တိုင်းပြည် ပျက်ခြင်း အကြောင်းတရား

0
628

တကယ်က ဒီတစ်ပတ်ရေးဖို့ ပြင် ဆင်ထားသည့်အရာမှာ အခြားအကြောင်း အရာ ဖြစ်သည်။ လတ်တလော ထုတ်ပြန် ခဲ့သည့် မြန်မာနိုင်ငံ၏ လူနေမှု အဆင့် အတန်းနှင့် ပတ်သက်သော အစီရင်ခံစာ တစ်ခုကို ဖတ်ရှုကိုးကား ရေးသားရန် ဖြစ်သည်။
သို့သော် ယခုလတ်တလော ဖြစ်ပျက် နေသည့် အကြောင်းချင်းရာများက အဲသည်ဘက်ကို လုံးလုံးစိတ်မရောက် စေတော့။
ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ဂူအတွင်း ကလေးငယ်များ ပြန်လွတ်အပြီး မြန်မာ တွင် စိုးမိုးခဲ့သော သတင်းပလင်းများက မည်သည့်အဓိပ္ပါယ်ကို ညွှန်းဆိုနေ သနည်း။

ဘာတွေ ဖြစ်ကုန်ပြီလဲ။
ယခုရက်ပိုင်းအတွင်း လူအပြောများ ဆုံးသတင်းတစ်ခုမှာ ဧရာဝတီတိုင်းရှိ လွှတ်တော် ကိုယ်စားလှယ်အချို့ကို ဝေဖန်သောကြောင့် ဝေဖန်သူ တရားစွဲ ခံရခြင်း ဖြစ်သည်။
လွှတ်တော်အမတ်တို့ ကွင်းဆင်းစဉ် ကျောင်းသား ကျောင်းသူများ လက်ပိုက် ကြိုဆိုသည်ကို ဝေဖန်ရာမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။
မျက်လုံးပြူးစရာ ဖြစ်ရပ်ဖြစ်သည်။

မြန်မာတို့ ဒီမိုကရေစီဝါဒကို ရွေး ချယ်ခဲ့ခြင်းမှာ လွတ်လပ်စွာ ပြောဆို ဝေဖန်ခွင့်၊ သိခွင့်အတွက်ဟု အကြမ်းဖျင်း နားလည်ရသည်။
ယခုတော့ ယင်းနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။
လွှတ်တော် ကိုယ်စားလှယ်၊ ဝန်ကြီး၊ ဝန်လေး အချို့ကို ဝေဖန်မိသဖြင့် တရား စွဲခံရခြင်း ယခု အစိုးရ လက်ထက်တွင်မှ ပိုအကြားရများလာခြင်းမှာ တိုက်ဆိုင်မှု သက်သက်မဟုတ်တန်ရာ။ ဒီမိုကရေစီကို ယုံကြည်သည် ဆိုသူတို့ အကြားတွင် ဒီမိုကရေစီ၏ အနှစ်သာရ မည်မျှ ကိန်းအောင်နေသနည်း၊ ဒီမိုကရေစီ၏ အနှစ်သာရကို မည်သို့ နားလည်ထား သနည်း ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။

