ပန်းစကြာမှန်ပြောင်းကို ပြန်ချောင်းမိသလို

0
52

အကိုင်အတွယ်မပြတ်လို့ ကြေးဝါ ရောင်ပြောင်လက်နေတဲ့ ကြေးပြောင်းဆုံ ထဲက ထောင်းပြီးသား ကွမ်းဖတ်ညက် ညက်တွေက ကြေးချောင်းထောင်းတံ လေးနဲ့ ခြစ်ယူ၊ လက်ဖဝါးပေါ်တင်၊ ပါး စပ်ထဲ ပစ်ထည့်မြုံလိုက်ပြီးမှ”ဘုရားကို အရင်ကန်တော့ကြ၊ ဘုရားကို အရင်ကန် တော့ကြ”လို့ ၀၀ဖိုင့်ဖိုင့်ကျောင်းထိုင် ဆရာတော်ကြီးက ကျွန်တော်တို့ကို လှမ်း မိန့်တယ်။ ကျက်သရေခန်းထောင့်က မျက်နှာကျက်အမြင့်ကြီးပေါ်မှာ ကျောက် ခက်ပန်းဆွဲလို ပျားအုံကြီးတစ်ခုက တွဲ ရရွဲနဲ့။ ပါလာတဲ့ လှူဖွယ်ဝတ္ထုကို လင် ပန်းထဲထည့် ဆရာတော့်ဆီကပ်၊ ကန် တော့အပြီးမှာ ဆရာတော်က မုန့်ပုံး အလွတ်ထဲ ဖြည်ထည့်ထားတဲ့ ယိုးဒယားသ ကြားလုံးတွေကိုနှိုက်၊ ကျွန်တော်တို့ဆီ ကြဲပစ်ပေးပြီး လုကောက်နေကြတဲ့ ကျွန် တော်တို့ ကလေးတစ်သိုက်ကို ပြုံးပြုံးကြီး နဲ့ကြည့်လို့။ နှစ်စလိမ်၊ ခေါင်းအုံး၊ စတော်ဘယ်ရီ၊ ဒူးရင်း၊ နာနတ်၊ စပျစ် ငါ့မှာ ဘယ်နှလုံး၊ သူ့မှာ ဘယ်နှလုံး ရေတွက်ပြီး ကျွန်တော်တို့တတွေလည်း ပျော်လို့။
ထားဝယ်ဒေသ ဓလေ့ထုံးစံအတိုင်း ဝါဆိုလဆန်း ၁၄ ရက်နေ့ဟာ ကျေးဇူးရှင် မိဘဘိုးဘွား၊ ဆရာသမားများကို ကန် တော့ကြတဲ့ (ခေဒေါ့ပွဲ)နေ့။ နေ့လယ် ၂ နာရီလောက်မှာ လမ်းဆုံကြီး ကြက်လျှာ စွန်း ဝြမ်းစမိုး´ဖာလူဒါဆိုင်ရှေ့ ဂိတ်ထိုး တဲ့ မြင်းလှည်းတွေထဲက တစ်စီးကို သွား မယ့်ခရီးပြောပြ၊ ဈေးညှိပြီး ခေါ်လာပေးဖို့ မနက်ခင်းကတည်းက အဖေ့ကို အမေက မှာတယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင် နှမတွေကိုလည်း နေ့လယ်စာစား၊ ခဏ နားပြီးတာနဲ့ ရေမိုးချိုး၊ သနပ်ခါးလိမ်း ထားဖို့၊ လျှောက်ပြေး၊ လျှောက်ဆော့မနေ ဖို့နဲ့ ဈေးစောစောသိမ်းပြီး ပြန်လာမယ့် အကြောင်း ပြောတယ်။ အမေပြန်ရောက် တဲ့အခါ ကန်တော့ဖို့ ဝယ်လာတဲ့ပစ္စည်း တွေကို ကူထည့်၊ နေရာချ၊ တစ်နှစ်တစ် ကြိမ် “ခေဒေါ့နေ့”မှာ ရနေကျ အဝတ်အ စားအသစ်တွေဝတ်ပြီး သိပ်မကြာ အဖေ ခေါ်ထားတဲ့ မြင်းလှည်းကလေးလည်း လမ်းထိပ်ရောက်လို့လာပေါ့။

