ဖက်စိမ်းရနံ့ နှင့်လတ်စတစ် ယဉ်ကျေးမှု

0
674

လွန်ခဲ့တဲ့ ရက်သတ္တတစ်ပတ်တုန်း က သူငယ်ချင်းဝယ်လာပေးတဲ့ ခေါက် ဆွဲကြော် စားဖြစ်တယ်။ ဖော့ဘူး ဖြူဖြူ လေးနဲ့ပါ။
ပူပူနွေးနွေးခေါက်ဆွဲကြော်ကို ဖော့ ဘူးနဲ့ ထည့်လာတယ်ဆိုတော့ စိတ်ထဲမှာ စနိုးစနောင့် ဖြစ်ခဲ့ရတယ်။ ဘေးထွက် ဆိုးကျိုးရှိတာကို စာဖတ်လို့ သိခဲ့ပြီး သား။ ဒါပေမဲ့ တစ်ခါတလေမို့ စားဖြစ် ခဲ့တယ်။ ခေတ်ကာလပြောင်းလဲလာ တော့လည်း သူ့ဆီက ထွက်လာခဲ့တဲ့ ရနံ့ ကို မနှစ်သက်။ ဟိုအဝေးနှစ်ကာလ တွေက ရင်နှီးခဲ့ဘူးတဲ့ ဖက်စိမ်းရနံ့ကို ကျွန်တော် လွမ်းမိတယ်။

ငယ်ငယ်တုန်းက ခေါက်ဆွဲကြော် စားချင်ရင် တရုတ်ဆိုင်မှာပဲ ရနိုင်တယ်။ ထားဝယ်လမ်းဆုံကြီးတစ်ဝိုက်က ရင် ဂွမ်ဆိုင်၊ အကောက်ဆိုင်၊ တရုတ်မဆိုင်၊ ကြက်လျှာဆိုင်တွေမှာ ဝယ်စားကြတယ်။ အိမ်အတွက် ပါဆယ်ဝယ်သွားတယ်ဆိုရင် ခေါက်ဆွဲကြော်နဲ့ အချဉ်ထုပ်ကို ဖက် စိမ်းရွက်နဲ့ထုပ် သင်အူကြိုးနဲ့ ချည်နှောင် ပေးလိုက်တယ်ပေါ့။ တွဲတွဲလေးဆွဲသွား ရုံပါပဲ။ ၁၂ မျိုးကြော်ပဲဝယ်ဝယ်၊ ချိုချဉ် ကြော်ပဲ ဝယ်ဝယ် ဝက်သားကင်ပဲ ဝယ် ဝယ် ၊ ဖက်စိမ်းရွက်နဲ့သာ ထုပ်ပိုးခဲ့ကြ တယ်။ အထုပ်ကို ကြိုးဖြေလိုက်တဲ့အခါ ဖက်စိမ်းရနံ့က မွှေးသင်းလို့ရယ်။ စားချင် စဖွယ်ပေါ့။

ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ငချိတ်ပေါင်းလို လက်လုပ်မုန့်တွေ ဝယ်တဲ့အခါလည်း ဖက်စိမ်းနဲ့ထုပ်တာ ပါပဲ။ သားငါးဝယ်တဲ့အခါလည်း ဒီလိုပါပဲ။
ထားဝယ်လို ဖက်စိမ်းကို ရစ်ဖတ်လို့ ခေါ်တယ်။ အဖိုအမ ရှိတယ်။ ဖက်ထီး ခေါ်တဲ့အရွက်က အလျားရှည်ပြီး နည်း နည်း ကြီးတယ်။ ရစ်ဖတ်မဆိုတဲ့အရွက်က ဘဲဥပုံလိုပေါ့။ ရစ်ဖတ်မကို မုန့်ထုပ်တဲ့ နေရာမှာ သုံးလေ့ရှိတယ်။ ငှက်ပျောဖက် ကိုလည်း သုံးကြပါတယ်။ အထက် အရပ်မှာလို အင်ဖက်ကို သုံးစွဲထုပ်ပိုးလေ့ မရှိကြပါဘူး။

ဖက်စိမ်းက တောထဲမှာ အလေ့ကျ ပေါက်တဲ့အပင်ဖြစ်တယ်။ နွေနွေမိုးမိုး ဖက်စိမ်းက ပြတ်လပ်မသွားခဲ့ဘူး။ အများဆုံးထွက်တာက ထားဝယ် အရှေ့တော ဘက်ကပေါ့။ ထားဝယ် ဈေးကြီးထဲမှာ ဖက်စိမ်းအဝယ်ဒိုင်တွေ ရှိတယ်။ လက်လီပြန်ပြီးရောင်းကြတယ်။ မြို့ထဲမှာလည်း ပေါက်ရောက်တယ်။ နည်းတာပေါ့။ ဘုန်းကြီးကျောင်း ဝင်းတွေမှာ တွေ့ရတာများ တတ်ပါတယ်။ တချိန်တုန်းက စားစရာတွေ ထုပ်ပိုး တဲ့အခါ မရှိမဖြစ် လိုအပ်တာက ဖက်စိမ်း ရွက်ပဲ ဖြစ်တယ်။ ပလတ်စတစ် ယဉ် ကျေးမှု ထွန်းကားဆဲကာလမှာတော့ ဖက်စိမ်းရွက်တွေဟာ နယ်ဘက်မှာသာ တချို့တလေသုံးကြပြီး မျက်နှာငယ် ရရှာတယ်။ ပလပ်စတစ် အိတ်၊ ကြွတ် ကြွတ်အိတ်မသုံးရင် ခေတ်မမီသလို ခံစားရတာ များလာတော့ မပြောတတ် ပါဘူး။

