ရေးတောင်ပိုင်းဒေသရပ်ကွက်/ ကျေးရွာအချို့ ရေကြီးရေလျှံ

0
514

အဆက်မပြတ်ရွာသွန်းခဲ့သည့် မိုး နှင့် တောင်ကျချောင်းရေများကြောင့် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်း ဒေသ ရပ်ကွက်၊ ကျေးရွာအချို့တွင် ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းမှစပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ခေါဇာမြို့ပေါ် ရပ်ကွက် ၂ ခု၊ ရင်းရယ်ကျေးရွာ၊ ဟံဂံကျေးရွာတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မိုးက လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက ဆက်တိုက်ရွာလာတယ်၊ မနေ့ညက တစ်ညလုံး မိုးတအားသည်း တယ်၊ ဒီမနက်လည်း တစ်မနက်လုံး သည်းသည်းထန်ထန် ရွာတယ်၊ တောင် ကျရေတွေလည်း ကျလာတော့ ရေကကြီး သွားတာ”ဟု ခေါဇာမြို့ခံ ဦးမောင်ညွန့် ပြောသည်။

ခေါဇာမြို့တွင် ရပ်ကွက်နှစ်ရပ် ကွက်ရှိပြီး ရပ်ကွက် ၂ ရပ်ကွက်စလုံးတွင် ရေမှာ တစ်ပေခွဲကျော် (ဒူးခေါင်းထိ) သည်ဟု ၎င်းက ဆက်ပြောသည်။
ဟံဂံကျေးရွာနှင့် ရင်းရယ်ကျေးရွာ များတွင် လမ်းမပေါ်တွင် ရေ ၃ ပေ / ၄ ပေခန့်ထိ မြင့်တက်ခဲ့သည့်အတွက် လမ်းပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခိုလှုံရမှု မရှိသော်လည်း သွားလာရေး အတွက် အခက်အခဲဖြစ်နေသည်ဟု ဒေ သခံများထံမှ သိရသည်။
“အခု ဟံဂံ၊ ရင်းရယ် ခေါဇာဘက် မှာ ရေကြီးတော့ ခုလောလောဆယ်အခက် အခဲဖြစ်တာက ရေးတောင်ပိုင်းက လူ တွေ ရေးဘက်ကို လာလို့မရတာပေါ့။ ရေကြီးတော့ ကားလမ်းတွေ ပိတ်သွား တယ်၊ ကားတွေ ဆိုင်ကယ်တွေ ဖြတ်လို့ မရလို့ အဲတစ်ခုပဲ အခက်အခဲဖြစ်တာ ကျန်တာက ပုံမှန်ပါပဲ”ဟု ရေးမြို့ခံ ကိုအောင်နိုင်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေးမြို့နယ်အပါအ ဝင် မြို့နယ် ၇ မြို့နယ်တွင် ရေကြီးနစ် မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးမှု ရှိခဲ့ပြီး ဒေသခံ ၇၀၀၀ ကျော် ဘေးလွတ် ရာ ပြောင်းရွှေ့ခဲ့ရသည်။