လမ်းအရှိန်လျှော့တုံးအချို့ အချိန်တိုအတွင်း ပျက်စီး

0
442

ထားဝယ်မြို့အတွင်း တပ်ဆင်ထား သော တစ်ခုလျှင် ကျပ်သုံးသိန်းကျော် ကုန်ကျသည့် လမ်းအရှိန်လျှော့တုံး အချို့ အချိန်ကိုးလအတွင်း ပျက်စီးခဲ့မှု အပေါ် မြို့နေပြည်သူအချို့က ပြောဆို ဝေဖန်မှုများ ရှိသည်။
လမ်းအရှိန်လျှော့တုံး ၂၁ ခုကို ငွေကျပ် ၆၉ သိန်း အကုန်အကျခံကာ ယမန်နှစ် အောက်တိုဘာလက စတင် တပ်ဆင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အနည်းဆုံး ၂ တုံးထက်မနည်း ပျက်စီး နေခြင်း ဖြစ်သည်။

လမ်းအရှိန်လျော့တုံးများ စတင် ဝယ်ယူစဉ်ကပင် အရည်အသွေးကောင်း သည့် ပစ္စည်းကိုရွေးချယ်ဝယ်ယူသင့် ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ဦး က ဆိုသည်။
“ဝယ်ကတည်းက တစ်ခုချင်း ခံနိုင် ရည်အားပေါ့၊ ဒီပစ္စည်းက ဘယ်နှတန် ခံနိုင်တယ်ပေါ့၊ အသုံးပြုတဲ့ပစ္စည်း အရည်အသွေးပေါ်မှာ မူတည်တာပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ပလတ်စတစ်ဖြင့် လုပ်ထားသည့် တရုတ်နိုင်ငံထုတ် အရှိန်လျှော့တုံးများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝယ်ယူတပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရှိန်လျှော့တုံးများကို ယာဉ်တိုက်မှု လျော့နည်းစေရန် ရည်ရွယ် ၍ ထားဝယ်မြို့အတွင်းရှိ လမ်းသွယ်များ ၏ လမ်းထိပ်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။

ယာဉ်သွားလာမှုများသည့် လမ်းရှိ အရှိန်လျှော့တုံးများ ပျက်စီးခဲ့ခြင်းဖြစ်ပြီး ပျက်စီးနေသည့်အပိုင်းများကို အသစ်လဲ လှယ်သွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ဆိုသည်။
“ဒီရော်ဘာတုံးတွေက တစ်သက် လုံး ခံတာမဟုတ်ဘူးလေ၊ အခြားမြို့ တွေမှာလည်း ပျက်တာပါပဲ”ဟု အမှု ဆောင်အရာရှိက ပြောသည်။

လက်ရှိတပ်ဆင်ထားသည့် လမ်း အရှိန်လျှော့တုံးများ အရည်အသွေးညံ့ သည်ဟု ပြောဆိုမှုရှိသကဲ့သို့ ၃ တန် အထက် ကားကြီးများ မြို့အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် အချိန်တိုအတွင်း ပျက်စီးခဲ့ရသည်ဟု ပြောဆိုမှုများလည်း ရှိသည်။
တပ်ဆင်ထားသည့် အရှိန်လျှော့တုံး များမပျက်စီးစေရန် မြို့အတွင်း ကုန် ကားကြီးများ မဝင်နိုင်စေရန် တာဝန်ရှိသူ များက ထိထိရောက်ရောက် အရေးယူ သင့်ကြောင်း ပြောဆိုမှုများလည်းရှိ သည်။