မြိတ်တွင် ပိုက်ဆံ အိတ်လုသူ လေးဦး ထပ်ဖမ်းမိပြန်

0
458

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ် စုတွင် ပိုက်ဆံအိတ်လုသည့် လူငယ် လေးဦးအား ဇူလိုင်လ ၂၀ ရက်က ထပ်မံ ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။

ကလွင်ကျေးရွာရှိ အေးရိပ်ချောင်း လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးထံမှ လူငယ်လေးဦးတို့ က ဆိုင်ကယ်နှစ်စီးဖြင့် ပိုက်ဆံအိတ် လုယက်ကာ ထွက်ပြေးခဲ့ကြောင်း ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။

ယင်းကဲ့သို့ ပိုက်ဆံအိတ်လုယက် ပြီး မောင်းနှင်ထွက်ပြေးခဲ့ရာ မြိတ် တက္ကသိုလ်အနီးအရောက်တွင် မောင်းပြေးသည့်ဆိုင်ကယ်နှစ်စီးအနက် တစ်စီးက အခြားဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိရာက ဖမ်းဆီးမိခဲ့ ကြောင်း အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောပြသည်။

ဖမ်းမိခဲ့သည့် လူငယ် လေးဦးမှာ အသက် ၁၈ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ် အရွယ် ၁ ဦးနှင့် ၁၆ နှစ် အရွယ် ၁ ဦးတို့ဖြစ်ကြကြောင်း ကလွင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။