မီးပွိုင့် အတွေး

0
655

ဒီတစ်ပတ်တော့ ဗြတ်စာတွေး မိတာလေးက ခုတလော လူပြောသူ ပြောများနေတဲ့ “မီးပွိုင့်”ကိစ္စခင်ဗျ။
သိတော်မူကြတဲ့အတိုင်း ဒီနှစ်ပိုင်း တွေမှာ ဗြတ်စာတို့ဒေသရဲ့ အရေးပါတဲ့ လမ်းမကြီးဖြစ်လာတဲ့ ကမြောကင်း လမ်းမှာ ယာဉ်အသွားအလာ များပြား လာတာနဲ့အတူ ယာဉ်တိုက်မှုတွေလည်း များလာတာ တွေ့ရပါတယ်။ မြို့သစ် ဘက်ကနေ ကမြောကင်း လမ်းမပေါ် ထွက်လာတဲ့ လမ်းတွေရယ်၊ ကမြောကင်း တံတားချဉ်းကပ်လမ်းကို ကန့်လန့်ဖြတ် ပြီး အမှတ် ၇ လမ်းရယ်လို့ အသစ်ဖြစ် လာတော့ ယာဉ်ကြောရှုပ်ထွေးမှုတွေ လည်း ဖြစ်လာပြီး အဆင်ပြေသလို ကြည့် ကျက်သွားနေရတဲ့ အခြေအနေကို ကြုံခဲ့ ရပါသဗျ။

ဒီကြားထဲ DDPC  လို့ အများ ခေါ် ကြတဲ့ ထားဝယ်အများပိုင်က ဈေးဝယ် စင်တာနဲ့ မင်္ဂလာခန်းမ၊ ညဈေးတန်းပါ ပေါ်လာတော့ ပွင့်လင်းရာသီနဲ့ အခါ ကြီးရက်ကြီးတွေမှာ ယာဉ်ကြော ပိတ် ဆို့မှုတွေ၊ ရှုပ်ထွေးမှုတွေ၊ ယာဉ်မတော် တဆမှုတွေ ဖြစ်ပေါ်လာတာကိုလည်း သတိထားမိပါ တယ်ခင်ဗျ။

ဒါကြောင့်လည်း ဒီလမ်းဆုံနေရာ တွေမှာ ယာဉ်ကြောကို ထိန်းသိမ်းဖို့ မီးပွိုင့်တစ်ခု ရှိသင့်တယ်လို့ တွေးမိ နေ တဲ့အချိန်မှာပဲ သက်ဆိုင်ရာဌာနတွေက “မီးပွိုင့်တွေ တပ်ဆင်မယ်၊ ကွင်းဆင်း တိုင်းတာမှု လုပ်ငန်းတွေ ဆောင်ရွက်နေ တယ်”ဆိုတဲ့ သတင်းစကားတွေ ကြား သိလာရတော့ ဗြတ်စာလည်း အတော် လေးဝမ်းသာ မိပါသဗျ။
ဝမ်းသာဆို ပြည်သူတွေရဲ့ လိုအပ် ချက်ကို နားစွင့်ပြီး လိုအပ်ချက်ကို ဖြည့် ပေးတော့မှာ မဟုတ်လားခင်ဗျား။
ဘယ်ဝမ်းမသာ ရှိမတုန်း။

ဗြတ်စာစိတ်ထင်.. (အမှတ်မှား ရင်လည်း မှားပါ့မယ်..) သတင်းကြားပြီး နှစ်လလောက်အတွင်းမှာ တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တာ တွေ့ရပါ တယ်။
ဒါပေမယ့် ဗြတ်စာ ကြာကြာ ဝမ်းမသာ ရပါဘူးခင်ဗျ။ ဘာလို့ဆို မီးပွိုင့်တပ်ဆင် ပြီး စမ်းသပ်တဲ့နေ့တင်ပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒီကိစ္စဟာ ဝေဖန်မှု တွေနဲ့အတူ ပွက်လော ရိုက်သွားပါသဗျ။
လူထုထောက်ပြတာကတော့ မီးပွိုင့် က ဘက်မှား တပ်ထားတယ်ပေါ့။ လက်ဝဲ ဘက် ယာဉ်ကြောကနေ မောင်းလာ နေသူတွေကို အချက်ပြမယ့် မီးပွိုင့်ကို လက်ယာဘက်မှာ တပ်ထားတာမျိုးပါ။