မနေ့တုန်းက တူမလေးက မုန့်လုံး ရေပေါ်ဝယ်လာတယ်။ ကြွတ်ကြွတ်အိတ် လေးနဲ့ ဆွဲလာတယ်ပေါ့ ။ အိတ်ထဲက မုန့်လုံးရေပေါ်ကို တုတ်တံလေးနဲ့ ခက် ခက်ခဲခဲထိုးစားနေရှာလေရဲ့။ သဘာဝနဲ့ ဖီလာကန့်လန့် ဖြစ်နေသလိုပဲလေ။ မုန့် လုံးရေပေါ်ကို ပိန္နဲရွက်ထဲ ထည့်ရောင်း တာကို သဘာဝကျတယ်လို့ ထင်မိတယ်။ နှစ်ရွက်ယှက်မှ တစ်ခွက်မည်တဲ့ ပိန္နဲရွက် ခွက်ကလေးတွေကဖြင့် ပျောက်ကွယ်စပြု လာပါပြီ။ ပိန္နဲခွက်လေးထဲက မုန့်လုံး ရေပေါ် ဖြူဖြူလုံးလေးတွေကမှ စားချင် စဖွယ် ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက အဖွားက အိမ်မှာ မုန့်ဖက်ထုပ်တွေလုပ်ပြီး ဖောက်သယ်ပေး ခဲ့တယ်။ ငှက်ပျောသီး၊ ထန်းသီးမှည့်၊ ပဲစေ့၊ ပုလောပီနံဥတွေနဲ့ပေါ့။ ရင်ဂန်း ရွက်၊ ငှက်ပျောရွက်၊ ဖက်စိမ်းရွက်တွေနဲ့ သင့်ရာသင့်ရာ သုံးခဲ့တယ်။ ဖက်စိမ်းနံ့ သင်းလို့ စားချင်စဖွယ်။
ဒီနေ့ မုန့်ဖက်ထုပ်ကိုတော့ ပလတ် စတစ်အိတ်လေးတွေနဲ့ ဖြစ်သလို ပေါင်း ခံထားတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေ မှာ ကောက်ညှင်းထုပ်၊ ကောက်ညှင်းကင် မုန့်တဲပေါင်း၊ ခဲလံ ကျည်တောက်တွေကို တော့ဖြင့်၊ ရင်ဂန်းရွက်၊ ဝါးရွက်၊ ငှက် ပျောရွက်၊ ဓနိရွက်၊ ဝါးတွေနဲ့ပဲ ရိုးရာ မပျက် ဆက်လုပ်နေကြတာ တွေ့ရတော့ ကြည်နူးပီတိ ဖြစ်ရပြန်ပါတယ်။

မဆလအစိုးရလက်ထက်၊ မှောင်ခို ခေတ်ထဲမှာ ကြွတ်ကြွတ်အိတ်ကို ထိုင်း ကနေပြီး သယ်လာကြတယ်။ နို့ဆီ ၁၀ လုံးရဲ့ အလေးချိန်ခံနိုင်ပြီး လက်နဲ့ဆွဲသွား လို့ရတယ်။ ဆိုက်စုံ ဝင်လာတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ပလတ်စတစ်ယဉ်ကျေးမှုရဲ့ ကနဦးပိုင်ပေါ့။
နောက်တော့ ရေသန့်ဘူး၊ အချိုရည် ဘူး၊ ဆေးဘူးတွေ၊ ဖော့ဘူးတွေကအစ၊ ပလတ်စတစ်ပစ္စည်းတွေ တွင်ကျယ်လာခဲ့ တယ်။ ငယ်စဉ်တုန်းက ပြည်သူဆိုင် (ပပက)၊ သမဝါယဆိုင်တွေက ထုတ်ပေး တဲ့ ထီးရွက်တွေမှာပဲ နိုင်လွန်ပလတ်စတစ် ကို တွေ့ဘူးတယ်။ တချို့မှတ်မိကြဦးမှာ ပါ။ နေပူရင် ကျုံ့ပြီး မိုးရွာရင် ပြန့်ကား သွားတဲ့ ထီးရွက်တွေလေ။ လူသုံးများလာ တော့ သစ်ထီးရိုးနဲ့ ဖဲထီးရွက်ခေတ်ဟာ ကုန်ဆုံးသွားခဲ့ရတယ်။