မိသားစုလိုက်လည်း သွားမယ်၊ ခရီးကလည်း မနီးဘူးဆိုတဲ့အခါမျိုးမှ စီးရတဲ့ မြင်းလှည်းကို ကျွန်တော်တအား ကြိုက်တာ။ မြင်းလှည်းဆရာရဲ့ နံဘေး မှာထိုင်ပြီး ငါးလိပ်ကျောက်အမြီးနဲ့ လုပ် ထားတဲ့ နှင်တံကျာပွတ်ကို ကိုင်ကြည့်ရ တာ၊ ရော်ဘာလုံးကို လက်နဲ့ညှစ်လိုက်ရင် တဘော်ဘော်နဲ့မြည်တဲ့ဟွန်း၊ ခေါင်းလေး လှုပ်တိုင်း၊ ပြေးတိုင်းတချွင်ချွင်နဲ့ နားဝင် ပီယံရှိလှတဲ့ မြင်းလည်ပင်းက ခြူကွင်း၊ မော်တော်ကားဗားက ရိုင်းတံအဟောင်း လေးနဲ့ ခလောက်ပြီးတီးရတဲ့ ကြေးခွက် ခေါင်းလောင်း၊ မြင်းမှာ ဆင်ထားတဲ့ ပါး ချပ်ကြိုး၊ မျက်လုံးကာ၊ အားလုံးကို စိတ် ဝင်တစားစပ်စုရတာ သဘောကျတယ်။ တချို့မြင်းတွေဆို ခေါင်းမှာပန်းပွင့်တွေ၊ ငှက်တောင်မွေးတွေ ဘာတွေနဲ့။ နေကာ မျက်မှန်တပ်ပြီး ရှိုးထုတ်လာတဲ့ သူငယ် ချင်းတွေကို မြင်းကာတပ်ထားတယ်လို့ စနောက်တတ်ကြတယ်။

မြင်းလှည်းဂိတ်နာမည်တွေ ကြည့် လိုက်ရင်လည်း ဆိုရှယ်လစ်အငွေ့အသက် တွေနဲ့။ “ပင်နယံ”၊ “လုပ်သား”၊ “တူတံဇင်” “ရှေ့သို့”တဲ့။ “တောင်ပံ” ဆိုပြီး မော်ဒန်ဆန်တဲ့ ဂိတ်နာမည်မျိုး လည်း ရှိတော့ရှိပါရဲ့၊ ရှားတယ်။ ဈေး တောင်ဘက်လမ်း ဦးလှသင်း လက်ဖက် ရည်ဆိုင်နံဘေးမှာ ဂိတ်ထိုးပြီး မင်းရပ် ကူးတို့နဲ့ ဈေးကြီးပြေးတဲ့ ဂိတ်က ဦးဖေလင်း၊ မြင်းလှည်းပေါ်မှာ ဆေးပြင်း လိပ်ကြီးခဲပြီး ခရီးသည် မျှော်နေတတ်တဲ့ ဦးခင်စီ၊ နော်ဂေါတို့ရော အခုသုံးဘီး ဆိုင်ကယ်တက်စီခေတ်မှာ ဘာတွေလုပ် ပြီး အသက်မွေးနေကြပါလိမ့် တွေးမိ တယ်။

