သဘာဝဘေးကြောင့် လူသုံးဦး သေဆုံး၊ နေအိမ် ၁၆ အိမ်ပျက်စီး

0
417

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ အတွင်း သဘာဝဘေးကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၆ ဆောင် ပျက်စီးခဲ့ကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
လှိုင်းကြီးကာ လှေနစ်မြုပ်မှုကြောင့် လူနှစ်ဦး၊ မြေပြိုကျခြင်းကြောင့် လူတစ် ဦး စုစုပေါင်း လူသုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် မိုးသည်းထန်စွာရွာ သွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုကျခြင်းတို့ကြောင့် လူနေအိမ် ၁၃ ဆောင် လုံးဝ ပြိုလဲပျက်စီးခဲ့ပြီး ၃ အိမ် မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ယင်းဌာန၏ ဇူလိုင်လ ၅ ရက်မှ ၂၆ ရက်အထိ စာရင်းအရ သိရသည်။

“ဒီလထဲမှာ မိုးအရမ်းကြီးတော့ ပျက်စီးမှုတွေက တော်တော်များတယ်။ ပျက်စီးမှုက မြို့နယ်တိုင်းလိုလိုမှာ ဖြစ် နေတာ အနည်းနဲ့အများပဲကွာတယ်” ဟု အထက်ပါဌာန ဒုဦးစီးအရာရှိ ဦးနိုင် လင်းထိုက်က ပြောသည်။
သဘာဝဘေးကြောင့် ထိခိုက်သူ များကို ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ် ဆောက်ပစ္စည်းများ၊ ဆန် စသည်တို့ကို ပျက်စီးဆုံးမှု အနည်းအများအလိုက် တွက်ချက်ပြီး ထောက့်ပံ့ပေးလျက်ရှိ ကြောင်း ပြောသည်။

ဇူလိုင်လ ၁ ရက်မှ ၁၈ ရက်အထိ သိန်းသုံးဆယ်ကျော် ထောက်ပံ့ထားပြီး နောက်ထပ် ထောက်ပံ့ရန် ကျန်ရှိသူများ ကိုလည်း ဆက်လက်ထောက်ပံ့နိုင်ရန် တွက်ချက်လျက်ရှိကြောင်း တနင်္သာရီ တိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီး ဌာနထံမှ သိရသည်။