မိုးရေထဲမှာ ခုံဖိနပ်စီးတဲ့ခေတ် ပျောက်ပြီး ရော်ဘာဖိနပ်ခေတ်ရောက်သွား တယ်။ ပလတ်စတစ်ခေတ် မရောက်သေး ခင်တုန်းက နံပြား၊ ပလာတာ၊ ချာပါတီ တွေဝယ်ရင် စက္ကူနဲ့ ထုပ်ပေးတယ်။ သတင်းစာဟောင်းတွေကို ဝယ်သူ ရှိတယ်။ အဝတ်အစားအသုံးအဆောင် ပစ္စည်းတွေ ဝယ်ရင်လည်း စက္ကူအိတ် ညိုနဲ့ ထည့်ပေးတယ်။
ဒီခေတ်တုန်းက အမှိုက်မပေါသေး ဘူး။ မိုးရေထဲမှာ သစ်ရွက်တွေ ဆွေး သွားရင် သစ်စိမ်းမြေဩဇာပြန်ဖြစ်တယ်။ မီးရှို့ရင် ပြာက အပင်တွေကို ပြန်ပြီး အကျိုးပြုတယ်။

ဂျပန်က စစ်လျော်ကြေး ပေးတဲ့ကာ လတုန်းက စားစရာတွေကို သံဖြူနဲ့ပဲ လုပ်ထားတာ တွေ့ရတယ်။ ပလပ်စတစ် ကို မသုံးသေးဘူး။ ကော်ပတ်ရုပ် (ဘိုမရုပ်)ကလွဲရင်ပေါ့။
၂၁ရာစုမဝင်ခင်၊ ဆယ်စုနှစ် နှစ်စု လောက်ကတည်းက ပလတ်စတစ်ယဉ် ကျေးမှု ခေတ်စားလာတယ်လို့ ဆိုရမယ်။ လူ့အသုံးအဆောင်တိုင်းမှာ ပလတ်စ တစ်တွေက နေရာယူလာတယ်။ သစ်သား ခွေးခြေတောင်မှ မတွေ့ရတော့ဘူး။ တောလည်းပြောင်း တောင်လည်းပြုန်း နေမှကိုး။ ခုံဖိနပ်တောင်မှ ပြတိုက်ထဲမှာ ထားရမလို ဖြစ်လာတယ်။ ကြိမ်ဆွဲခြင်း လေးတွေနဲ့ ဈေးဝယ်တဲ့ခေတ်ကို ပြန်ပြီး မြင်နေမိဆဲပေါ့။

စားတော်ပဲဝယ်လည်း ကြွတ်ကြွတ် အိတ်နဲ့ထည့်ပေးတယ်။ မုန့်ဟင်းခါး ဝယ်လည်း ဒီလိုပဲ။ ဖယောင်းတိုင်ထုတ် ဝယ်လည်း ဒီအတိုင်းပဲ နေရာတကာ ကြွတ်ကြွတ်အိတ်ပဲပေးနေတော့ အမှိုက် ရှုပ်လွန်းလို့ မပေးပါနဲ့လို့ ပြောယူရ တယ်။ မန္တလေးမှာ ကြွတ်ကြွတ်အိတ် အစား ပလတ်စတစ်အိတ်ကို သုံးကြတယ် လို့ တစ်ခါ ကြားလိုက်ရတယ်။ ကြွတ် ကြွတ်အိတ်မသုံးဖို့ ကန့်ကွက်နေကြတာ လည်း သိတယ်။ ဒါပေမဲ့ မလိုက်နာကြ တော့ ဒီနေ့အထိ ကြွတ်ကြွတ်အိတ်တွေက ပန်းပန်လျက်ပါပဲ။

ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဖော့ဘူးခွံ၊ ကြွတ်ကြွတ်အိတ်နဲ့ ပလပ်စတစ် အမှိုက်တွေ တစ်နေ့တခြား ပေါများ လာတယ်။ ချောင်းတွေ မြောင်းတွေလည်း ပိတ်ဆို့ကုန်ပြီ။ မီးရှို့ပြန်တော့ ကမ္ဘာကြီး ပူနွေးလာမယ်။ ညှော်နံ့ကြာင့် ရောဂါ ဖြစ်မယ်။ ဘေးထွက်ဆိုးကျိုး ရှိတယ်။
ဒီတော့ အမှိုက်ကိစ္စကို ဘယ်လိုရှင်း မလဲ။ လူကြီးတွေမသိရင် အနာဂါတ်ကို ဦးဆောင်မယ့်ကလေးတွေ သိနားလည် အောင် ဟောပြောပေးရင် ကျောင်းသုံး စာအုပ်များ ပြဋ္ဌာန်းပေးရင် သင့်တော် မလားပေါ့။

ရပ်ကွက်ဈေးထဲမှာ ပုစွန်ချဉ်သွား ဝယ်တယ်။ ဖက်စိမ်းနဲ့ ထုပ်ပေးလိုက် တယ်။ တချို့က သုံးမြဲသုံးဆဲပါလားလို့ ကျေနပ်မိတယ်။
ဖက်စိမ်းရွက်ရနံ့ကို လွမ်းမိပါတယ်။