ရင်ခ ဝင်ကြသူများ

0
119

လယ်သမားတို့ လယ်ထဲဆင်းကြ လေပြီ။ လယ်ထဲဆင်းသူများထဲတွင် လယ်ပိုင်ရှင်တို့နှင့်အတူ အလုပ်သမား အဖြစ် အခကြေးငွေ ယူလိုက်ပါသူတို့ လည်း ပါဝင်သည်။
အခကြေးငွေယူ လယ်ထဲဆင်းသည့် လယ်လုပ်သမားများထဲတွင် နှစ်မျိုးကွဲပါ သည်။ နေ့စားနှင့် လယ်သူရင်းငှားတို့ ဖြစ်သည်။

လယ်သူရင်းငှားကို တနင်္သာရီတိုင်း တွင်းသားတို့ ခေါ်ကြတာက “ရင်ခ”။
နေ့စားလယ်သမားက ရှင်းသည်။ တစ်နေ့ဆင်းလျှင် တစ်နေ့အတွက်၊ တစ်ပတ်ဆင်းလျှင် တစ်ပတ်အတွက် လုပ်အားခရမည်။ လုပ်အားခကို သူ့လုပ်ရက်အတိုင်း ချက်ချင်းရှင်းလိုက် ရုံသာ။
ရင်ခကတော့ ထိုသို့မဟုတ်ပါ။ လယ်လုပ်ငန်းတစ်ခုကို ဆုံးခန်းတိုင် အောင် လုပ်ရန် ကတိပြုရသည်။ လုပ် အားခကို စပါးပေါ်ချိန် စပါးပေးဖြင့် ငှား ကြသည်။

အချို့လယ်ပိုင်ရှင်တို့က ရင်ခကို မိုးဦး လယ်ထဲ စဆင်းချိန်မှစ စပါး သိမ်းပြီး စပါးအိမ်ရောက်သည်အထိ ငှားရမ်းထားတတ်သည်။
“ငွေနဲ့ကြေးနဲ့ပြောပြီး မငှားကြဘူး။ ငါ့မှာလယ်ဧက ငါးဆယ်ရှိတယ်၊ ပြီး အောင်လုပ်ပေးမယ်ဆိုရင် စပါး (တင်း)ငါးဆယ်ပေးမယ်။ အဲလိုသဘော”ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်မှ လယ်သမားကြီး ဦးထွန်းဝင်းက ပြော သည်။

ထိုရင်ခတို့က လယ်ကိစ္စမှန်သမျှ အကုန်လုပ်ရသည်။ ရင်ခဝင်သူနှင့် မိသားစုဝင်များ ကြားကာလတွင် သုံးရန် ငွေ၊ စားရန် စပါးတို့လိုအပ်က လယ်ရှင် နှင့် ညှိနှိုင်း ထုတ်ယူကြရသည်။
အချို့ရင်ခများ တစ်နှစ်လုံး မဟုတ် ပါ။ မိုးတွင်းသာလုပ်ရသည့် မိုးရင်ခ လည်း ရှိသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်က မိုးတွင်း ရင်ခတစ်ဦး ငှါးလျှင် စပါးတင်း ၂၀ ပေးရပြီး ပျိုးကြဲတတ်သူဆိုပါက ၂၅ တင်းခန့်ပေးရသည်ဟု မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှ လယ်ပိုင်ရှင် ဦးစိုးမင်း က ပြောသည်။
“၂၅ တင်းဆိုတာက လယ်ထွန်ဖို့ အတွက်ပဲ။ လယ်ကန်သင်းဆယ်(မြေဖို့)တာက နောက်တစ်ယောက်ကို နေ့စား ထပ်ငှားရတယ်”ဟု ဦးစိုးမင်းက ဆိုသည်။

