ထီးခီးလမ်း အတွင်းဒဏ်

0
522

ဇူလိုင်မိုးသည် သည်းသည်းမည်း မည်း ရွာနေ၏။ လေပြင်းတို့ပါ တဝေါ ဝေါ တိုက်ခတ်လျက်ရှိသဖြင့် လောက သည် အေးစက်လျက် ရှိသည်။
ကလစ်ကြီးရွာ၊ ထိုင်းနိုင်ငံ- ကန်ချ နဘူရီမှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသို့ ဆက်သွယ်ဖောက်လုပ်မည့် နယ်စပ်ဖြတ်ကျော်လမ်းမကြီး၏ လမ်းအူ ကြောင်းတစ်နေရာ။ ဒေါ်ဖြူနု (အမည်လွှဲ)သည် အငြိုးတကြီး ရွာနေသည့် မိုးသီး မိုးပေါက်တို့ကို အန်တုကာ ရွာသားများ စည်းဝေးတိုင်ပင်မည့်နေရာသို့ ဖြည်း ဖြည်း လျှောက်လှမ်း လာနေသည်။ သူမ ၏ ဒူးအောက်ပိုင်းတစ်ခုလုံး မိုးရေတို့ ရွှဲရွှဲစို။ ဒေါ်ဖြူနု လက်ထဲတွင် ကားဖျင် ပိုက်ဆံအိတ်ငယ်ထဲ ထည့်ယူလာသည့် စာရွက်စာတမ်းတချို့ကို သူမ၏သေး သွယ်လှသော လက်တို့ဖြင့် ကျစ်ကျစ် ပါအောင်ဆုပ်လျက်။

“ITD ကို ကျွန်မ လုံးဝမကျေနပ် နိုင်ဘူး၊ ကျွန်မခြံထဲကို အတင်းဝင်လာပြီး အပင်တွေကို သူတို့ဘာသာ ရေတယ်၊ မြေကြီးကို သူတို့ဘာသာ တိုင်းတယ်၊ ပြီးတော့ ကျွန်မကို ပြောသွားတာက ခင်ဗျား ဒီမြေပေါ်မှာ ဘာမှဆက်စိုက် လို့မရတော့ဘူးတဲ့၊ နောက်သိပ်မကြာခင် သူတို့ရုံးခန်းကိုခေါ်ပြီး ကျွန်မကို လျှော် ကြေးဆိုပြီး ပေးတယ်၊ ကျွန်မနဲ့ ဘာမှ ညှိုနှိုင်းမှု မရှိဘဲနဲ့ တဖက်သတ်လုပ်သွား ကြတာ”

ထိုင်းနိုင်ငံ-ကန်ချနဘူရီမှ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းသို့ ဆက် သွယ်ဖောက်လုပ်မည့် နယ်စပ်ဖြတ်ကျော် လမ်းမကြီး၏ လမ်းအူကြောင်းကို ၂၀၁၀နှင့် ၂၀၁၃ခုနှစ် အတောအတွင်း ကာလများအတွင်း ထိုင်းနိုင်ငံအခြေစိုက်Italian Thai Development – ITD   ကုမ္ပဏီမှ စတင်ဖောက်လုပ်ခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းများကို လုပ်ကိုင်ခွင့်ရရှိခဲ့သော ITD ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ် ခဲ့သည့် အဆိုပါ လမ်းအူကြောင်းကြောင့် ဒေသခံဌာနေ တိုင်းရင်းသားတို့၏ လူမှု ဘ၀များ များစွာထိခိုက်ခဲ့ရသည်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများလည်း အကြီး အကျယ် ဖြစ်ခဲ့သည်။
ဒေါ်ဖြူနုသည် သူမလက်ထဲရှိ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော စာရွက်စာတမ်းတချို့ကို ထုတ်ပြ၏။ Road Link to Thailand (ထိုင်းနိုင်ငံသို့ ဆက်သွယ်မည့်လမ်း)၊ ဒေါ်ဖြူနုအမည်၊ မြေ ၅.၂၆ ဧကနှင့် ပေးလျှော်မည့် ငွေ ပမာဏတို့ကို ဖော်ပြထားသည့် စာရွက် အဖြူကလေး တစ်ရွက်။