လမ်းဆုံကြီးဂိတ်၊ ဦးကျော်ရင်လမ်း ပြန်ကြားရေး စာကြည့်တိုက်နားက ဂိတ်၊ မင်းရပ်ကူးတို့ဆိပ်က ဂိတ်၊ နိဗ္ဗာန်လမ်း မဲဒိုဆိုင်နားက ဂိတ်တွေမှာ မြင်းသံခွာရိုက် တဲ့လုပ်ငန်းနဲ့ အသက်မွေးကြတဲ့သူတွေကို လည်း ပြန်သတိရမိတယ်။ လက်ဆွဲသစ် သားပုံးလေးထဲမှာ ပန်းပဲဖိုထွက် မြင်းသံ ခွာ၊ ခွာရိုက်သံ၊ ကျေးနှုတ်ပလာယာ၊ တံ စဉ်း၊ တူ၊ ဓားနဲ့စက်ဘီးတာယာ ဖြတ် စတွေ ရောပြွမ်းထည့်ထားတတ်တယ်။ သံခွာရိုက်မယ့်မြင်းကို မြင်းလှည်းဆရာက ဇက်ကြိုးတုံ့ချုပ်ပေးထားတဲ့နောက်၊ သံ ခွာရိုက်သူက မြင်းခြေထောက်ကို တာ ယာဖြတ်စနဲ့ သိုင်းပြီးဆွဲမ၊ သံခွာ အဟောင်းက သံတွေကို ကျေးနှုတ်နဲ့ ဆွဲ နှုတ်၊ သံခွာအသစ်တပ်သံနဲ့ရိုက်၊ မညီ မညာမြင်းခွာတွေကို ဓားချွန်ထက်ထက်နဲ့ လှီးဖြတ်၊ တံစဉ်းတိုက်ညှိပေးရတယ်။ ကျောင်းပိတ်ရက်တွေမှာ သူ့အဖေသံခွာ ရိုက်တဲ့နေရာမှာ ဝိုင်းကူလုပ်ပေးနေကျ ကျောင်းနေဘက်သူငယ်ချင်း“ရင်အေး”တစ်ယောက် အခုဘယ်ဆီမှာ ဘာတွေ လုပ်နေပါလိမ့်။

ဂေါက်ဂက်ဂေါက်ဂက် စည်းချက်ညီ ညီခွာသံ၊ လည်ဆံမွေးလေး တခါခါ၊ ခေါင်းလေး တမော့မော့ တယမ်းယမ်းနဲ့ ပြေးလာတဲ့ မြင်းလှည်းကလေး ဥတ္တံတား ကြီးလမ်းဆုံကိုကျော်ပြီး ဘုရားကြီး အဝင်လမ်းထဲ ချိုးကွေ့၊ ဇေယျဘုမ္မိကျောင်း ရှေ့ဇက်သတ်ရပ်လိုက်တယ်။ အဖွားရဲ့ မောင်အဖိုးလေး ဘုန်းကြီးကျောင်းထိုင်တဲ့ ဇေယျဘုမ္မိကျောင်းမှာ စကန်တော့၊ နောက်သိမ်ဝကျောင်း၊ ကလိန်အောင် ကျောင်း၊ ဝေယံစံလွှတ်ကျောင်းတွေ အစဉ် လိုက်ဆက်ကန်တော့ပြီး မြို့မပန္ဒလဲ ကျောင်းအရောက်မှာ ဘုန်းကြီးကျောင်း တွေ ကန်တော့တာ ဆုံးတယ်။ ရွှေရောင် ဝင်းအိနေတဲ့ ဘုရားခန်းရှေ့စားပွဲတွေ ပေါ်နဲ့ အခင်းကော်ဇောတွေပေါ်မှာတော့ လာကန်တော့ထားကြတဲ့ မုန့်ပုံး၊ မုန့်ဗူး၊ ကိတ်မုန့်၊ခြုံစောင်၊ မျက်နှာသုတ်ပုဝါ၊ ပျားဖယောင်းနဲ့ လုပ်ထားတဲ့ ဝါဆို ဖယောင်းတိုင် တုတ်တုတ်ခိုင်ခိုင်ကြီးတွေ၊ ဖယောင်းတိုင်ထုပ်၊ နို့ဆီဗူး၊ ငါးသေတ္တာ ဗူးစတဲ့ ပစ္စည်းတွေနဲ့ပြည့်လို့။ ဘုန်းကြီး ကျောင်းတွေမှာ လာကန်တော့သူတွေကို မုန့်ဟင်းခါး၊ မုန့်လက်သုပ်၊ ကြာဇံချက်၊ သာကူမျှော့မုန့်၊ ကျောက်ကျော၊ ထိုးမုန့် တို့ဘာတို့နဲ့ ကျွေးမွေးဧည့်ခံတတ်ကြတော့ ကလေးတွေ ပိုပြီးပျော်တာပေါ့။