နှိမ်ချဆက်ဆံကာ အဆမတန် ခိုင်းတတ်သော လယ်ရှင်များတွင် အလုပ် ဝင်မိသည့် ရင်ခတို့ဘ၀က မလွယ်ပါ။
“လယ်ဆိုတဲ့အလုပ်က မိုးရွာနေပူ မရှောင်လုပ်ရပြီး ထမင်းနပ်မမှန်ဘူး။ မနက် ၄ နာရီလောက် သူများအိပ်ကောင်း တုန်း ကိုယ်က လွှတ်ကျောင်းထားတဲ့ ကျွဲတွေလိုက်ရှာရတယ်။ မနက်အစောကြီး လယ်ထထွန်တာ ၉ နာရီလောက်မှ အလုပ်ရှင်က ထမင်းချမ်းခဲလေးနဲ့ ငါး ခြောက်ဖုတ် ငါးပိထောင်းနဲ့တို့စရာ တစ်ခုခုပေါ့။ အဲဒါလေးပဲစားရတာ။ ဒါ တောင်ငါးခြောက်ဖုတ်က နေ့တိုင်းစားရ တာမဟုတ်ဘူး”ဟုရင်ခအဖြစ် ဆယ့်ခြောက် နှစ်သားအရွယ်ကတည်းက လုပ်ခဲ့ဖူး သည်ဆိုသော မြိတ်မြို့၊ အောင်မင်္ဂလာ ရပ်နေ ဦးနောင်ပိန်က ပြောသည်။
ရင်ခက နွေစပါးသိမ်းချိန် ၂၅ တင်း ရမည်ဆိုလျှင်သော်လည်း အကယ်၍ စပါးကို မိုးတွင်းတွင် ကြိုတင်ထုတ်ယူ ပါက လယ်ပိုင်ရှင်တို့က ၁၃ တင်းသာ ပေးကြောင်း ဦးနောင်ပိန်က ပြောသည်။ မိုးတွင် စပါးကြိုထုတ်ယူသဖြင့် မိုးတွင်း စပါးဈေးကြီးမြင့်မှုနှုန်းနှင့် စပါးမပေါ်ခင် ကြိုထုတ်သည့်အတိုးနှုန်းအရ သတ်မှတ် နှုန်း၏တစ်ဝက်သာ ပေးတော့သည့် သဘော ဖြစ်သည်။

လယ်ပိုင်ရှင်တို့က လယ်လုပ်ငန်း မဟုတ်သော အခြားအလုပ်များကို ခိုင်းစေလျှင်လည်း ရင်ခတို့က မငြင်းရဲ ကြပါ။
“လယ်ရှင်အိမ် ဖက်မိုးတာမျိုးပေါ့၊ မလုပ်ပေးနိုင်ဘူးဆိုပြီး ထွက်သွားတဲ့ သူတွေက နည်းတယ်။ အလုပ်က ရှား တော့ ဒီလိုပဲ သည်းခံပြီးလုပ်ကြရတာပဲ”ဟု ဦးနောင်ပိန်က ပြောသည်။
မိသားစုကဲ့သို့ ဆက်ဆံသည့် လယ်ပိုင်ရှင်တို့လည်း ရှိကြောင်း ၎င်းက ပြောပါသေးသည်။
စိတ်ကောင်းရှိသည့်၊ ရင်ခကို အခ ပေးငှားထားသည်ဆိုသော်လည်း မခွဲခြား ဘဲ လူလိုသူလို ဆက်ဆံတတ်သည့် လယ် ပိုင်ရှင်တို့က ရင်ခနှင့် အတူနေအတူလုပ်၊ သား၊ ငါး၊ ဖား ရှာချိန် ဝိုင်းရှာ။ ပိုက်ထွန်၊ မြုံးထွန်၊ ပိုက်ကွန် အတူပစ်။ အသီး အရွက် အတူရှာခူးပြီး လယ်တဲတွင် အတူ ချက် အတူစား။