“သူတို့က ရှမ်းလို (ထိုင်းစကား) တွေပဲ ပြောနေတာ၊ ဘာသာပြန်ကို မေးတော့လည်း သေချာမရှင်းပြဘူး၊ ပြီးတော့ အဲဒါ မြေလျော်ကြေးဆိုပြီး ပြောတာပဲ”ဟု ဒေါ်ဖြူနုက ဆက်ပြောသည်။
မိရိုးဖလာ စိုက်ပျိုးရေးနှင့် သစ်တော ကို အမှီသဟဲပြုကာ အသက်မွေးဝမ်း ကြောင်း ပြုလုပ်နေထိုင်သည့် ဌာနေ တိုင်းရင်းသားတို့ကား ၎င်းတို့သည် စီမံ ကိန်းများကို ကန့်ကွက်နေကြခြင်းမဟုတ်၊ ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်ပြော ဆိုနေခြင်းသာ ဖြစ်သည်ဟု ရင်ဖွင့်သည်။

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စီမံကိန်းတွေ လုပ်တာလုပ်ပါ။ ကျွန်တော်တို့ ဘာမျှမပြောလိုပါဘူး၊ ဒါပေမယ့် စီမံကိန်းတွေလုပ်လို့ ဆုံးရှုံး သွားတဲ့၊ ထပ်ပြီးဆုံးရှုံးရဦးမယ့် ကျွန်တော် တို့ရဲ့ လူမှုဘ၀နဲ့ အသက်မွေးဝမ်းကြောင်း ရေးအတွက် ဘယ်သူက တာဝန်ယူပေး မလဲဆိုတာကို ကျွန်တော်တို့ ရှင်းရှင်း လင်းလင်းသိဖို့ လိုပါတယ်။ ကျွန်တော် တို့ကို ပြောပါ”ဟု ကထောင်းနီကျေးရွာမှ ကရင်တိုင်းရင်းသား တစ်ဦးက ဆိုသည်။

ITD ကုမ္ပဏီမှ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ် နှောင်းပိုင်းကာလများအတွင်း မြေ ပြင်လုပ်ငန်း အကောင်အထည်ဖော်မှုများ အတွက် ဒေသခံလူထုကို အသိပေးခြင်း မပြုလုပ်ခဲ့ပေ။ ကရင်အမျိုးသားအစည်း အရုံး- KNU နှင့် ဗဟိုအစိုးရ နှစ်ရပ် စလုံးတို့၏ အုပ်ချုပ်မှုအောက်တွင်ရှိ သော ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရှိ တနင်္သာရီသစ်တောများအတွင်းမှ ဒေသခံတိုင်းရင်းသားတို့သည် စီမံကိန်း အကောင်အထည်ဖော်သူ ITD ကုမ္ပဏီမှ ဝန်ထမ်းများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရပြီး ရွာသူရွာသား အများစုမှာ ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုအတွက် ညှိနှိုင်းသည့်ဖြစ်စဉ်များတွင် အခက်အခဲ များစွာ ကြုံခဲ့ရကြောင်း တညီတညွတ် တည်း ပြောဆိုကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ၂၀၁၃ ခုနှစ် အတွင်း ITD ကုမ္ပဏီ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ယခု ၅ နှစ်ကြာသည့် ကာလတိုင်အောင် ၎င်းတို့ကြောင့် ဖြစ်ခဲ့ သည့် ပြဿနာများကို အစိုးရသော် လည်းကောင်း၊ ITD ကုမ္ပဏီမှသော်လည်း ကောင်း တာဝန်ယူဖြေရှင်းမည့်အသံ စိုးစဉ်မျှ မကြားမိရသေး။ ဒေသခံတို့ကား လူမှုဒုက္ခများကို ခါးစည်းခံနေကြရဆဲပင် ဖြစ်သည်။
ယနေ့အချိန်တွင် ထားဝယ်အထူးစီး ပွားရေးဇုန်စီမံကိန်းနှင့် ဆက်စပ်စီမံကိန်း တစ်ခုဖြစ်သည့် ကန်ချနဘူရီ-ထားဝယ် ရေနက်ဆိပ်ကမ်းလမ်းကို နှစ်လမ်းသွား အဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် အစိုးရက စိုင်းပြင်းလျက် ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံ အစိုးရထံမှ ထိုင်းဘတ်ငွေ ၄.၅ သန်း ချေးယူမည့်အစီအစဉ်ကို ပြီးခဲ့သည့် မတ်လအတွင်းက ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လိုက်ကြပြီး ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ကျော် ကန့်ကွက်ခဲ့ကြသော် လည်း အဆိုပါချေးငွေကို ချေးယူရန် မဲများ သဖြင့်အဆိုမှာ အတည်ဖြစ်သွားခဲ့ပြီး လည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအောက်ရှိ ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ချက်အစီရင်ခံစာEnvironmental Impact Assessment – EIA  လုပ်ထုံး လုပ်နည်းအရ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းအတွက် စီမံကိန်းအားလုံးကို ခြုံငုံမိသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်း စစ်ချက်အစီရင်ခံစာ Site-wide EIA  ကို ပြုလုပ်ရန်လိုပါသည်။ အဆိုပါ ဥပဒေအရ Site-wide EIA   ပြုလုပ်ပြီး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနထံ မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက် မှတ် -Environmental Compliance Certificate – ECC  ကို ရရှိပြီးမှသာ လျှင် စီမံကိန်းအကောင်အထည်ဖော်မှု လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်ပါမစ် ကို ထုတ်ပေးရမည်ဟု ဖော်ပြထားသည်။

