ငြီးငွေ့ ခြင်း အတွင်း/အပြင်

0
34

ရီဝေ ငေးတွေးနေပြီး ပျင်းလိမ် နေသည့် ပုံပေါက်နေသည့် လက်ဖက်ရည် ဖျော်ဆရာဖျော်သည့် လက်ဖက်ရည် ဆိုင်မှာ လက်ဖက်ရည်သောက်တိုင်း တစ်ခုခု လိုနေသည်ဟု မိတ်ဆွေ ခံစားရ ပါလိမ့်မည်။
တစ်နေ့တစ်နေ့ ဒီဟင်းဒီဟင်းသာ အမြဲတမ်းနီးပါး ချက်နေရသည့်အတွက် ငြီးငွေ့နေသည့် ထမင်းဆိုင်ပိုင်ရှင် ရောင်း သည့်ဆိုင်တွင် ထမင်းစားရင်း အရသာ မတွေ့ဖြစ်လာသောကြောင့် ဆိုင်ပြောင်း စားသည့် အဖြစ်မျိုးလည်း ကြုံဖူးမည် ထင်ပါသည်။
ကိုယ့်အလုပ်ကိုယ် အရသာမတွေ့ တော့သောကြောင့် တာဝန်ကျေသာ လုပ်နေသည့် စားပွဲထိုးတစ်ယောက်၏ ဝန်ဆောင်မှုကြောင့် နောက်တစ်ခါ သည်ဆိုင် မသွားတော့ဟု ဆုံးဖြတ်လိုက် သည်မျိုးလည်း ရှိမည်။

အခြားတစ်ဖက်တွင်
ကိုယ့်ဘက်က ဘာမှ မပြောင်းလဲ သော်လည်း အရင်က လက်ဖက်ရည် ကောင်းလှချည်ရဲ့ဟု ထောပနာပြုပြီး လာသောက်နေသည့် ဖောက်သည်များက လက်ဖက်ရည် အရသာနှင့် ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်လာသည်။
ကိုယ့်ဘက်က ဘာမှ မပြောင်းလဲ သော်လည်း ဟင်းများ စားမကောင်းဟု ပြောလာသည်။
ကိုယ်ဘက်က ဘာမှ မပြောင်းလဲ သော်လည်း စားပွဲထိုးများ ဝန်ဆောင်မှု မကောင်းဟု ပြောလာသည်။
အခြေအနေ နှစ်ခုမှာ မတူ။
လူတစ်ဦးချင်းစီတွင်လည်းကောင်း၊ လုပ်ငန်းတစ်ခုချင်း အဖွဲ့အစည်းတစ်ခုချင်းစီတွင်လည်းကောင်း ကာယကံရှင် များ ကိုယ်တိုင် သတိမမူမိဘဲ မကြာ ခဏဆိုသလို တွေ့ရသည်မှာ ငြီးငွေ့ခြင်း ဖြစ်သည်။

အတွင်းရန်
လုပ်ငန်းတစ်ခုကိုဖြစ်စေ အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ စတင်အကောင်အထည် ဖော်ရန် များစွာ မခက်လှသော်လည်း အဆိုပါ လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်း ကို ရေရှည် အောင်မြင်အောင် ထိန်းသိမ်း ရသည်မှာ အင်မတန်ပင် ခက်လှသည်။
များစွာသော စိန်ခေါ်မှုများအနက် ဦးစီးဦးရွက် ပြုနေသူများ၊ လုပ်ငန်း အဆင့် ဆင့်တွင် ပါဝင် အကောင်အထည်ဖော် သည့်သူများ၏ ငြီးငွေ့မှုသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