ထိုသို့ဆိုက ရင်ခတို့က အလုပ်လုပ် နေရသည်ဟုပင် မအောက်မေ့တော့ဘဲ လုပ်ငန်းခွင်တွင် ပျော်နေတတ်ကြသည်။
လယ်ကွက်များထဲ အရွယ် မရောက် သေးသော ရင်ခလေးများကိုလည်း တွေ့ရတတ်သည်။
ဆင်းရဲချို့တဲ့သည့် မိဘများအနေ ဖြင့် ၁၄၊ ၁၅ နှစ်အရွယ်သားသမီးများ အား လူကြီးရင်ခများထက် ထက်ဝက် အောက် လျှော့နည်းသည့် နှုန်းထားဖြင့် (လူကြီး ၂၅ တင်းရသည့် နေရာတွင် ၁၀ တင်းခန့်ဖြင့်) လယ်ပိုင်ရှင်များဆီ၌ အပ်နှံတတ်ကြကြောင်း မြိတ်မြို့နယ်၊ တုံးဗျောကျေးရွှာမှ ဦးစိုးမင်းက ပြော ပြသည်။
“လယ်ပိုင်ရှင်တွေက ကလေးအား နဲ့မမျှတဲ့ အလုပ်မျိုးတွေ ခိုင်းစေတာမျိုး လည်း ရှိတယ်။ အချို့ကလည်း ကိုယ် ချင်းစာကြတယ်။ ပေါ့ပေါ့ပါးပါးအလုပ်ပဲ လုပ်ခိုင်းတယ်”ဟု ဦးစိုးမင်းက ပြော သည်။
လယ်ထွန်၊ ဘောင်ပိတ်၊ ကန်သင်း ဆယ်၊ ပျိုးကြဲ စသည့် ရင်ခတို့အပြင် စက်ယန္တရားပေါလာသည့် နောက်ပိုင်း တွင် စက်မောင်းရင်ခပါ ထပ်တိုးလာသည်။

“စက်မောင်းရင်ခကတော့ လယ် မလုပ်ရဘူး၊ ထွန်စက်နဲ့ လယ်ထွန်ပေး။ ကိုယ့်စက်ပိုင်ရှင်ရဲ့လယ်ပြီး တာနဲ့မပြီး ဘူး။ စက်ပိုင်ရှင်လက်ခံထားတဲ့ လယ် တွေအားလုံး လိုက်ထွန်ပေးရတာ”ဟု ထားဝယ်မြို့နယ် ကျောက်ရပ်ရွာမှ ရင်ခလုပ်သူ ဦးမျိုးဝင်းက ပြောသည်။
ထိုသို့ အခြားလယ်များထွန်ပေးပါက စက်မောင်းရင်ခက လုပ်အားခအဖြစ် စက်ပိုင်ရှင်ရသည့် စက်ငှားခ၏ ၁၀ ပုံ ၃ ပုံ (စပါး ဆယ်တင်းရလျှင် သုံးတင်း) ရကြောင်း ဦးမျိုးဝင်းက ပြောသည်။
သို့သော် ထိုရင်ခတို့ ယခုတော့ ရှားပါးလာလေပြီ။

ထားဝယ်တွင် ယခင်က ရင်ခတို့က လယ်ရှင်တွင် ရင်ခဝင်ပါရစေဟု အလုပ် လိုက်စပ်နေရသော်လည်း ယခုမူ လယ် ပိုင်ရှင်က ရင်ခဝင်မည့်သူကို ဖုတ်ပူမီး တိုက် လိုက်ရှာနေရပြီဟု ထားဝယ် လယ်ပိုင်ရှင်တို့နှင့် ရင်ခတို့က ပြောကြ သည်။
မြိတ်တွင်လည်း အလားတူပင်။
လယ်လုပ်ချိန်၌ လူရှာမရသဖြင့် ဒုက္ခရောက်နေကြောင်း မြိတ်မြို့နယ်၊ တောင်ဖီလာရွာမှ လယ်ပိုင်ရှင် ဦးအင်ထွန်း လေးက ပြောသည်။