ဗြတ်စာလည်း မီးပွိုင့်တပ်ဆင် ထားပုံကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခုလို နေသလိုလို ခံစားရပါတယ် ခင်ဗျ။ ဗြတ်စာ ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တော့ တိတိကျကျတော့ မပြောတတ်ပါဘူး။ မြို့ပြစီမံကိန်း ကျွမ်းကျင်သူတွေTraffic Control ကျွမ်းကျင်သူတွေတော့ မြင်တာ နဲ့တင်သိနိုင်တယ်ခင်ဗျ။

အခုတော့ အဲဒီမီးပွိုင့်တွေကို ဖြုတ် သိမ်းထားပါတယ်။ ပြန်ပြင်မှာလား ဘာလားတော့ ဗြတ်စာလည်း မသိဘူး ခင်ဗျ။
ဒီမီးပွိုင့်ကိစ္စနဲ့ ပတ်သက်ပြီး ဗြတ်စာ ပြောရရင်”မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ”ဆိုတာမျိုးကြီး ခင်ဗျ။
ရှေ့ကလည်း သာဓကတွေ ရှိခဲ့တာ ကိုး။ ဝန်ကြီးအိမ်ရာဘေး ဆန်းချီချောင်း ကနေ ထားဝယ်မြစ်ထဲစီးတဲ့ ချောင်း တစ်လျှောက် ရေကာတံတိုင်းဆောက် တုန်းကလည်း အလွဲလွဲအချော်ချော် တွေဖြစ်၊ နောက်တော့ ရေတိုက်စားလို့ ပျက်စီး၊ ဘဏ္ဍာငွေကြေး အဟောသိကံ ဖြစ်ခဲ့တဲ့ ပူပူနွေးနွေး သာဓကတွေက လည်း “မည်သို့မည်ပုံ လုပ်လိုက်သည် မသိ”ဆိုတာမျိုးပဲ မဟုတ်လားခင်ဗျ။

အဲလိုတွေ တွေ့ရဖန်များတော့ ဗြတ်စာလည်း မယုံရဲဘူးခင်ဗျ။
ပြန်လည် သုံးသပ်ပြင်ဆင်တာကို တော့ ကြိုဆိုပါသဗျ။ သို့သော် . . ဗြတ်စာတို့ တစ်ဘက်မှာ စဉ်းစားရမှာက နိုင်ငံ့ဘဏ္ဍာငွေ ခင်ဗျ။ နိုင်ငံ့ဘဏ္ဍာငွေ။
ဖျက်လိုက်၊ ပြင်လိုက်နဲ့ဆိုတော့ ဘဏ္ဍာငွေကလည်း အလေအလွင့်ဖြစ် ရတာ နှမြောစရာ ကောင်းလှပါသဗျ။ ပြင်လိုက် လို့ အိတ်ထဲစိုက်လျော်ပါ့မယ်လို့ ပြီးစလွယ်တော့ မပြောစေချင်ဘူးခင်ဗျ။ ဗြတ်စာတို့ မြင်ချင်တာက လုပ်ငန်းတစ်ခု ကို စနစ်တကျနဲ့ တိုင်းတာ တွက်ချက်၊ သုတေသနလုပ်၊ စစ်တမ်းကောက်၊ ပုံစံထုတ်၊ စမ်းသပ်ပြီးမှ တိကျခိုင်မာတဲ့ တည်ဆောက်မှုတစ်ခုကို ဖြစ်စေချင် တာပါ။ အပေါ်ယံ ဟန်ပြ သဘောမျိုး လုပ်တာမျိုးကိုတော့ ထိန်းစေချင်ပါတယ် ခင်ဗျ။