ငြီးငွေ့မှုကို ဖြစ်စေသည့် အကြောင်း ရင်းခံ များစွာရှိသည်။
ဝါသနာပါခြင်းမပါခြင်း၊ ဝါသနာ ပါသော်လည်း ကိုယ့်ရဲ့ အနာဂတ်အမြင် နှင့် သေချာစွာ မချိတ်ဆက်နိုင်ခြင်း၊ ဒါ ဒါချည်း ပတ်လည်ရိုက်နေရခြင်း၊ စိန်ခေါ် မှု အသစ်အဆန်းများ မရှိတော့ခြင်း သို့မဟုတ် စိန်ခေါ်မှုများအပေါ် ရင်ခုန် လှုပ်ခတ်မှု မရှိတော့ခြင်း စသည်တို့မှာ ကြီးမားသည့် ပြဿနာ ဖြစ်သည်။
အားလုံးသိပြီးသား ဖြစ်သည်။ ဝါသနာပါသည့်အခါ အလုပ်ကို အလုပ် ဟုပင် မမြင်တော့။ တမေ့တမော့ ဘ၀နှင့် တစ်ထပ်တည်း ပါနေသည်။ အချိန်နှင့် အမျှ ဆန်းသစ်ကြံဆနေသည်။

ဝါသနာမပါသည့်အခါ အလုပ် သည် တာဝန်အရလုပ်ရသည့် အလုပ် သက်သက်သာဖြစ်ပြီး အလွယ်တကူ ငြီးငွေ့သွားတတ်သည်။
ဝါသနာပါသော်လည်း အနာဂတ် အမြင်နှင့် မချိတ်မိသည့်အခါ လမ်းခု လတ်တွင် ဟာတာတာကြီး ဖြစ်လာတတ် သည်။
မည်သူမဆို မည်သည့်အခြေအနေ မျိုးဖြင့် လုပ်ကိုင်နေသူမဆို ကြုံရမည်မှာ ဒါ ဒါချည်း ပတ်လည်ရိုက်နေရခြင်း၊ စိန်ခေါ်မှု အသစ်အဆန်းများ မရှိတော့ ခြင်း သို့မဟုတ် စိန်ခေါ်မှုများအပေါ် ရင်ခုန်လှုပ်ခတ်မှု မရှိတော့ခြင်းကြောင့် ဖြစ်သည့် ငြီးငွေ့ခြင်း ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ဖြစ်ဖြစ်၊ မည်သည့် အခြေအနေမျိုးတွင် ဖြစ်ဖြစ် ငြီးငွေ့ခြင်းသည် ကြောက်စရာ အလွန်ကောင်းသည့် အတွင်းရန်သူဖြစ် သည်။
ငြီးငွေ့မှုဖြစ်လာသည့်အခါ သူ့၏ သဘာဝအတိုင်းအာရုံစိုက်မှု ကျလာ သည်။ တက်ကြွစွာ ပါဝင်မှုမရှိတော့။ နောက်ဆက်တွဲအနေဖြင့် အမှားပါလာပြီး လုပ်ငန်းအပေါ်၊ အဖွဲ့အစည်းအပေါ်မှာ ရော ကာယကံရှင်အပေါ်မှာပါ သက် ရောက်မှုကြီးစွာ ဖြစ်သည်။
ယင်းသို့သော အနေအထားတွင် အပြောင်းအလဲများ လုပ်ခြင်းဖြင့် ကုစား နိုင်ပေသည်။

သို့သော် ထိုငြီးငွေ့မှုကို
၁) မည်မျှ စောစော သတိပြုမိသည်၊ ၂) ကုစားရန် အပြောင်းအလဲ လုပ်ရ မည်ဟု အလေးအနက်ထားသည်၊ ၃) အလေးအနက် ထားသည့်အတိုင်း လက်တွေ့ အကောင်အထည်ဖော်ရန် အဆင်သင့်မည်မျှ ဖြစ်သည် စသည့် အချက်များကလည်း များစွာ စကားပြော သေးသည်။
ငြီးငွေ့မှုနှင့် ပတ်သက်ပြီး နောက် ထပ်သတိပြုရမည့်အချက်မှာ အလုပ် မဖြစ် အထမမြောက်သည့် ကိစ္စများ ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ လုပ်ကိုင်လိုစိတ် မရှိတော့ခြင်းနှင့် မရော နှောရန် ဖြစ်သည်။ ယင်းမှာ လက်မြောက် အရှုံးပေးလိုခြင်း ဖြစ်သည်။ သို့သော် တခါတရံတွင် လက်မြှောက်အရှုံးပေးချင် နေသည့်စိတ်ကို လူအသိမခံချင်၊ ကိုယ့် ကိုကိုယ် လက်မခံချင်သည့်အခါ ငြီးငွေ့ မှုနှင့် ရောချတတ်သည်။