နောက်ဖြစ်ရပ် နှစ်ခုမှာ တရားဥပဒေ စိုးမိုးရေးကိစ္စ ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြွေးကြော်သံများအနက် တရားဥပဒေ စိုးမိုးရေးမှာ အသံထွက်ဆုံး တစ်ခုတွင် ပါဝင်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင် ကတည်းကပင် တရားဥပဒေ စိုးမိုးရေး ကြွေးကြော်၍ ရွေးကောက်ပွဲ ဝင်ခဲ့ခြင်း ဖြစ်သည်။
အခုတော့ မူးယစ်ဆေးပြား ၁၄ သန်း ဖမ်းရန် စုံစမ်းထောက်လှမ်း သတင်း ပေးခဲ့သူ သာမန်အရပ်သားလေး တစ်ဦး မှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံ ရမှုကြောင့် နေရာမှ စွန့်ခွာထွက်ပြေးခဲ့ ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချီးမွှန်း စာပင် လက်ခံရရှိခဲ့သူ ၎င်းမှာ သတင်း ပေးဖော်ထုတ်ခဲ့ပြီးချိန်တွင် အစိုးရ၏ လုံခြုံရေးအရ စောင့်ရှောက်မှုကို ခံရယုံ မက သူနေရပ်မှ စွန့်သွားသည်ကိုပင် လုံခြုံရေးယူသူတို့ မသိလိုက်သည် အထိ အခြေအနေက ဆိုးဝါးခဲ့သည်။
အသက်အန္တရာယ် အကြိမ်ကြိမ်ခြိမ်း ခြောက်ခံရမှုကြောင့် မိသားစုနှင့်အတူ နေရပ်မှာထွက်ပြေးခဲ့ရပြီး ဘ၀ပျက်ရ သည်ဟု သူက မီဒီယာတစ်ခုနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဖြေဆိုထားသည်။
“အဲဒီမှာ ဆက်နေရင် ကျွန်တော်တို့ သေဖို့များတယ်”ဟု သူက ဆိုခဲ့သည်။
ယင်းအမှုနည်းတူ နောက်တစ်မှု ရှိသေးသည်။

မုဒိမ်းမှု ကျူးလွန်ပြီး ၀ရမ်းပြေး ဖြစ်နေသူက ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ ရပ်ကွက်တစ်ခုတွင် အုပ်ချုပ်ရေးမှူး ဖြစ်နေသဖြင့် သတင်း ပေးရာမှ ညီအရင်းဖြစ်သူ ဓားဖြင့်ခုတ် သတ်ခံရလိုက်ရသည့် ဖြစ်ရပ်ဖြစ်သည်။
အုပ်ချုပ်ရေးမှူး၏ မုဒိမ်းကျင့် ခံရသူ အမျိုးသမီးကို မီဒီယာနှင့် တွေ့ဆုံ မေးမြန်းရန် ချိတ်ပေးခဲ့ပြီး ယင်းသတင်း ကို ပြညောမေ ဩတ တွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။
သို့သော် မုဒိမ်းမှု ကျူးလွန်သူကို ရဲက မဖမ်းနိုင်သေး။
ညီဖြစ်သူကိုမူ ၀ရမ်းပြေး၏ နောက် လိုက်များက သတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းပေးခဲ့သည့် အစ်ကိုဖြစ်သူ ကိုဇော်ဇော်အောင်က ယုံကြည်နေသည်။

အမှန်တရားအတွက် စွန့်စားလိုက်ရ သည်မှာ မတန်ဟု သူက ရင်ဖွင့်ထားသည်။
ဆိုသောအခါ ယင်းဖြစ်ရပ်နှစ်ခု စလုံးကို ကြည့်၍ မေးခွန်းပေါ်လာသည်။ အဘယ်မှာနည်း တရားဥပဒေ စိုးမိုးမှု။
တရားဥပဒေ စိုးမိုးဖို့ မဆိုထားနှင့် တရားဥပဒေ စိုးမိုးရေး ကူညီသူများကိုပင် တိုင်းပြည်က လုံခြုံသော ဝန်းကျင်ကောင်း မဖန်တီးပေးထားနိုင်ခဲ့ပေ။
ဘယ်မှာလဲ တရားဥပဒေ စိုမိုးရေး။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူပြောများခဲ့သည့် အခြား ကိစ္စနှစ်ခုမှာ မော်ဒယ်မင်းသမီးတစ်ဦး၏ အသံဖိုင် နှင့် ရည်းစားဟောင်းကို အမျိုးသမီးငယ် တစ်ဦးက ပါးရိုက်ခဲ့သည့် ဗီဒီယို ဖိုင်ကိစ္စ ဖြစ်သည်။
မော်ဒယ်မင်းသမီးမှာ ရည်းစားဟောင်း ဖြစ်သူကို ပြီးခဲ့သည့်လပိုင်းက မုဒိမ်းမှု၊ နာကျင်စေမှုတို့ဖြင့် စွပ်စွဲကာ တရားစွဲ ထားသည်။
နောက်ဆုံးပြန့်နှံ့လာသော အသံဖိုင် တွင် ၎င်းတို့ သမီးရည်းစားဖြစ်ခဲ့စဉ်က ပြောဆိုထားသည်ဟု ယူဆရသော အတွင်းကျကျ ကိစ္စများ ပေါ်လာခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဝေဖန် စောကြောကြသည်များတွင် အဆိုးဝါး ဆုံးမှာ မော်ဒယ်ဖြစ်သူကို ပြစ်ပြစ် နှစ်နှစ်ဆဲဆို ပြစ်တင်ထားခြင်း ဖြစ်သည်။
ထားဝယ်တွင် ဖြစ်ပွားခဲ့သည်ဆိုသာ ရည်စားဟောင်းကို ပါးရိုက်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စတွင်လည်း ပါးရိုက်သူ ထိုအမျိုးသမီးကြောင့် ဒေသနှင့် ထားဝယ် လူမျိုးတို့ သိက္ခာကျရသည်ဆိုသည် အထိ ပြောဆိုဝေဖန်ကြသည်ကို တွေ့ရသည်။
ဖြစ်ရပ်ခြင်း ခြားသော်လည်း ၎င်းတို့ နှစ်ဦးကို ဝေဖန်ပြစ်တင်ပုံခြင်းမှာ များစွာ မခြားလှပါ။ မကြားဝံ့မနာသာ စကားများ၊ မိန်းမပျက် ဆိုသည်အထိသော စကားလုံးများကိုပင် နှမချင်းမစာနာ ဆဲဆို ပြောဆိုခဲ့ကြသည်။
အထူးသဖြင့် ထားဝယ်အရေး အရာ တို့ စုစည်းပြောဆိုလေ့ရှိသော ဆိုရှယ် မီဒီယာပေါ်တွင်ပင် ရိုင်းစိုင်းစွာ ဆဲဆို ပြစ်တင်ပြောဆိုထားသည်ကို တွေ့ရ သည်။

