မွန်ရှိ ကျောင်းဈေးတန်းအချို့ တားမြစ်မုန့်တွေ့ရှိ

0
1087

မွန်ပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်း မုန့်ဈေးတန်း အချို့တွင် တားမြစ်ထားသည့် စားစရာအချို့ ရောင်းချမှုရှိနေသည်ကို စစ်ဆေး တွေ့ရှိ ရသည်ဟု မွန်ပြည်နယ်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ် ကဲရေးဦးစီးဌာနနှင့် ကျောင်း ကျန်းမာ ရေးအဖွဲ့တို့ ပူးပေါင်းပြီး စာသင်ကျောင်း ရှိ မုန့်ဈေးတန်းများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိကို ဇူလိုင်လပထမအပတ် မှ စတင် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာမှ အချို့ကျောင်း မုန့်ဈေးတန်းတွင် တားဖြစ်ထားသည့် စားစရာအချို့ ရောင်းချမှုရှိနေသည်ကို တွေ့ရှိရကြောင်း အထက်ပါဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင် က ပြောသည်။

“စစ်ဆေးချက်အရ တားမြစ်ထားတဲ့ စီးကရက်ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ သကြား ခဲတွေ အဲဒါက ကလေးတွေ အတုမြင်လမ်းမှားရောက်နိုင်တဲ့အတွက် ရောင်းချ ခွင့် ပိတ်ထားတယ်၊ ဆေးထိုး အပ်ပုံစံနဲ့ ခဲတံ၊ ဆေးထိုးအပ် ပုံစံဖြစ်နေတော့ ထိုးမိနိုင်တယ်၊ နောက်တခုက ဆေးထိုး အပ်ပုံစံနဲ့ခဲတံပဲ အပြင်ဘက်မှာ ဆိုးဆေး ပါတဲ့ အရည်တွေနဲ့ လုပ်ထားတယ် ဒါကလေးတွေ သောက်မိရင် အန္တရာယ် ဖြစ်နိုင်တယ် အဲဒါတွေကို သိမ်းဆည်း လိုက်တယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကျောင်းမုန့်ဈေးတန်း တွင် ရောင်းချနေကြသည့် ပဲပြားအစာ သွပ်၊ ဖုန့်ဖတ်နှင့် ခေါက်ဆွဲဖတ်များကို လည်း အန္တရာယ်ရှိ မရှိ နမူနာယူစစ် ဆေးပြီး ယနေ့ထိအန္တရာယ်ဖြစ်စေနိုင် သည့် အချက်များ စစ်ဆေးတွေ့ရှိခြင်းမရှိသေးကြောင်း ဒေါက်တာစိုးနိုင်က ဆက်ပြောသည်။
ကျောင်းတွေမှာ တားမြစ်ထားတဲ့ မုန့်တွေ မရောင်းရအောင် အခု စစ်ဆေးမှု လုပ်တယ်၊ တွေ့ရင် သိမ်း ဆည်းတယ်။ နောက်ထပ်မရောင်း ရအောင် သတိပေး မှုလုပ်တယ်၊ မလိုက်နာဘူးဆိုရင် ဈေး ရောင်းချခွင့်ပိတ်မယ်” ဟု မော်လမြိုင်ရှိ ကျောင်းကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနနှင့် ကျောင်းကျန်မာရေး အဖွဲ့တို့သည် စာသင်ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများအပြင် ကျောင်းသူ၊ ကျောင်းသားများအား စပ်ဆေးအန္တရာယ်၊ ဆိုးဆေး အန္တရာယ်၊ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ပတ်သက်သည့် အသိ ပညာပေး ဟောပြောခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။
ပြည်နယ်အတွင်း ကျောင်းမုန့်ဈေး တန်း စစ်ဆေးခြင်းနှင့် ကျောင်းသူ ကျောင်းသားများအား အစားအသောက် ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြော ခြင်းကို ဩဂုတ်လထိ ပြုလုပ်သွားမည်ဟု ပြည်နယ်အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။