သမီးလေးကို မသိစေချင်တော့ပါ

0
470

ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်က DDPC Shopping Center   တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် အာဇာနည်နေ့ကို “ကြိုဆိုဂုဏ်ပြု”ဆိုသည့် အသုံးအနှုန်းကြောင့် များစွာ အဝေဖန်ခံနေရသည်။
ကျွန်တော်ဆိုလျှင် ဖေ့စ်ဘွတ်(ခ်)ကိုပင် ဖွင့်ကြည့်မရဲလောက်အောင် ဖြစ် နေရသည်။ ထိုနေ့ကပွဲတွင် ကျွန်တော့် သမီးလေးတက်နေသည့် ပုဂ္ဂလိကမူကြို ကျောင်းမှလည်း သွားရောက်ပူးပေါင်း ဆင်နွှဲခဲ့ရသည်။ ထိုအခမ်းအနားကို သွားရောက်ခဲ့သည့် အဖွဲ့ထဲတွင် ကျွန်တော်သမီးလေး ပါဝင်ခဲ့သည်။

အကောင်းဆုံး ပါဝင်တင်ဆက်ခဲ့သည်။ အရုပ်လက်ဆောင်ရ၍ သူပျော်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်များ ကျဆုံးသည့်နေ့ (အာဇာနည်နေ့ဆိုသည်ကို သူမသိသေး ပါ။) တွင် ပူးပေါင်းပါဝင်ခွင့်ရ၍ သူပျော် နေသည်။ ကျွန်တော့် သမီးလေးကို စင်ပေါ်တက်ရဲအောင်၊ မိမိကိုယ်ကိုယုံ ကြည်မှုအပြည့်ဖြင့် ဖျော်ဖြေတင်ဆက် ရဲအောင် သင်ကြားလမ်းညွှန်ပေးခဲ့၊ ပါဝင်ခွင့်ပေးခဲ့သည့် မူကြိုက ဆရာမ လေးများကိုတော့ ကျေးဇူးတင်နေမိ သည်။
အမှန်အတိုင်းဝန်ခံရလျှင် အစ ပထမတော့ ကျွန်တော့်သမီးလေးအတွက် ကျွန်တော်ဂုဏ်ယူနေမိသည်။ ကျွန်တော် ငယ်စဉ်က မရနိုင်ခဲ့သည့် အခွင့်အရေးများ ကို သမီးလေးရနေခြင်းက ကျွန်တော့်ကို ပျော်စေသည်။ ဤသည်ကား မိဘ အားလုံး၏ဆန္ဒနှင့် ထပ်တူကျလိမ့်မည် ဟု ယုံကြည်ပါသည်။ ထိုနေ့က ပွဲကို ကျွန်တော်မလိုက်ဖြစ်။ ကျောင်း၏ အစီအစဉ်ဖြင့် သွားသည်။

ဖေ့စ်ဘွတ်(ခ်) ဖွင့်ကြည့်ကြည့်ခြင်း ထိုအခမ်းအနား ပြုလုပ်သည့်နေရာက ကျွန်တော်ထင်ထားသလို မဟုတ်။ သမီး ကို လိမ်ရာများ ကျသွားမလားဆိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်တော် ထင်သည်က DDPC ROYAL PALACE ခန်းမထဲတွင် လုပ်မည်ဟု ထင်ထားသည်။ ယခုတော့ အထင်နဲ့အမြင် တက်တက်စင် အောင် လွဲခဲ့လေပြီ။ DDPC Shopping Center တွင် ပြုလုပ်သည်ကို တွေ့ရသည်။ ဖခင်တစ်ယောက်အနေဖြင့် တွေးမိသည် မှာ သမီးလေးတို့တစ်တွေ စီးပွားရေး လုပ်ငန်းရှင်တစ်စု၏ Marketing အတွက် အသုံးချခံလိုက်ရပြီလား။ သူတို့လေးတွေ ကတော့ သိရှာလေမည်မဟုတ်။ လူကြီး တွေအနေဖြင့် လုပ်ရက်လေခြင်းဟုသာ တွေးရင်း သက်ပြင်းအခါခါ ချနေမိတော့ သည်။

