ကျောက်မဲတောင်တွင် လေပြင်းကြောင့် ဓာတ်မီးတိုင် တစ်ဆယ်ကျော်ပျက်စီး

0
446

ထားဝယ်မြို့နယ်၊ ကျောက်မဲ တောင်ကျေးရွာတွင် ဇူလိုင်လ ၆ ရက်က လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာ သွန်းခဲ့ခြင်းကြောင့် လမ်းဘေးရှိ လျှပ်စစ် ဓာတ်မီးကြိုးအပေါ် တမာပင်လဲကျပြီး ဓာတ်မီးတိုင် ၁၂ တိုင် ကျိုးသွားခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။
ယင်းကျိုးသွားသည့် ဓာတ်တိုင်များ ကို လျှပ်စစ်ဌာနမှ နေ့ချင်းပြီး အသစ်ပြန် စိုက်ပေးနေပြီး အခြားပျက်စီး ထိခိုက်မှု မရှိကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က ပြောသည်။

“သူက မီးကြိုးအပေါ်ကို သစ်ပင် ဝိတ်နဲ့ လဲကျတာဆိုတော့ မီးတိုင်တွေ တောက်လျှောက် ဆွဲလှဲသွားတဲ့သဘော ပါ။ အရည်အသွေးမပြည့်လို့ လဲကျတာ မျိုးမဟုတ်ဘူး”ဟု ၎င်းကဆိုသည်။
ယင်းကျေးရွာတွင် ဓာတ်မီးတိုင် များ ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ၂၄ နာရီ လျှပ်စစ်မီးအတွက် မီတာပုံးများတပ်ဆင် နေချိန်တွင် ဓာတ်တိုင်များ လဲကျခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းဓာတ်မီးတိုင်နှင့် သစ်ပင်လဲ ကျမှု ပြန်ရှင်းလင်းရန် ကျေးရွာသူ၊ ကျေးရွာသားများ၊ ရဲတပ်ဖွဲ့ဝင်အချို့၊ တပ်မတော်သားအချို့တို့က လာရောက် ကူညီခဲ့ကြောင်း သိရသည်။