ယခင်က ရင်ခဝင်ချင်ကြသူများက လယ်ပိုင်ရှင်ဆီမှာ အလုအယက်၊ ယခုက လယ်ပိုင်ရှင်များက ရင်ခဝင်မည့်သူများထံ အလုအယက်ဟု ဦးအင်ထွန်းလေးက ပြောသည်။
“ရှားလာတဲ့အဆင့်ဆို တော်သေး တယ်၊ ခုက ရှိကိုမရှိတော့ဘူး”ဟု ၎င်း က ဆိုသည်။
ရင်ခဝင်လျှင် မိုးထဲရေထဲလုပ်ရပြီး တစ်နေ့မှ စပါးတစ်တင်းနှုန်းခန့် (ယင်း သည်ပင် နွေစပါးသိမ်းသည့် နောင် ၄ ၅ လခန့်ကြမှ) ရသဖြင့် တစ်နေ့ ငါး ထောင်မှ ၇၀၀၀ ထောင်ခန့်ထိရသော ကျပန်းအလုပ်များသာ လိုက်လုပ်နေ ကြတော့ကြောင်း လယ်ပိုင်ရှင်များက ပြောကြသည်။

လယ်ထွန်ရင်ခအလုပ်ကို အသက် ဆယ့်ခြောက်နှစ် အရွယ်မှစတင်လုပ်ကိုင် လာသည်ဆိုသော ဦးနောင်ပိန်သည်လည်း လွန်ခဲ့သည့် ၁၀ နှစ်မှစ ရင်ခ ဘ၀ကိုစွန့် ကာ ရွာကိုစွန့်ကာ မြိတ်မြို့သို့ ပြောင်းရွှေ့ ကုန်ထမ်းသမားလုပ်ခဲ့ရာမှ ယခု ဘေးတွဲ ဆိုင်ကယ် မောင်းနေလေပြီ။
သို့သော် လယ်ရှင်တို့ ငှားထားသည့် ရင်ခတို့က လယ်ထဲတွင် ရှိနေဆဲဖြစ် သည်။
ဆယ်ကျော်သက်အရွယ်မှစ လယ် လုပ်ငန်းသာ လုပ်ကိုင်ခဲ့သည်ဆိုသော ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာသား ကိုမျိုးအောင်ကတော့ ဆွေမျိုးများထံတွင် ခုထိ ရင်ခဝင်နေဆဲ။ နွားနှစ်ကောင်ဖြင့် လယ်ထွန်ဆဲ။
“လယ်လုပ်ငန်းမှလွဲပြီး အခြား အလုပ်က မရှိဘူးဆိုတော့ ဒီလိုပဲလုပ်ကိုင် စားသောက်နေရတယ်”ဟု ကိုမျိုးအောင် က ပြောသည်။

မည်သို့ဆိုစေ..၊ ရင်ခတို့ ပန်းပန် သည့်ခေတ်သို့ ရောက်ခဲ့ခြေပြီ။
အချို့ ရင်ခတို့က ကိုယ်ပိုင်လယ် အိပ်မက် မက်နေကြလေပြီ။
“ကိုယ်ပိုင်လယ်လေးနဲ့ လုပ်ချင် တယ်။ ကိုယ်ပိုင်အလုပ်ဆိုတော့ ပိုက်ဆံ လဲပိုရတယ်။ အလုပ်လုပ်နေရင်း တန်း လန်းနဲ့လည်း ထသွားလို့ရတယ်။ သူများမှာလုပ်တာဆိုရင်တော့ ကိုယ့် သဘောမဟုတ်တော့ဘူးလေ။ လယ်ပိုင် ရှင် သဘောဖြစ်သွားပြီလေ”ဟု ထားဝယ် မြို့နယ် ကျောက်ရပ်ရွာ အသက် ၃၈ နှစ် အရွယ် ဦးမျိုးဝင်းက ဖွင့်ဟသည်။