ဟိန္ဒားသတ္တုမိုင်းရှိ အနည်စစ်ကန် ပြန်ပြင်ရမည်

0
402

ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒား သတ္တုတွင်းတွင် ပြုလုပ်ထားသည့် အနည်စစ်သည့် ရေကန်များ အားနည်း ချက်များ ရှိနေသည့်အတွက် ပြန်လည် ပြုပြင်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကပြောသည်။

အဆိုပါ အနည်စစ်ကန်များက တူးဖော် ရန်ညွှန်ကြားထားသော်လည်း အနည်းငယ် သာတူးဖော်ပြီး ကန်ဘောင်ကို မြှင့်တင် ထားသည့်အတွက် မြေအောက်ဘက်ကို ထပ်တူးဖော်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
“လုပ်ခိုင်းတာနဲ့ လုပ်တာကလို အပ်ချက်တွေရှိနေသေးတယ်။ အောက် ကိုထပ်ပြီးတူးခိုင်းဖို့ လိုနေသေးတယ် ပေါ့”ဟု ၎င်းက ပြောသည်။

အနည်စစ်ကန်များ ပြန်လည် ပြုပြင်ရန် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း မှတစ်ဆင့် ညွှန်ကြားမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
ဟိန္ဒားသတ္တုတွင်းကို ထိုင်းကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီ က လုပ်ကိုင်နေခြင်းဖြစ်ပြီး အနည်စစ်ကန် ၅ ကန် ရှိသည်။
အဆိုပါသတ္တုတွင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် တိုင်းအစိုးရကလုပ်ငန်းယာယီရပ်နား ရန် အနည်းဆုံး ၃ ကြိမ်ခန့် ညွှန်ကြား ခဲ့ဖူးသည်။