မြိတ်တွင် ပြည်ပတင်ပို့မည့် ရော်ဘာထုတ်စက်ရုံ ယခုလအတွင်း လည်ပတ်မည်

0
424

မြိတ်မှ မလေးရှား၊ စင်ကာပူနှင့် တရုတ်နိုင်ငံများကို တင်ပို့မည့် ရော်ဘာ ထုတ်လုပ်မည့်စက်ရုံကို ယခုဇူလိုင်လ အတွင်း စတင်လည်ပတ်မည်ဖြစ်ကြောင်း ဖိုးလမင်း ရော်ဘာစက်မှုလက်ငန်း ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
ယင်းစက်ရုံကို မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ငါးအင်းရွာတွင် တည်ဆောက်လျက်ရှိပြီး ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
“နိုင်ငံခြား ဖောက်သည်တွေက ရှိပြီးသားပါ၊ မြန်မာနိုင်ငံမှာရှိတဲ့ ရော် ဘာအရည်အသွေးကိုလည်း သူတို့က လက်ခံကြတယ် “ဟု ကုမ္ပဏီတာဝန်ရှိသူ ဦးစိုးမင်းသန့်က ပြောသည်။

စက်ရုံအတွက် ရော်ဘာအရည် ကိုသာ ဝယ်ယူသွားမည်ဖြစ်ပြီး တစ်နှစ် တန်ချိန် ခြောက်ထောင်အထိ ထုတ်လုပ် နိုင်ရန် ရည်မှန်းထားသည်ဟု ၎င်းက ဆိုသည်။
ရော်ဘာထွက်ကုန် တိုးမြှင့်ရန် အစိုးရ ကမျှော်မှန်း ထားသည့်အတွက် ပို့ကုန် ဖြစ်သည့် ရော်ဘာကို တိုးမြင့် ထုတ်လုပ် ပြီး ဈေးကောင်းရရှိရန်နှင့် အရည်အသွေး မြင့်မားသော ရော်ဘာအတုံးများ ထုတ် လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုး ဖောက်သွားနိုင်ရန်အတွက် စက်ရုံတည် ဆောက်ရခြင်းဖြစ်သည်ဟု ဦးစိုးမင်းသန့် က ပြောသည်။

-.
“ဒေသခံတွေက မှိုင်းခံရော်ဘာ ချည်းထုတ်နေရင် ဝယ်လို့မရပါဘူး၊ ကမ္ဘာမှာဝယ်တဲ့ပုံစံ ပြောင်းနေလို့ သူတို့ လိုချင်တဲ့ပုံစံ ရောင်းပေးဖို့လိုတယ်” ဟု ဦးစိုးမင်းသန့်က ဆိုသည်။
ယင်းစက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး အလုပ်အကိုင်ရရှိမည်ကို ဝမ်းသာသော်လည်း စက်ရုံမှထွက်ရှိလာ နိုင်မည့် အနံ့ဆိုးနှင့် ရေဆိုးများကြောင့် ကျန်းမာရေးထိခိုက်မှု ရှိလာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

“ကျန်းမာရေးက မကောင်းဘူးဆိုရင် ဘာအလုပ်မှ လုပ်နိုင်မှာမဟုတ်ဘူး” ဟု ငါးအင်းရွာသား ကိုစံရှားက ပြောသည်။
အဆိုပါစက်ရုံသည် မြိတ်မြို့မှ မိုင် ၂၀ ကျော်ကွာဝေးပြီး ငါးအင်းရွာရှိ လူနေအိမ်များနှင့် ပေနှစ်ထောင်ခန့် ကွာ ဝေးသည်ဟု ဦးစိုးမင်းသန့်က ဆိုသည်။
ပင်းအိုကျေးရွာအုပ်စု၌ ငါးအင်းရွာ အပါအဝင် ကျေးရွာပေါင်း ခုနစ်ရွာရှိပြီး ရွာသားအများစုမှာ ရော်ဘာစိုက်ပျိုးခြင်း နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြ ကြောင်း ပင်းအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဝင်းက ပြောသည်။
ယင်းရော်ဘာစက်ရုံ၏ ကနဦး ပတ်ဝန်းကျင်စစ်ဆေးခြင်း အစီရင်ခံစာ ကို ဇွန်လ ၃၀ ရက်က ကျေးရွာလူထု နှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။