ထားဝယ်တွင် ကျေးရွာအချို့ ရေကြီး

0
456

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာခြောက်ရွာ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိ ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးများထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက်မှစပြီး နှစ်ရက် ဆက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ထားဝယ်မြို့နယ်ရှိ ကျောက်ရပ်၊ တောနား၊ ရှမ္မတွင်းကျေးရွာများတွင် ကျေးရွာချင်းဆက်လမ်း သုံးနေရာတွင် ရေကြီးနေပြီး ယင်းလမ်းဘေးရှိ နေအိမ် များထဲအထိ ရေကြီးရေလျှံလျက်ရှိသည်။
ယင်းသို့ရေကြီးနေခြင်းကြောင့် ရှမ္မတွင်းကျေးရွာတွင် ကျောင်းသား ၂၅၀ နီးပါးရှိသည့် အလယ်တန်းကျောင်း တစ်ကျောင်းနှင့် ကျောင်းသား ၉၀ ကျော် ရှိသည့် မူလတန်းကျောင်းတစ်ကျောင်းကို ဇူလိုင်လ ၁၃ ရက်က ပိတ်ထားရကြောင်း ရှမ္မတွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းက ပြောသည်။

“ဒီနှစ်မိုး ကျွန်တော်တို့ရွာမှာ ရေကြီးနေတာ သုံးခါရှိပြီ၊ ကျောင်းလည်း ဘယ်အချိန်ပြန်ဖွင့်နိုင်မလဲမသိသေးဘူး။ မိုးစဲသွားပြီး နှစ်ရက်လောက်နေရင် တော့ ရေပြန်ကျလေ့ရှိတယ်”ဟု ဦးနေလင်း က ပြောသည်။
ယင်းလမ်းရှိ အချို့နေရာများတွင် လမ်းမပေါ် ခန့်မှန်းလေးပေခန့်အထိ ရေကျော်နေပြီး ဆိုင်ကယ်များ သွားလာ ၍မရသဖြင့် လမ်းလျှောက်သွားလာနေရ ကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ဇူလိုင်လ ၁၃ ရက်နေ့ က ထားဝယ်-မေတ္တာသွား ကားလမ်း တစ်လျှောက်ရှိ ကသန်း၊ သဗျာ၊ မဲချောင်း ကျေးရွာသုံးရွာရှိ နေရာ လေးနေရာတွင် လည်း ကားလမ်းမပေါ် ရေကျော်နေ ရေကျော်လျက် ရှိသည်။

မဲချောင်းကျေးရွာတွင်မူ မိုးသည်း ထန်စွာရွာသွန်းသည့် ဇူလိုင်လ ၁၂ ရက်နေ့က ကားလမ်းမတွင် ငါးပေနီးပါး ရေကျော်နေပြီးဆိုင်ကယ်များကို သစ် သားဖောင်အကူအညီဖြင့် သယ်ဆောင် သွားလာနေရကြောင်း ယင်း ရေကြီးနေ သည့်နေရာတွင်နေထိုင်သည့် ဒေါ်မီးငယ် က ပြောသည်။
ယင်းကျေးရွာများအပြင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့ ပေါ်ရှိ ဆေးရုံလမ်း၊ ဆေးရုံတံတားအနီး နှင့် အခွန်လွတ်ဈေးအနီးတစ်ဝိုက်တွင် လည်း ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက လမ်းရေကျော်ခဲ့သေးသည်။
ယင်းသို့ ရေကြီးရေလျှံမှု ဖြစ်ပွား ရခြင်း အဓိကအကြောင်းအရင်မှာ အဆက် မပြတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဒီရေတက်သည့်နေ့နှင့် တိုက်ဆိုင်နေ ခြင်း၊ ချောင်းများ တိမ်ကောလာခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

ရေကြီး၊ ရေလျှံဖြစ်ပွားနေသည့် ကျေးရွာများတွင် သွားရေးလာရေးအခက် ရှိသူများကို ကူညီပေးရန် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များအား နှုတ်ဖြင့်ညွှန်ကြားထား ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
တနင်္သာရီတိုင်းတွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။