၂၀၁၆ ဖေဖော်ဝါရီလနှင့်မတ်လများ အတွင်းကမူ အဆိုပါလမ်းစီမံကိန်း အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘ၀ ထိခိုက်မှုဆန်းစစ်ချက်များ ပြုလုပ် နိုင်ရန်အတွက် လူထုတွေ့ဆုံပွဲများကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံပွဲ များ ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ လူထုတွေ့ဆုံပွဲများ ပြုလုပ်သည့်ဖြစ်စဉ် သည် လူထုကို ကြိုတင်အသိပေး သဘောတူညီချက်ရယူခြင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက် အလက် များကို ဒေသခံများသို့ ကြိုတင်အသိ ပေးထားခြင်း အစရှိသည့် စီမံကိန်း အကောင်အထည်ဖော်သူများဘက်မှ လိုက်နာရမည့် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း မရှိခဲ့ပေ။

ဒေသခံများမှ လူထုတွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်များကို အစီရင်ခံစာ အကြမ်းရေးသားပြီးပါက ၎င်းတို့ကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးရန် တောင်း ဆိုခဲ့သော်လည်း စီမံကိန်းအကောင် အထည်ဖော်သူများမှ ဆောင်ရွက်ပေး ခဲ့ခြင်းမရှိဟုလည်း သိရှိရသည်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ဒေသခံဌာနေ တိုင်းရင်းသားများမှ အဆိုပါနယ်စပ် ဖြတ်ကျော် လမ်းစီမံကိန်းနှင့် ပတ်သက် သည့် ပတ်ဝန်းကျင်ဆန်းစစ်ချက် အစီ ရင်ခံစာသည် ၂၀၁၅ ခုနှစ် EIA  လုပ်ထုံး လုပ်နည်းများနှင့် ဆန့်ကျင်နေသဖြင့် အဆိုပါ အစီရင်ခံစာ ရေးသားပြုစုသည့် နည်းပညာကုမ္ပဏီ အပါအဝင် အစိုးရနှင့် သက်ဆိုင်ရာဌာနများထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့သော်လည်း အကြောင်း တစ်စုံ တရာ ပြန်ကြားခဲ့ခြင်းလည်း မရှိပါ။ ဒေသခံများကား အစိုးရနှင့် တာဝန်ရှိ သူများထံမှ စီမံကိန်းဆက်လက် အကောင်အထည် ဖော်သွားမည်ဆိုသည့် ပြောဆိုမှုများကိုသာ ဆက်တိုက်ကြား နေရပြီး ၎င်းတို့၏ထိခိုက်နစ်နာခဲ့ရမှု များအတွက် မည်သူက တာဝန်ယူဖြေ ရှင်းပေးမည်ဆိုသည့် ပြောဆိုမှု တစ်စုံ တစ်ရာကို မရရှိခဲ့။

မြန်မာအစိုးရဘက်ကမူ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင် ရွက်ရေး အေဂျင်စီJapan International Cooperation Agency – JICA  မှ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ဆက်စပ်စီမံကိန်းများ၊ တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးကို ခြုံငုံမိသည့် ဖွံ့ဖြိုးရေးစီမံ ကိန်း Master Plan  ကို ရေးဆွဲနေ ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆို လျက်ရှိသည်။ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း စတင်ရေးဆွဲခဲ့သည့် အဆိုပါ JICA Master Plan  သည် ယခုနှစ် ဇူလိုင်လ အတွင်းက ဂျပန်၊ ထိုင်းနှင့် မြန်မာအစိုးရ သုံးရပ်ထံသို့ ပေးပို့ထားပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖတ်ရှု ဆန်း စစ်လျက်ရှိကြောင်း သိရှိရသည်။

