စေတနာဆိုပေမယ့် . . . .

0
532

ကျုပ်တို့ ရွာထဲမှာပဲကြည့်ဦး။ ကျောင်းဖွင့်တာမှ မကြာသေးဘူး ဟို ဘော်ဒါကပြေးလာ ဒီဘော်ဒါက ပြေးလာ နဲ့ ‘မိဘတွေမှာလည်း ခွေးဖင် ပျားစွဲသလို'(စကားပုံရိုင်းရင် ခွင့်လွှတ်ပါ) ခွေးရော ပျားရော ဘယ်မှာ အငြိမ်နေရ လို့တုန်း။ ချော့မော့ပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြ လိုအပ်တာလေးတွေ ဝယ်ခြမ်း ပေးပြိးရင် ပြန်လိုက်ပို့ကြနဲ့။ နေပူမှန်း မိုးရွာမှန်းကို မသိကြတော့ဘူး။

“ဟဲ့ မပို့လို့က ဖြစ်မလား ဒီနှစ်က မွေးခွန်းတွေ ပြောင်းမှာဆို”ဆိုတာက တစ်မျိုး။
“ရှိတာအကုန် သူအတွက် သုံးပြီးမှ တော့ တည်မိတဲ့ဘုရား ဠင်းတပဲ နားနား” ဆိုတာလည်း ပါသေးရဲ့။
တကယ်တော့ နယ်က ကျောင်းသား တွေနဲ့ မိဘတွေခမျာမှာတော့ မျက်ကန်း တစ္ဆေမကြောက် ဆိုသလိုပါပဲ။ ရွေးချယ် စရာ တစ်လမ်းပဲရှိတယ်။ ဆယ်တန်း ဆိုရင် မြို့ကိုပို့ ဒီတစ်လမ်းပဲ၊ ရွာမှာ လည်း အ.ထ.က(ခွဲ) တွေ တချို့ အ.ထ.က တွေရှိတာပါပဲ။ ဘယ်မှာ အောင်ချက် ကောင်းလို့တုန်း (အဲ အားလုံးတော့ မဟုတ် ပါဘူး အနည်းငယ်သော ဒေသတွေမှာ တော့ ကောင်းကြပါတယ်) ကျုပ်တို့ရွာ မှာတော့ မနှစ်က စာသင်နှစ်မှာ (၄၂)ယောက်ဖြေတာ (၂)ယောက်ပဲ အောင်တယ်။

ကဲ မရှက်ပါဘူး အမှန်အတိုင်းပဲ ဟာကို။
ဒီကြားထဲ အခုနှစ် ၂၀၁၈-၂၀၁၉ မှာက မေးခွန်းပုံစံလေး ပြောင်းလိုက် ပြန်ပြီဆိုပဲ။ နည်းနည်းလေးပါ ဆိုပေ မယ့် နယ်မှာက နည်းခြင်းနည်း များခြင်းများ အချိန်နဲ့တပြေးညီဖြစ်ဖို့ မလွယ်ဘူး။ သောကြာနေ့ဆိုရင်သာ ဆရာ^ဆရာမတချို့ အချိန်နဲ့ တပြေးညီ လစ်ကြတော့တာပဲ။ ဒီတော့ ကျောင်း ပိတ်ရက်လေးမှာ လိုက်မမီတဲ့ စာတွေကို ကျူရှင်လေးဘာလေးနဲ့ ဖြည့်စွက်ရ အောင်ကလည်း ကျူရှင်က မရှိဘူးလေ။
မိဘတွေရဲ့ စိတ်ဆန္ဒပြင်းပြမှုတွေ ဆာလောင်မွတ်သိပ်မှုတွေ စိတ်ကူးပုံရိပ် တွေက ဆရာဝန်တို့ အင်ဂျင်နီယာတို့ စစ်ဗိုလ်တို့ ဖြစ်ချင်တာ တချို့သားသမီး တွေက ခုအရွယ်ထိ ဘာဖြစ်ချင်တယ် ဘာဝါသနာပါတယ်ဆိုတာ ကွဲကွဲ ပြားပြား မသိသေးဘူး မိဘဖြစ်ချင်တာကို သားသမီးဘ၀တွေထဲ မဆန့်မပြဲ စိထည့် နေကြတော့ ခံနိုင်ဝန်နည်းတဲ့ သားသမီး တွေခမျာ ဗြုန်းစားကြီး စည်းထဲ ဘောင်ထဲ ကျဉ်းထဲ ကျပ်ထဲ အသွင်း အကျပ်ခံလိုက် ရတော့ ဟော ပြေးကုန်ပြီ။
အဲလို ဖြစ်တဲ့အထဲမှာ နောက်တစ် ခုက မိဘတွေရဲ့ တလွဲ စေတနာပဲ။