မေးခွန်းကပေါ်လာသည်။
မြန်မာ့ လူ့အသိုင်းအဝိုင်းနှင့် ထားဝယ် လူ့အသိုင်းအဝိုင်းသည်သည်မျှ အထိ ကိုယ်ချင်းစာနည်းပါးသော အသိုင်းအဝိုင်း ဖြစ်သွားလေပြီလော။
မှားခဲ့သည်ထားဦး။ မှားတိုင်းသာ ပြစ်တင်စောကြော ဝေဖန်ဆဲဆိုနေပါက တစ်ခါမှားယုံဖြင့် တစ်သက်ကုန်သွားရုံ သာ ရှိတော့မည်။
ငယ်စဉ်က မှားတိုင်းသာ ဆဲဆို ဝေဖန် ပြစ်တင်ကြပါက ယနေ့ ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီလည်း ဖြစ် လာမည်မဟုတ်။ သူငယ်ငယ်ကဆို ဆေး သမား။

ဆိုတော့ မည်သို့သော လူ့အဖွဲ့ အစည်းကို မြန်မာနိုင်ငံက မည်သို့ မွေးထုတ်ခဲ့သနည်း။ ဗြဟ္မစိုရ်တရားများ ပျောက်ကုန်လေပြီလော။
မကြာသေးမီကပင် မယ်ဆိုင်ဂူကိစ္စ တွင် ထိုင်းလူ့အဖွဲ့အစည်း၏ ညီညွတ်ပုံ၊ ဂူအတွင်းပိတ်မိသော ကလေးငယ်များနှင့် ၎င်းတို့၏ ခေါင်းဆောင်ကို အပြစ်တင် ခြင်းမရှိဘဲ အချင်းချင်းဖေးမကြပုံကို အတုယူပြောဆိုခဲ့ကြသူများမှာ ယခုတော့ ပြောင်းလဲသွားလေပြီလော။
သူများကို ကိုယ်ချင်းစာ၊ စာနာနိုင် သော်လည်း မြန်မာပြည်သား အချင်းချင်း ဆိုပါက လွယ်လင့်တကူ ပြစ်တင်ကြော စော လိုက်ကြလေတော့ သတည်းလော။