ဘုန်းကြီးကျောင်းကန်တော့အပြီး မှာ အမျိုးအဆွေ သက်ကြီးဝါကြီးရှိတဲ့ အိမ်တွေ ဆက်ကန်တော့ကြရတယ်။ ဒါ ကဘယ်သူ့သား၊ ဘယ်ဝါ့သမီး၊ ကလေး တွေအချင်းချင်း ရင်းနှီးအောင် လူကြီးတွေ က မိတ်ဆက်ပေးတော့မှ၊ လမ်းမှာကျောင်း မှာ နဂိုက သူငယ်ချင်းဖြစ်ပြီးသား တချို့ ကို၊ မျိုးမှန်းဆွေမှန်းသိလိုက်ရတာမျိုး လည်း ကြုံရတယ်။ ဆွေမျိုးအိမ်၊ ဆရာ၊ ဆရာမအိမ်တွေ သွားကန်တော့တဲ့အခါ မှာလည်း ရှိတာလေး ချကျွေးဧည့်ခံတာ၊ ကျွေးမွေးဖို့ တကူးတက စီစဉ်ထားတာ တွေကို အစောပိုင်းမှာ အားနာပါးနာ သယောင်ဟန်ဆောင်ပန်ဆောင်ငြင်းပြီး၊ နောက်တော့လည်း ကလေးသဘာဝ ဗိုက် ကားအောင် တုပ်လိုက်ကြတာပါပဲ။

ညရောက်တော့ နေ့ခင်းကတည်းက မြို့လုံးပတ်လည် ဆွေတော်မျိုးတော် ဆရာသခင်ကျေးဇူးရှင်တွေကို ကန်တော့ ပြီး ပြန်ရလာတဲ့ မုန့်ဖိုးတွေကို အိတ်ကပ် ထဲက ထုတ်ရေကြတယ်။ အကြီးတွေကို မုန့်ဖိုးပိုပေးတတ်ကြတော့ သူတို့ရထားတဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်ငွေစက္ကူ အရွက်တွေ ထုတ်ထုတ်ပြီးနမ်းပြ၊ ကြွားပြကြ တာ ကျွန်တော့်မှာ မခံချိမခံသာ အောင့် သီးအောင့်သက်နဲ့မို့ သူတို့ကို မီအောင် ဘယ်လိုလုပ်ရပါ့မလဲ ဥာဏ်များရတော တာပဲ။ ဘယ်ရမလဲ။ အိမ်မှာရှိတဲ့ အဖိုး ကိုပဲ “အဖိုး ကန်တော့အုံးမယ်ဗျာ”ဆိုတော့ “ဟ ခုနကပဲ မင်းတို့အားလုံး ကန်တော့ ကြပြီးပြီလေကွာ” ဆိုတာနဲ့ ကျွန်တော်က သူတို့ရထားတဲ့မုန့်ဖိုးကို မမီသေးတဲ့ အကြောင်း ရှင်းပြ၊ အတင်းကြီး ကန်တော့ နေတာကို သဘောပေါက် တဟားဟားရယ်ပြီး ကျွန်တော်လိုနေသေးတဲ့ မုန့်ဖိုးလည်း ဖြည့်ပေး၊ ဘုန်းကြီးပါစေ အသက်ရှည် အနာမဲ့ပါစေဆုတွေလည်း ထပ်ပေးရတော့ တာပဲ။ ခိုင်းစရာများရှိလို့ လှမ်းခေါ်လိုက် ပြီဆိုမှဖြင့် ဟိုအကြောင်းပြ ဒီအကြောင်း ပြနဲ့ ကွေ့ပတ်ရှောင်ထွက်သွားတတ်ကြတဲ့ မြေးတွေမြစ်တွေလည်း ဒီလိုနေ့တွေမှာ တော့ အဖိုးအဖွားတွေဆီ လာကန်တော့ ထားကြတဲ့ ဘယ်ပစ္စည်း၊ ဘယ်စားစရာ များ ခွဲတမ်းကျလာမလဲ မျှော်ရင်း၊နင်းပေး ရမလားအဖိုး၊ နှိပ်ပေးရမလားအဖွားနဲ့ ရစ်သီရစ်သီလုပ်နေကြတော့တာလေ။