အခမ်းအနား နောက်ခံဗွီနိုင်းတွင် တော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦး စီးဌာန၊”မူလတန်းကြိုကျောင်းများနှင့် ပရဟိတဂေဟာများ၏ ၇၁ နှစ်မြောက် အာဇာနည်နေ့ ကြိုဆိုဂုဏ်ပြု အခမ်းအ နား”ဟု ရေးသားထားသည်ကို တွေ့ရ သည်။
ခုနကဖြစ်ခဲ့သည့်  Marketing  အ တွက် အသုံးချခံလိုက်ရပြီလားဟူသည့် အတွေးနှင့် ခံစားရမှုထက် ပိုဆိုးသည်က “ကြိုဆိုဂုဏ်ပြု”ဆိုသည့် အသုံးအနှုန်း အတွက် ဖေ့စ်ဘွတ်(ခ်)ပေါ်တွင် ဝေဖန်ခံ နေရခြင်း ဖြစ်သည်။ အာဇာနည်နေ့ကဲ့သို့ နိုင်ငံနှင့်ချီ ဆုံးရှုံးရသည့် ဝမ်းနည်းဖွယ် နေ့ကို ကြိုဆိုဂုဏ်ပြုဟူသည့်အသုံး သုံး သည့်အတွက် ပွက်လောရိုက် ဝေဖန်ကြ ခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်(ခ်)ဖွင့်လိုက် တိုင်း ထိုအကြောင်းအရာက ပေါ်ပေါ် လာသည်။ ထိုအခမ်းအနားတွင် ပါဝင် ပတ်သက်သူ အားလုံးတွင် အပြစ်ရှိသလို ခံစားလာရသဖြင့် သမီးလေးအတွက် စိတ်မကောင်း ဖြစ်မိသည်။

သမီးလေးအတွက် ဂုဏ်ယူချင်မိ သည့်စိတ်များလည်း တစ်စစ အားပျော့ လာခဲ့ရသည်။ ထိုနေ့က လက်ဆောင်ရခဲ့ သည့် အရုပ်ကိုပင် အမှတ်တရထားပေးရ မလား၊ လွှင့်ပစ်လိုက်ရမလားဆိုသည်ကို ဝေခွဲမ တတ်အောင် ဖြစ်နေရသည်။ ထို ဖြစ်ရပ်တွင် ကလေးအားလုံး၌ အပြစ်မရှိ၊ အဓိက ဦးဆောင်သည့်သူများတွင်သာ တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။ သို့ သော် ထိုဦးဆောင်သူများအနေဖြင့် သူတို့တွင် တာဝန်ရှိကြောင်း အပြစ်ရှိ ကြောင်းကိုမူ ဝန်ခံချင်မှ ဝန်ခံကြပေလိမ့် မည်။ နောက်နောင် ထိုကဲ့သို့ အသုံးချ မခံရလေအောင် အသေအချာ စုံစမ်းပြီးမှ သမီးလေးကို ပါဝင်ခွင့် ပြုရပေတော့မည်။

သို့သော် ယခုတစ်ကြိမ်အတွက်တော့ သမီးလေး အပါအဝင် ကျန်ကလေးငယ် လေးများအားလုံးကို သူတို့လေးတွေ အသုံးချခံလိုက်ရသည်ဆိုခြင်းကို မသိစေ လိုတော့ပါ။ သူတို့၏အပြစ်ကင်းသည့် ပျော်ရွှင်ခြင်းများ မဆုံးရှုံးစေလို၍ ဖြစ် သည်။
ကျွန်တော့်အနေဖြင့်မူ ဖေ့စ်ဘွတ်(ခ်)ကိုတော့ အာဇာနည်နေ့ လွန်မြောက်ပြီး အချိန်အတန်ကြာမှ ဖွင့်ကြည့်ဖြစ်တော့ မည်ဖြစ်သည်။ သမီးလေးအတွက် စိတ်မကောင်းဖြစ်ရ ခြင်းဒဏ်ကို ဆက် လက် တောင့်ခံနိုင်စွမ်းမရှိသလောက် ဖြစ်နေပါပြီ။ အာဇာနည်နေ့ အမြန်လွန် မြောက်ပါစေတော့. . . .။