ဘယ်သူမပြု မိမိမှုပဲလေ။ တစ်ခါ တစ်ခါ မိဘတွေရဲ့ စေတနာတွေဟာ သားသမီးတွေအတွက် ခွန်အားမဖြစ်ဘဲ ဖိအားတွေ ဝန်ထုပ် ဝန်ပိုးတွေ ဖြစ်ကုန် ရော။ ပေါ့စေချင်လို့ ကြောင်ရုပ် ထိုးပေး ခဲ့ကြပေမယ့် ဆေးကြောင့် လေးခဲ့ကြ ရတယ်။
ကိုယ့်ဒေသမှာတော့ ကျောင်းနေ ပျော်ပေမယ့် စာတော်ဖို့ ခက်ကြရတယ်။ ဟော . . . မြို့ကျောင်းတွေ ဆီပို့ပြန် တော့လည်း ကျောင်းနေ မပျော်ကြပြန် ဘူး။ ခက်တော့ခက်ပြီ။ မျက်ရည်စက် လက်နဲ့ အမျိုးမျိုးပြောကြဆိုကြ မိဘ တွေက သည်းသည်းလှုပ်တော့ သား သမီးတွေကလည်း တကဲကဲနဲ့။ ကိုယ့် ကိုယ်ကို အားကိုးချင်စိတ် ရုံးထချင်စိတ် တွေ မရှိကြတော့ ထစ်ကနဲဆို အမေ့ အားကိုး။
အဲတာ ဘာဖြစ်ကြတာလဲ၊ ဘယ်က စတာလဲ အရင်းစစ်တော့ မြေမှာ အမြစ် တဲ့ဗျာ။

ကျုပ်တို့ ငယ်ငယ်က အမေကိုယ် တိုင် ကျောင်းအပ် ကျောင်းပို့ခဲ့တာပဲ။ တကယ်လိုအပ်တဲ့ မူလတန်း အဆင့် တုန်းကပါ။ အလယ်တန်း အထက်တန်း တွေမှာ အမေတကောက်ကောက် မလိုက် တော့ဘူး။ သွားစမ်း လုပ်စမ်း လွှတ်ပေး ခဲ့တယ်။ ဥပက္ခာပြုတာ မဟုတ်ဘူးနော်။ အမေ့လက်ထဲမှာ ကိုယ့်အား ကိုယ်ကိုး စေဖို့ မျိုးစေ့ချပေးခဲ့ကြတာပါ။ အဲတာ ကြောင့်လည်း တစ်နယ်တစ်ကျေးဆီ ကျောင်းတက်တဲ့အချိန်တွေမှာ ပျော့ညံ့တဲ့ စိတ်တွေ သူများအားကိုးချင်တဲ့ စိတ်တွေ ကင်းကင်းနဲ့ လှေကားထစ်ပေါင်းများ စွာကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းနိုင် ခဲ့ကြတယ်။
ချစ်တာပေါ့ဗျာ မိဘပဲ။ ဒါပေမယ့် လွန်ကဲတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အလယ် တန်းဆိုထားဦး၊ အထက်တန်းတွေ အဆင့်ထိ တကောက်ကောက်လိုက်ရင်း အရိပ်တကြည့်ကြည့်နဲ့ဆိုရင် ဘယ်အချိန် မှာ လမ်းလျှောက်တတ်တော့မှာလဲ။ ကမ်းလွန် ပင်လယ်ပြင်ကို ရောက်ရင် ကော အဆိုးဆုံးအချိန်တွေမှာ ယုံကြည် ချက်တွေ ပျောက်ဆုံးပြီး ဘယ်လိုလှော် ခတ်ကြမလဲ၊ တိုင်းပြည်ရဲ့ အရင်းအမြစ် တွေဟာ အမေ့ချည်း အားကိုးနေရင် အမေမရှိတဲ့အချိန် ဘယ်လိုစွမ်းဆောင် နိုင်ကြမလဲ။

အမေကလည်း ခွာသင့်တဲ့အချိန် ခွာပေးမှ သားသမီးကလည်း မာသင့်တဲ့ အချိန် မာပေးမှ လမ်းကြောင်းမှန်ပေါ် ရောက်မှာပေါ့။ အားကောင်းမောင်းသန်တဲ့ သားသမီးတွေဖြစ်မှာပေါ့။ အမေဆို တာကတော့ သားသမီးတွေကို ဘယ် အချိန်ကြည့်ကြည့် စိုးရိမ်မိကြမှာပါ။ ဒါပေမယ့် အချစ်ကြောင့် လောင်းရိပ် မိမသွားဖို့အတွက်တော့ စိတ်ကိုလျှော့ ထားရဦးမယ်လေ။
လက်ရေတစ်ပြင်တည်း နေတတ် ထိုင်တတ်အောင် စိတ်ဓာတ် ခွန်အားနဲ့ လှော်ခတ်ရဲအောင် အထက်တန်း အလယ်တန်း အဆင့်တွေကတည်းက အစပျိုးပေးခဲ့မှ တက္ကသိုလ်တွေ ရေခြား မြေခြား နိုင်ငံရပ်ခြား ပညာတော်သင် တွေအထိ အမေစိတ်အေး ရမှာပေါ့။ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ “အတ္တာဟိ အတ္တနော နာထော”တဲ့ ကိုယ့်ကိုကိုယ် အားကိုးတတ်စွာနှင့် လောကကို ရင်ဆိုင်ဖို့ ကြောင်ရုပ်ထိုးပေးစရာမလို ဆေးကြောင့်လည်း မလေးရအောင် ဆရာ ကောင်းတပည့်များ ပန်းကောင်း ပန်နိုင်ကြပါစေခင်ဗျား။