သဲ၊ ကျောက်၊ အမှိုက်၊ မြေကားများ လမ်းပေါ်ဖိတ်စဉ်က အနည်းဆုံး ကျပ်ငါးသောင်း၊ ထပ်ဖြစ်က ဆတိုး ဒဏ်ရိုက်မည်

0
452

ထားဝယ်မြို့အတွင်း သဲကျောက် တင်ကား၊ မြေကားနှင့် အမှိုက်ကားများ လမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံး ငွေ ကျပ် ငါးသောင်းမှဒဏ်ရိုက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ဆတိုး ဒဏ်ရိုက်တော့မည်ဖြစ်သည်။
အများပြည်သူသွား လမ်းမပေါ်တွင် ဖိတ်စဉ်ပါက ဒဏ်ရိုက်မည့်အစီအစဉ်ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ပထမအကြိမ်တွင် ငွေကျပ် ငါးသောင်းမှစကာ နောက်အကြိမ်များတွင် ဒဏ်ကြေးငွေကို ၁ ဆစီ တိုးမြှင့်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ငွေဒဏ်ရိုက်မည့်အပြင် ဖိတ်စဉ် သည့် မြေကြီး၊ သဲကျောက်နှင့် အမှိုက် များကို ပြန်လည်သန့်ရှင်းပေးရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းအပြင် ကားများတွင် တာလ ပတ်ကဲ့သို့ အဖုံးများ မဖုံးအုပ်ပါကလည်း အထက်ပါနှုန်းထားအတိုင်းပင် ဒဏ်ရိုက် မည်ဖြစ်ကြောင်း အတွင်းရေးမှူးကဆို သည်။
“ထော်လာဂျီကအစ ကားကြီး၊ ကားသေး မခွဲထားဘူး၊ ဖိတ်စဉ်ရင် အားလုံးဒဏ်ရိုက်မယ်”ဟု ကော်မတီ အတွင်းရေးမှူးက ပြောသည်။
ထို့အပြင် စည်ပင်သာယာရေးအဖွဲ့ ပိုင် အမှိုက်ကားများနှင့် ပုဂ္ဂလိကအမှိုက် ကားများကိုလည်း အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံသို့ သွားလာရာတွင် တာလပတ် မဖုံးခြင်း၊ လမ်းမပေါ်ဖိတ်စင်ခြင်းများ ရှိက ဒဏ်ရိုက်မည်ဖြစ်ကြောင်းကော်မတီ အတွင်းရေးမှူးက ဆိုသည်။

သဲကျောက်၊ မြေကြီး တင်သည့် ကားများ၏ ကားဘီးကြားတွင် ရွှံ့စေး များ ကပ်ပါလာပြီး လမ်းမပေါ်ပေကျံ နေပါကလည်း ဒဏ်ရိုက်ခံရမည်ဖြစ် သည်။
ကားများတွင် သဲကျောက်၊ မြေ၊ အမှိုက်တင်ဆောင်လာပါက ဖုံးအုပ်ထား မှုမရှိခြင်း၊ လမ်းမပေါ်ဖိတ်စဉ်ခြင်းများ ရှိပါက ပြည်သူများအနေဖြင့် မြို့နယ် စည်ပင်ကော်မတီထံ တိုင်ကြားစေလို ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“ပြည်သူမပါရင် မအောင်မြင်ဘူး လေ၊ ပြည်သူပါမှ အောင်မြင်မှာပါ”ဟု ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။
ယင်းကဲ့သို့ ဖိတ်စဉ်ပါက အရေးယူ မည့်အကြောင်းကို ဇူလိုင်လ ၁၃ ရက်က သက်ဆိုင်ရာ လုပ်ငန်းရှင်များအား စည်ပင် သာယာရေးကော်မတီက ခေါ် ယူကာ အသိပေးခဲ့သည်။
ယင်းကဲ့သို့ စည်းကမ်းတင်းကြပ် ခြင်းကို ထောက်ခံပြီး ဒဏ်ကြေးရိုက်မည့် အစီအစဉ်က နောက်ကျနေသည်ဟု ထင်ကြောင်း ထားဝယ်မြို့နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြော သည်။
“မြေသယ်ကားတွေက နွေရာသီဆို မြေမှုန့်တွေနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး၊ အမှိုက်ကားတွေကလည်း ဖုံးထားတာမရှိတော့ ရောဂါပိုးဖြန့်နေ သလိုပဲ”ဟု ၎င်းက ဆိုသည်။

သဲကျောက်များ၊ မြေကြီးများနှင့် အမှိုက်များ ကားပေါ်မှ ဖိတ်စဉ်ကျန် ခဲ့ခြင်း၊ ကားဘီးတွင်ကပ်ပါလာသည့် အတွက် လမ်းမညစ်ပေခြင်းများနှင့် ပတ် သက်၍ ဖုန်းနံပါတ်- ၀၉၂၅၄၃၀၃၉၀၀၊ ၀၉၈၅၉၁၃၂၄၊ ၀၉၄၅၀၉၉၀၃၅၅ ထံ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မြို့နယ်စည်ပင်ကော်မတီထံမှသိရ သည်။