ပြန်တွေးကြည့်ရင် ဗြတ်စာတို့ ထားဝယ်မြို့ပေါ်မှာ မီးပွိုင့်နဲ့ပတ်သက်လို့ ဘဏ္ဍာငွေတွေ အတော်များများ အလေ အလွင့် ရှိနေသလားလို့တောင် ထင်ရပါ တယ်။ မီးပွိုင့်နဲ့အတူ တပ်ဆင်ထားတဲ့ CCTV စနစ်တွေ တကယ်မှ အလုပ် လုပ်ရဲ့လားလို့တောင် တွေးလာရပါသဗျ။ CCTVကနဦး တပ်ဆင်စတုန်းကဆို လမ်းဆုံကြီး ပွိုင့်မှာ အခိုးခံရတဲ့အထိ ဖြစ်ခဲ့တာကို အမှတ်ရဦးမယ် ထင်ပါ သဗျ။ ဒါကြောင့် မီးပွိုင့်နဲ့ဆက်စပ်ကိစ္စ တွေမှာ ဘဏ္ဍာငွေ အလေအလွင့် အတော် များတယ်လို့ ထောက်ပြလိုခြင်း ဖြစ်ပါဗျ။

မီးပွိုင့်အချက်ပြ စနစ်တွေရဲ့ နည်းပညာ ပိုင်းဆိုင်ရာနဲ့ အရည်အသွေး ကလည်း ထောက်ပြစရာတွေ ရှိသေးတယ် ခင်ဗျ။ မီးအရောင်မှိန်တာ၊ မီးဝါ၊မီးစိမ်း တစ်ပြိုင်တည်း လင်းနေတာ၊ မီးပွိုင့်အဝါ နှင့် အစိမ်း အရောင်မကွဲတာ၊ မီးပွိုင့် အချက်ပြ အကူးအပြောင်း မူမမှန်ဖြစ်နေ တာတွေက ပေါ့စေလိုလို့ ဆေးထိုးမှလေး ဆိုသလို ယာဉ်တိုက်မှု လျော့အောင်လုပ်ပါ မှ ယာဉ်တိုက်မှုဖြစ်မည့် အခြေအနေမျိုး ဖြစ်နေတာ သတိပြုမိပါတယ်ဗျ။ ဒါကြောင့် အရည် အသွေးရှိတဲ့ အကောင်အထည်ဖော် လုပ်ဆောင်မှုမျိုးကို ဖြစ်စေချင်ပါတယ်။ “အဖြစ်”သက်သက်လုပ်တဲ့ခေတ်ကို မနှစ်သက်လို့ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းဖို့ ဗြတ်စာတို့ပြည်သူတွေ အားခဲထားတာမို့ ” အခွန်စားဝန်ထမ်း”တွေဘက်ကလည်း အလုပ်ကို ပီပီပြင် ပြင် လုပ်ပြဖို့ လိုပါမယ်ခင်ဗျ။

ကဲ..ဗြတ်စာလေကြော သိမ်းပါရ စေခင်ဗျ။ မီးပွိုင့်ကိစ္စတစ်ခုတည်း တင် မက…။ နောက်အကောင်အထည်ဖော်ကြ မယ့် ကိစ္စတွေမှာလည်း ဘဏ္ဍာငွေ အလေ အလွင့်နည်းရအောင် နယ်ပယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တိုင်ပင်၊ ပြည်သူကို ပွင့်ပွင့်လင်းလင်း တင်ပြသင့် တာ (ချပြတယ်လို့ မသုံးကြစေလိုပါ။) ရေတိုသာခံမယ့် ဟန်ပြမဟုတ်ဘဲ အရည်အသွေးကောင်းတဲ့ စီမံကိန်းကြီး ငယ်တွေ လုပ်ကြပါစေကြောင်း အခွန် ထမ်းပြည်သူတစ်ဦးဖြစ်တဲ့ ဗြတ်စာက အခွန်စားဝန်ထမ်းများကို တိုက်တွန်း လိုက်ပါရစေဗျား။