လူထုကို ဆုံးမသွန်သင်ပဲ့ပြင်ရသည့် ပညာရေးစနစ်၊ ဘာသာရေးစနစ်၊ လူ့အဖွဲ့အစည်း စနစ်များ ပျက်သုဉ်းသွား ပြီလော။
မေးခွန်းများက ခေါင်းထဲပြေးနေ တော့သည်။
နောက်ဆုံး အသည်းနာစရာ ဖြစ်ရပ် တစ်ခုမှာ ရန်ကုန်မြို့တွင် ရှစ်တန်း ကျောင်းသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်သည်။
မိုးရွာသဖြင့် ရေကျော်နေသော လမ်းပေါ်တွင် ဖြတ်လျှောက်မိရာမှ ဓာတ်လိုက်သေဆုံးသွားရခြင်း ဖြစ်သည်။ ဖြစ်ရပ်က ညနေငါးနာရီကျော်တွင် ဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ဆက်စပ်၍ အစိုးရ ၏ စီမံအုပ်ချုပ်မှုစနစ်နှင့် ချိန်ထိုးမိသည်။
မီးကြိုးမပြတ်ကျခဲ့လျှင် (လျှပ်စစ်ဌာန အသုံးကျလျှင်)၊ လမ်းပေါ်တွင် လမ်း လျှောက်စရာ မလိုသည်အထိ လမ်းဘေး ပလက်ဖောင်း ကောင်းနေခဲ့လျှင် (စည်ပင် ဌာန အသုံးကျလျင်)၊ လမ်းပေါ် ရေမလျှံ နေလျှင် (စည်ပင်ဌာန အသုံးကျလျှင်)၊ ညနေပိုင်း ကလေးငယ်၏ သဘာဝ အား ကစားကွင်း တစ်ခုခုအတွင်း ရောက်နေ ခဲ့လျှင် (ပညာရေးနှင့် အားကစားဌာန အသုံးကျလျင်) ထိုကလေးငယ် သေဆုံး ရန် မဖြစ်နိုင်သလောက်ပင်။
ကလေးငယ် သေဆုံးရမှုတွင် အခြား မမြင်နိုင်သော စီမံအုပ်ချုပ်မှုဆိုးကျိုးများ ရှိနိုင်သော်လည်း မြင်သာသော အချက် များကိုသာ ညွန်းဆိုခဲ့ခြင်းဖြစ်သည်။

ယခုတော့ ဌာနပေါင်းစုံ အထွေထွေ အသုံးမကျမှုက ကလေးငယ်၏ အသက် ကို နုတ်ယူသွားတော့သည်။
ချုပ်၍ ဆိုရလျှင် အစိုးရ၏ အထွေ ထွေ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုက ကလေးငယ် ကို လူသတ်မှု ကျူးလွန်လိုက်သည်။
ယင်းမှာ ယခုရက်ပိုင်းတွင်း ဖြစ် ပွားခဲ့သော ဖြစ်ရပ် လေးငါးခြောက်ခုကို စံထိုးဆွေးနွေးထားခြင်းသာ ဖြစ်သည်။
ယင်းလေးငါးခြောက်ခုဖြင့်ပင် လက်ရှိ တိုင်းပြည်အခြေအနေများကို ဘာသာ ပြန်နိုင်သည်။
ဒီမိုကရေစီ စံနှုန်းများ ရင်တွင်းမရှိ ခြင်း၊ တရားဥပဒေစိုးမိုးရေးမှာ ဆိုင်း ဘုတ်ပေါ်ရှိ ကြွေးကျော်သံအဖြစ်သာ ရှိနေခြင်း၊ အစိုးရ၏ အထွေထွေစီမံ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း နှင့် အဆိုးဝါးဆုံး အဖြစ် ကိုယ်ချင်းစာ စာနာဖေးမမှု သေဆုံး နေသော လူ့အဖွဲ့အစည်း တစ်ရပ် ရှိ နေခြင်းကို ထင်ရှားစွာမြင်နိုင်သည်။

ယင်းတို့မှာ တိုင်းပြည်ပျက်ခြင်း လက်စွဲ ကျမ်းအတွင်းမှ သင်ရိုးများပင် ဖြစ်သည်။
အမြန်ဆုံး ဆွေးနွေးအဖြေရှာ နိုင်ကြပါစေဟုသာ ရေရွတ်မိသည်။