မွန်ပြည်နယ်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်

0
520

မွန်ပြည်နယ်တွင် လက်ကျန်ဆား ကြမ်းနည်းသည့်အတွက် ဆားကြမ်းဈေး တစ်ပိဿာပေါက်ဈေး ကျပ် ၂၃၀ ထိ စံချိန်တင်မြင့်တက်နေသည်ဟု ပြည်နယ် အတွင်းရှိ ဆားရောင်းဝယ်သူများနှင့် ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ဆားရာသီတွင် ဆားအထွက်နည်း ပါးခဲ့ခြင်းနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုကြောင့် ဆားပျက် စီးမှုရှိခဲ့သောကြောင့် လက်ကျန်ဆား ကြမ်းနည်းပါးသွားသည့်အတွက် ယင်း သို့ မြင့်တက်သွားခြင်းဖြစ်သည်ဟု ဆား လုပ်ငန်းရှင်များက ပြောသည်။

“အရောင်းအဝယ်ကတော့ အေးနေ တယ်၊ ရေကြီးတဲ့အချိန်ကဆို တစ်ပိဿာ ၁၅၀/၁၆၀ အဲလောက်ပဲ ရှိတယ်၊ ရေကြီး ပြီးနောက်ပိုင်း ဈေးတက်လာတယ်၊ လက် ကျန်ဆားနည်းသွားလို့ ဈေးတက်တာပါ”ဟု ပငဆားလုပ်ငန်းရှင် ဦးဝင်းချိုက ပြောသည်။
လက်ကျန်ဆား နည်းပါးနေသည့် အနေအထားအရ ဆားကြမ်းအသစ် မထွက်ခင်အထိ ဆားဈေးဆက်တက်ဖွယ် ရှိကြောင်း ဦးဝင်းချိုက ခန့်မှန်းသည်။

မွန်ပြည်နယ်တွင် ယခင်က ဆား ကြမ်းဈေးနှုန်း အမြင့်ဆုံးအဖြစ် တစ်ပိ ဿာ ကျပ် ၂၀၀ ထိသာ မြင့်တက်ခဲ့ဖူး ကြောင်း ဆားလုပ်ငန်းရှင်တို့က ပြော သည်။
“ဆားဈေးတက်တာက အဓိက ရာသီဥတုဖောက်ပြန်လို့ ဆားအထွက် နည်းတယ်၊ သိုလှောင်ဆားတွေ ပျက်တယ် လက်ကျန်ဆားက နည်းသွားတယ်၊ အဲကြောင့် ဈေးတက်တာ”ဟု သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ် ရေးလုပ်ငန်း (မွန်ပြည်နယ်)ရုံးမှ ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောသည်။
ဇွန်လ ၁၇ ရက်က သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ် အတွင်း ဆားကြမ်း အများဆုံးထုတ်လုပ် သည့် သံဖြူဇရပ်မြို့နယ်တွင် ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့သည့်အတွက် ဆားကြမ်း သိုလှောင်ထားသည့် ဂိုထောင် ၁၉ လုံးမှ ဆားကြမ်းပိဿာချိန် ၂၆ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ဆားထုတ်လုပ် ရာသီတုန်းကလည်း မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင် သူ ၇၀ ဦးတို့မှ ဆားကွင်းဧကပေါင်း ၂၈၃၉ တို့တွင် ဆားကြမ်းထုတ်လုပ်ခဲ့ပြီး လျာထားသည့် ဆားကြမ်းပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ သည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ် လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ဆား များကို ပြည်နယ်အတွင်း အသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာ ပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီ တိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေး ကွက်များသို့ အဓိက တင်ပို့ရောင်းချ သည်ဟု ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းမှ သိရသည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့ နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက္ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာ နှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာ ဒေသ ဖြစ်သည်။