ဂျပန်နှင့် ထိုင်းနိုင်ငံမှ ရောက်ရှိလာ သည့်သတင်းများအရ လက်ရှိ ကန်ချန ဘူရီ-ထားဝယ်အထူးစီးပွားရေး ဇုန်လမ်း ဒီဇိုင်းသည် တည်ဆောက်ရန်မဖြစ်နိုင်ဘဲ လမ်းအူကြောင်း၏ နေရာအတော်များများ အပါအဝင် ဒီဇိုင်းတစ်ခုလုံးကို ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်းနှင့် ထိုသို့ ရေးဆွဲရန်အတွက် အချိန် ၈ လခန့်ကြာ မြင့်နိုင်ကြောင်းလည်း ဆိုသည်။
အကယ်၍သာ အထက်ပါအတိုင်း လမ်းအူကြောင်း ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်မည်ဆိုပါက ဥပဒေ ကြောင်းအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်ကို အသစ်ပြန်လည်ရေးဆွဲရမည် ဖြစ်သည်။ ထို့အပြင် ပြင်ဆင်ရေးဆွဲပြီး အသစ်ထွက် ရှိလာမည့် ဒီဇိုင်းအသစ်ဖြင့် တည်ဆောက် မည့် လမ်းတစ်လျှောက်ရှိ ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို မည်သူက တာဝန် ယူ မည်ဆိုသည်ဆို ရှင်းရှင်းလင်းလင်း ဖော်ပြထားရမည်လည်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ကား ITD ကုမ္ပဏီမှ ဖောက်လုပ်ထားပြီးဖြစ်သည့် လက်ရှိ လမ်းအူကြောင်း တစ်လျှောက်ရှိ ရှိရင်း စွဲဖြစ်ပြီးသား ထိခိုက်နစ်နာမှုများကို မည်သူက တာဝန်ယူမည်ဆိုသည့် မေးခွန်း ဖြစ်သည်။

အဆိုပါ လမ်းအတွက် ချေးယူမည့် ထိုင်းဘတ်ငွေ ၄.၅ သန်းသည် ဒီဇိုင်း ပြန်လည်မပြင်ဆင်ရသေးသည့် ရှိရင်းစွဲ လမ်းကို အဆင့်မြှင့်တင်ရန်အတွက် ချေးယူသည်ဟု နားလည်ပါသည်။ ယခု JICA   ၏ အကြံပြုချက်အရ လမ်းအူ ကြောင်းနှင့်ဒီဇိုင်းကို ပြန်လည်ပြင်ဆင် ရမည်ဆိုပါက ကုန်ကျစရိတ်များ ထပ်မံပို လာဦးမည်မှာ သေချာသလောက် ရှိနေ ပြန်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြစဉ်ကလည်း အထက်ပါ အကြောင်းကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့သည်ကို မတွေ့ရှိရပေ။ အကယ်၍သာ အစိုးရမှ ပြောဆိုနေသည့် အတိုင်း လာမည့်ပွင့်လင်းရာသီတွင်သာ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အထူးသဖြင့် ကန်ချနဘူရီ-ထားဝယ် အထူးစီးပွားရေး ဇုန်လမ်းကို ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာများ ရေးဆွဲအတည်မပြုရ သေးဘဲ အဆင့်မြှင့် တင်သွားမည်ဆိုပါက အစိုးရသည် မိမိချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်သွားပေလိမ့်မည်။

ဇူလိုင်မိုးသည် သည်းသည်းမည်း မည်းရွာနေဆဲပင် ဖြစ်သည်။ လေပြင်းတို့ တဝေါဝေါ တိုက်ခတ်လျက်ရှိသဖြင့် လောကသည် အေးစက်လျက်ရှိသည်။
ဒေါ်ဖြူနုသည် ရွာသူရွာသားများ ဆွေးနွေးပွဲမှ နယ်စပ်ဖြတ်ကျော်လမ်းမကြီး ဖြတ်သန်းဖောက်လုပ်ထားသည့် သူမ ခြံရှိရာသို့ လေးတွဲ့သော ခြေလှမ်းများဖြင့် ပြန်လည်လျှောက်လှမ်းလာနေသည်။ သူ မလက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကား သူမ၏မြေယာကို သူမသဘောဆန္ဒမပါဘဲ ပေးလျော်လိုက် သည့် အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ပြမထား သော စာရွက်စာတမ်းများ။