထားပါသလဲ။
စကားလုံးတွေအရဆိုရင်တော့ လူငယ်တွေကို အားကိုးရကောင်းမှန်း သိကြပါတယ်။ ဘာလို့ဆို “လူငယ်က တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တယ်”ဆိုပြီး မချတမ်း ပြောတတ်ကြတယ် မဟုတ် လား။

“ငါတို့က အိုနေပြီ၊ မင်းတို့ပဲ လုပ်ရ မှာ”
“တိုင်းပြည်ရဲ့ တာဝန်ကို မင်းတို့ပဲ ပုခုံးပြောင်း ထမ်းရမှာ”
“တိုင်းပြည်အနာဂတ်က မင်းတို့ လက်ထဲမှာ”
စသဖြင့် ပြောလိုက်ကြတာတော့ ဖောချင်းသောချင်းပါပဲ။
လက်တွေမှာရော . . ။

ဟုတ်ကဲ့ . . ။ လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးတာ အတော့်ကို တွေ့ရခဲပါတယ်။
တိုင်းပြည်ရဲ့ အရေးအရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေထဲမှာ အပါအဝင် ဖြစ်တဲ့ ဝန်ကြီးလို နေရာ များအတွက် အသက်ကန့်သတ်ချက်တွေ ကြည့်လိုက် ရင်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ မှာဆိုရင် ဝန်ကြီးကို အသက် ၄၀ ပြည့် ပြီးသူ၊ ဒုဝန်ကြီးကို အသက် ၃၅ နှစ် ပြည့်ပြီးသူလို့ သတ်မှတ်ထားတာ တွေ့ရ တယ်။
တိုင်းဒေသကြီးမှာကျတော့ ဝန်ကြီး ချုပ်ရော ဝန်ကြီးတွေရော အသက် ၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်လို့ သတ်မှတ်ထားပါတယ်။ လွှတ်တော် အသီးသီးတွင်တော့ အသက် ၂၅ နှစ်၊ အသက် ၃၀ စသဖြင့် သတ်မှတ်ထား တယ်။

ဒီအနေအထား အရဆိုရင် ၂၀ ကျော် အသက်တွေကို လွှတ်တော်မှာပဲ တွေ့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါတောင် လွှတ်တော် အားလုံးမဟုတ်။
ကျန်တဲ့ သက်ဆိုင်ရာ အစုအဖွဲ့ တွေမှာလည်း လူငယ်တွေကို နေရာ မပေးကြတာ တော်တော် တွေ့ရပါ တယ်။
ဆိုတော့
“ငါတို့က အိုနေပြီ၊ မင်းတို့ပဲ လုပ်ရ မှာ” ဆိုတာ ဘာကို ပြောတာပါလဲ။
“တိုင်းပြည်ရဲ့ တာဝန်ကို မင်းတို့ပဲ ပုခုံးပြောင်းထမ်းရမှာ” ဆိုတာရော ဘာကို ဆိုလိုတာပါလဲ။
“တိုင်းပြည်အနာဂတ်က မင်းတို့ လက်ထဲမှာ” ဆိုတာကရော။

ကိုယ်မလုပ်နိုင်မှ၊ ကိုယ်မထမ်း နိုင်တော့မှ လူငယ်တွေကို လွှဲမယ် ဆိုတာမျိုးက အမျှော်အမြင်နည်းရာ ကျလွန်းပါတယ်။ နောက်တစ်ခုက ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်အနီးအနားမှာ ဘယ်သူတွေကို ဘယ်နေရာမှာ ဘယ်လို အကျိုးရှိရှိ ပါဝင်ခွင့်ပေးလို့ ရတယ်လို့ မမြင်တတ်တာ၊ မြင်လျက်နဲ့ မသုံးရဲတာ ကလည်း နည်းနည်းတော့ လွဲနေပါတယ်။
နိုင်ငံတော်နဲ့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ယန္တရားတွေဆို ကိုယ်တွေ မရှိလည်း ဒီနိုင်ငံ တည်နေသရွှေ့ ရှိနေ လည်ပတ်နေရတာမျိုးပါ။

