တာယာထုတ်နိုင်သည့် ရော်ဘာကုန်ချောစက်ရုံ ထားဝယ်တွင် ဆောက်မည်

0
506

ဆိုင်ကယ်နှင့် စက်ဘီးတာယာများ အပါအဝင် ရော်ဘာကုန်ချောများ ထုတ် လုပ်မည့် စက်ရုံတစ်ခုကို ထားဝယ်ခရိုင် အတွင်းရှိ ကလိန်အောင်မြို့တွင် တည် ဆောက်မည်ဖြစ်ကြောင်း ထိုင်း-မြန်မာ ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။
အဆိုပါစက်ရုံကို Unity Dawei ကုမ္ပဏီနှင့် Thailand Golden Wood တို့ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီ က ကလိန်အောင်မြို့၊ကျောက်ရှပ်ရွာရှိ မြေ ၁၀ ဧကပေါ်တွင်တည်ဆောက်မည် ဖြစ်ပြီး ပြီးခဲ့သည့် ငါးလခန့်က မြေယာ အခြားနည်းအသုံးပြုခွင့် လျှောက်ထား ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။
“ဒီနှစ်အတွင်း စဆောက်ဖြစ်မယ် ထင်တယ်”ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။

ယင်းစက်ရုံမှ ဆိုင်ကယ်နှင့်စက်ဘီး တာယာ၊ ဖိနပ်၊ လက်အိတ် အစရှိသည့် လူသုံးကုန်ပစ္စည်းများနှင့် ရော်ဘာကြိတ် ပေါင်းသား၊ ရော်ဘာသစ် အချောထည် များကိုပါ ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်ရုံအတွက် လိုအပ်သည့် ကုန် ကြမ်းကို ထားဝယ်ခရိုင် လေးမြို့နယ်နှင့် မွန်ပြည်နယ်တို့မှ ရယူသွားမည်ဖြစ်ပြီး ထုတ်လုပ်ပြီး ကုန်ချောကို ဂျပန်နိုင်ငံသို့ တင်ပို့ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောသည်။

စက်ရုံဆောက်ပြီး ပထမအဆင့် တွင် ရော်ဘာသစ်မှ သစ်ပေါင်းသား၊ ကြိတ်သားကို ထုတ်လုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ရော်ဘာစေးမှ ဆိုင်ကယ် စက်ဘီးတာယာ၊ ဖိနပ်၊လက် အိတ်စသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်မည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင် က ဆိုသည်။
တတိယအဆင့်တွင် ရော်ဘာကြိတ် ပြားမှ အိမ်ထောင်သုံးပရိဘောဂပစ္စည်း များထုတ်လုပ်ရန် ရည်မှန်းထားပြီး ထိုင်းနိုင်ငံထုတ် စက်ပစ္စည်းကိရိယာများ ကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စက်ရုံ၏ ကနဦးရင်းနှီးမြှုပ်နှံငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၂ သန်း ရှိမည်ဖြစ်ကာ အလုပ်သမား ၃၀၀ ခန့်ကို အလုပ်ခန့်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။