မုတ္တမဆေးရုံ ရေမြုပ်၊ လူနာများ ဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့

0
622

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မုတ္တမတိုက်နယ်ဆေးရုံအတွင်း ရေဝင်ပြီး နစ်မြုပ်သည့်အတွက် ဆေးရုံတွင် တက် ရောက်ဆေးကုသနေသည့် လူနာများကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ ရသည် မုတ္တမတိုက်နယ်ဆေးရုံတာဝန်ခံ ထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်က ရွာသွန်းခဲ့သည့် မိုးကြောင့် ဆေးရုံဝင်းအတွင်း ရေဝင်ကာ ည ၇ နာရီခန့်တွင် ဆေးရုံရှိ လူနာနှင့် လူများကို မုတ္တမရှိ မြစေတီနန်းဦး စာသင် တိုက်သို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ထိုမှတစ်ဆင့် လူနာ ၃၁ ဦးကို မော်လမြိုင် ဆေးရုံကြီး၊ ကလေးဆေးရုံနှင့် သားဖွား ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
“အားလုံး လူနာ ၃၂ ယောက်ရှိ တယ်၊ ၃၁ ယောက်ကို မော်လမြိုင်ဆေးရုံ ပို့ဆောင်ထားတယ်၊ ၁ ယောက်က ဆေးရုံဆင်းခိုင်းလိုက်တယ်”ဟု မုတ္တမ တိုက်နယ်ဆေးရုံတာ ဝန်ခံဒေါက်တာ ဇာနည်အောင်က ပြောသည်။
ယမန်နေ့ညက ဆေးရုံအဆောက် အအုံအပြင်ဘက် ဆေးရုံဝင်းအတွင်း ရေ ၂ ပေခန့်ထိ ဝင်ရောက်ခဲ့ကြောင်း တိုက် နယ်ဆေးရုံတာဝန်ခံက ဆက်ပြောသည်။

မုတ္တမဆေးရုံ ရေမြုပ်သည်မှာ ယခု အကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီး ခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း ဆေးရုံ ထဲသို့ ရေ ၆ ပေခန့်ထိ ဝင်ရောက်သည့် အတွက် လူနာနှင့် ဆေးရုံရှိ လူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
ယမန်နေ့က ရွာသည့်မိုးသည် ပုံ မှန်ရွာသည့် မိုးသာဖြစ်ပြီး တောင်ပေါ်မှ ကျလာသည့် ရေများ စီးဆင်းမည့် လမ်း ကြောင်း မရှိသည့်အတွက် မော်တော်ကား လမ်းကိုကျော်ပြီး အနိမ့်ပိုင်းတွင် ရှိနေသည့် မုတ္တမဆေးရုံအတွင်း ရေများ အကုန်လုံး လှိမ့်ဝင်လာသည့် အနေအထားဖြစ်သည်။

“မနှစ်က မိုးက ဒီထက်ပိုများတယ် ရေမဝင်ဘူး၊ ဒီနှစ်က အခုဆိုရင် နှစ်ကြိမ် ရှိပြီး အဓိကက ရေစီးဆင်းတဲ့လမ်း ကြောင်းမရှိတာ။ မရှိတော့ ရေက အနိမ့် ပိုင်းမှာ ရှိနေတဲ့ ဆေးရုံထဲကို ဝင်တာ”ဟု အသက် ၅၀ ဝန်းကျင် မုတ္တမဒေသခံ တစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် ဇွန်လ ၁၇ ရက် ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မုတ္တမအပါအဝင် မြို့နယ် ၇ မြို့နယ် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးမှုရှိခဲ့ကာ ဒေသခံ ၇၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ ခဲ့ရသည်။