ဒါကြောင့် နိုင်ငံတော်အတွက် အစုအဖွဲ့တိုင်းမှာ ကိုယ်တွေမရှိလည်း ကောင်းမွန်စွာ ပုံမှန်လည်ပတ်နိုင်အောင် လုပ်ထားဖို့ လိုပါတယ်။ အဲဒါအတွက် ဒုတိယ ခေါင်းဆောင်တွေဟာ အရေးကြီး ပါတယ်။
အစုအဖွဲ့တိုင်းမှာ ဒုတိယ ခေါင်း ဆောင်မျိုးဆက်ကို မွေးထုတ် မထားဘူး၊ ဒုတိယ ခေါင်းဆောင်တွေကို လက်မ သွေးထားဘူး၊ ဒုတိယ ခေါင်းဆောင် တွေကို ခေါင်းဆောင်နေရာသို့ သွားနိုင် မည့် အခင်းအကျင်းကို မဖန်တီး ထားဘူး ဆိုရင် အဲဒီအဖွဲ့ မျိုးသုဉ်းသေဆုံးတော့ တာပါပဲ။

ဆိုတော့
၁) ဒုတိယ ခေါင်းဆောင်မျိုးဆက် မွေးပါ။
၂) လက်သွေးခွင့်ပေးပါ။
၃) ခေါင်းဆောင်နေရာကို သွား နိုင်မယ့်လမ်းကို ဖန်တီးပေးပါ။
ကိုယ့်အတ္တကို လျော့ဖို့ လိုပါတယ်။ အမျှော်အမြင်ရှိဖို့ လိုပါတယ်။ ကိုယ် လှော်မှ ရောက်မယ့်နည်းထက် ကိုယ်မ လှော်လည်း ရောက်မည့်နည်းကို စဉ်းစား ဖို့ လိုပါတယ်။

နောက်တစ်နည်းပြောရရင် ကိုယ် လှော်မှ ရောက်မယ်ထင်နေတဲ့ခရီး ကိုယ်မလှော်မှ ပိုရောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်၊ အဲလို ရောက်သွားရင် ပိုမကောင်းဘူးလားဆိုတာမျိုးကိုလည်း စဉ်းစားကြည့်ဖို့ လိုပါတယ်။
အပြောင်းအလဲ မြန်လွန်းတဲ့ ခေတ်မှာ တက်ကြွတဲ့ နုသစ်တဲ့ စိတ်ကူးနဲ့ လူငယ်တွေရဲ့ ပါဝင်မှုကို အသုံးချရဲဖို့ လိုပါတယ်။ အသုံးမချရဲရင် ကျန်ခဲ့မှာ ပါပဲ။

ဒီလို အသုံးချခြင်းကလည်း လူငယ်တွေရဲ့ စိတ်ကူး အိပ်မက်တွေကို အရောင်လက်စေမှာ ဖြစ်ပါတယ်။
ကိုယ့်ရှေ့မှာ ကောင်းမွန်စွာ စွမ်းဆောင်နေတဲ့လူငယ်တွေကို မြင်ကြ ရင် နောက်တက် လူငယ်တွေ အားတက် ကြ မှာပါပဲ။ ပိုကြိုးစားလာကြမှာပါ။ ပိုတော်တဲ့ ထက်တဲ့စွမ်းဆောင်နိုင်တဲ့ လူငယ်တွေ ပိုများလာ မှာပါ။
လူကြီးဖြစ်နေသူတွေ အဲလောက် အမျှော်အမြင်ရှိဖို့ လိုပါတယ်။
လူကြီးတွေကိုယ်တိုင်က လူငယ် တွေရဲ့ အိပ်မက်ကို ညှင်းသတ် နေတာမျိုး မဖြစ်ဖို့လိုပါတယ်။

Related Posts