ဝါဆိုလထဲ “ခေဒေါ့ပွဲ” “ဆွမ်းတော် ကြီးတင်ပွဲ” တွေရှိတော့ “ဆန်းသစ်မုန့် တိုက်”တို့၊ ဈေးတောင်ဘက်လမ်းက “ခေတ်သစ်”တို့က ကိတ်နဲ့မုန့်မျိုးစုံ၊ ကုန်ခြောက်ဆိုင်တွေက မုန့်ပုံး၊ ယိုးဒယား ဘီစကစ်၊ အချိုရည်၊ နို့ဆီ၊ အိုဗာတင်း၊ ဟောလစ်စတာတွေ၊ သစ်သီးဆိုင်တွေ ရောင်းကောင်းကြတယ်။ ခေဒေါ့ပွဲရက် ကပ်လာတဲ့အချိန်ဆို “ဆန်းသစ်” ကိုဇော်လင်းတို့၊ “၃၃၃”ကိုရွှေကိုတို့၊ “မြတ်နိုးကိတ်”က ကိုသန်းထိုက်တို့ သူတို့ဝန်ထမ်းတွေကို “ထုတ်ကုန်နှစ်ဆ၊ တိုးမြှင့်ကြ” လို့ ဆော်ဩတိုက်တွန်းရ လောက်အောင်ထားဝယ်လေးမြို့နယ်က ဖောက်သည်တွေ၊ ဈေးဝယ်တွေနဲ့ သူတို့ ဆိုင်တွေ စည်ကားနေတော့မှာ မြင်ယောင် သေးတယ်။ အခုခေတ်မှာတော့ ရယ်ဒီ မိတ်လက်ဆောင်ခြင်းတွေ၊ လူကြီးတွေကို “ဂါ”ဖို့ ပုလင်းတွေဘာတွေပါတဲ့ “ဂါဆွဲ ခြင်း”၊ “လမ်းကြောင်းဆွဲခြင်း” တွေကို လည်း ကုန်စုံဆိုင်၊ စတိုးဆိုင်တွေမှာ တစ်နှစ်ပတ်လုံး အလွယ်ဝယ်လို့ရနေပြီမို့ ပုလင်းလေးပါမှ တင်းထားတဲ့ မျက်နှာ ကြောလျှော့တဲ့ “အဘ”တို့အတွက်ရော၊ လမ်းခင်းပြီး အန်းနင်းရှာတတ်သူတွေအ တွက်ပါ အဆင်ပြေနေပါပြီ။ ကျွန်တော် တို့ကိုယ်တိုင်လည်း သကြားလုံးလု ကောက်၊ ဦးသုံးကြိမ်ချပြီးတာနဲ့ မုန့်ဖိုး မျှော်တတ်တဲ့ ကလေးဘ၀အရွယ်တွေ လွန်ပြီး၊ ကိုယ့်ဘက်က တစ်ပြန်ကလေး တွေကို မုန့်ဖိုးစွန့်ကြဲ၊ ဘုန်းကြီးပါစေ အသက်ရှည်ပါစေ ဆုပေးစကားတွေ ဌာန် ကရိုဏ်းကျကျ၊ ဟိတ်မပျက်ဟန်မပျက်၊ မှင်နဲ့မောင်းနဲ့ ရွတ်ပြရမယ့် အရွယ်ထဲ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လို့ လာပါပကောလားလေ။