“တော်ပြီး ပြောရတာ မောသွားပြီ၊ ကျွဲပါးစောင်းတီးသလိုပဲ”
“တော်ပြီ လုပ်ရတာ ပျင်းသွားပြီ၊ ဘာမှလည်း ထူးမလာဘူး”
“ဒုံရင်းက ဒုံရင်းနဲ့ ခင်ဗျား အခုထိ မပျင်းသေးဘူးလား”
စသဖြင့် ပြောဆိုနေသည့် အခြေ အနေများသည် ငြီးငွေ့မှုနည်းနည်း လက် မြောက်အရှုံးပေးလိုစိတ် များများ ဖြစ် နေသည့် အခြေအနေမျိုး ဖြစ်သည်။
ငြီးငွေ့မှုသည် ကိုင်တွယ် ဖြေရှင်း၍ မရသည့် ပြဿနာတော့ မဟုတ်ပေ။
နည်းလမ်းများစွာဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်ပေသည်။ ကိုင်တွယ်ရန် အတွက် အထူးအရေးပါသူများမှာ ဦးစီး ဦးရွက်ပြုသူများ ဖြစ်သည်။ လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းကို ဦးစီးဦးရွက် ပြုသူများက မြန်မြန်စောစော သတိမူ မိလေ၊ ပါးပါးနပ်နပ်၊ အမြင်ကျယ်ကျယ် ဖြင့် ကိုင်တွယ်နိုင်လေ ထိခိုက်နစ်နာမှု နည်းပါးမည် ဖြစ်သည်။

အပြင်ရန်
အဖွဲ့အစည်းများ၊ လုပ်ငန်းများသည် အတွင်းရန်ဖြစ်သည့် အဖွဲ့စည်းအတွင်း ငြီးငွေ့မှုကို သတိပြု ကိုင်တွယ်ရသည့် အပြင် အပြင်ရန်ဟု ပြောနိုင်သည့် အဖွဲ့ အစည်းပြင်ပ ငြီးငွေ့မှု တနည်းအားဖြင့် စားသုံးသူများ၊ အကျိုးခံစားခွင့်ရသူ များ၏ ငြီးငွေ့မှုကိုလည်း အထူးသတိ ပြုရန် လိုပေသည်။
စားသုံးသူများသည် မိမိစားသုံး နေသော၊ အသုံးပြုနေသော အစား အသောက်၊ ပစ္စည်းများနှင့် ပတ်သက်ပြီး ကာလတစ်ခုရောက်လျှင် ငြီးငွေ့သွား တတ်သည်။ တောင်းဆိုမှု ပိုများလာ တတ်သည်။

ယင်းမှာ စားသုံးသူများ၏ အမူ အကျင့်ဟုပင် ပြောနိုင်သည်။
အောင်မြင်နေသည့် စီးပွားရေး လုပ်ငန်းရှင်တချို့ ပြောသည်ကို မှတ် သား ဖူးသည်မှာ စားသောက်ကုန်တစ်ခုကို ထုတ်လုပ်ပြီး နှစ်ကာလတစ်ခုသို့ ရောက် လာသည့်အခါ နောက်ထပ်တံဆိပ် တစ်မျိုး ပုံစံတစ်မျိုး၊ အရသာတစ်မျိုး၊ ဈေးနှုန်းတစ်မျိုးဖြင့် ထုတ်လုပ်နိုင်ရန် ပြင်ဆင်ထားရသည် ဟူ၏။
ပြန်ချုပ်ရလျှင် လူတစ်ဦး၊ လုပ်ငန်း တစ်ခု အဖွဲ့အစည်းတစ်ခု၏ ရေရှည် အောင်မြင်မှုအတွက် အတွင်းရန်ဟု ခေါ်သည့် အဖွဲ့အစည်းတွင်း ငြီးငွေ့မှုနှင့် အပြင်ရန်ဟုခေါ်သည့် စားသုံးသူများ၏ ငြီးငွေ့မှုများကို သတိကြီးစွာဖြင့် နည်းလမ်းရှာ ကိုင်တွယ်ရမည် ဖြစ်သည်။