လန်ချန်း၊ မဲခေါင် လူငယ်တွေ့ဆုံ ပွဲတက်ရန် ထားဝယ်တွင် သတ်မှတ်ဦးရေ မပြည့်

0
405

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပမည့် လန်းချန်း၊ မဲခေါင် လူငယ် ခေါင်းဆောင်များ ယဉ်ကျေးမှု တွေ့ဆုံ ဆွေးနွေးပွဲတက်ရန်အတွက် ထားဝယ် ခရိုင်အတွင်းရှိ တက္ကသိုလ်များတွင် သတ်မှတ်လူဦးရေ မပြည့်ကြောင်း ယင်း တက္ကသိုလ်များထံမှ သိရသည်။
ယင်းဆွေးနွေးပွဲတက်ရန် တက္ကသိုလ်၊ ကောလိပ်တစ်ခုလျှင် ကျောင်းသားတစ်ဦး နှင့် ဆရာတစ်ဦး အမည်စာရင်းပေးပို့ရန် အဆင့်မြင့်ပညာ ဦးစီးဌာနက ညွှန်ကြား ထားသောကြောင့် ထားဝယ်ရှိ တက္ကသိုလ် ၃ ခုနှင့် ကောလိပ်တစ်ခုမှ စုစုပေါင်း ၈ ဦး ပေးပို့ရမည် ဖြစ်သည်။

သို့သော် ကွန်ပြူတာတက္ကသိုလ် (ထားဝယ်)က ဆရာတစ်ဦးနှင့် ကျောင်း သားတစ်ဦး၊ နည်းပညာတက္ကသိုလ် (ထားဝယ်)မှ ကျောင်းသားတစ်ဦး စုစုပေါင်း သုံးဦးသာ အမည်စားရင်းပေးပို့ထား ကြောင်း ယင်းတက္ကသိုလ်များထံမှ သိရ သည်။
ထားဝယ်ပညာရေးကောလိပ်တွင် စာမေးပွဲဖြေမည့်ရက်နှင့် တိုက်ဆိုင်နေ ခြင်းကြောင့် တက်ရောက်နိုင်ခြင်းမရှိ ကြောင်း ယင်းကောလိပ် အင်္ဂလိပ်စာဌာန ကထိက ဒေါ်ဝါဝါဝင်းက ပြောသည်။

“စာဝင်တာကလည်း နောက်ကျ တယ်။ ဇူလိုင်လ ၁၈ ရက်နောက်ဆုံး ပို့ရမယ့် ဟာကို စာက အဲနေ့မနက်ပိုင်းမှ ဝင်လာတာဆိုတော့ ဒီဘက်က ဘာမှ ပြင်ဆင်ချိန်မရလိုက်တော့ဘူး။ မသွား ဖြစ်တော့တာ အဲဒါကြောင့်လည်းပါ တယ်”ဟု ဒေါ်ဝါဝါဝင်းက ဆိုသည်။
ထားဝယ်တက္ကသိုလ်တွင်မူ တက် ရောက်မည့် ဆရာနှင့်ကျောင်းသားများ စာရင်းကို သက်ဆိုင်ရာ ဌာနများက ဇူလိုင်လ ၂၀ ရက်အထိ မပို့သေးကြောင်း ယင်းတက္ကသိုလ် ကျောင်းသားရေးရာ ဌာနထံမှ သိရသည်။

ယင်းဆွေးနွေးပွဲတက်ရောက်မည့် သူများကို အင်္ဂလိပ်စကားပြောစွမ်းရည်၊ အသက်အရွယ် စသည်ဖြင့် အချက်ငါး ချက်ဖြင့် ကျောင်းအလိုက်ရွေးချယ်ဖြစ်ပြီး ဆွေးနွေးပွဲကို စက်တင်ဘာလ ၂ ရက် တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။