ပလပ်စတစ်အမိုးအကာဖြင့် သီးနှံပင်များ စံပြ စစိုက်မည်

0
614

ပလပ်စတစ် အမိုးအကာကို အသုံး ပြုသည့် စိုက်ပျိုးရေးစနစ်ဖြင့် ဟင်းသီး ဟင်းရွက် သီးနှံပင်များကို စံပြအနေဖြင့် စတင်စိုက်ပျိုး မည်ဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ထံမှ သိရသည်။
ယင်းစနစ်မှာ ပလပ်စတစ်အကြည် မိုးထားပြီး ပိုးမွှားမဝင်နိုင်သောအကွက် စိပ်ဇကာများ ကာရံထားကာ သံဖရိန်ဖြင့် တည်ဆောက်ထားသည့် အမိုးအကာ အောက်တွင် စိုက်ပျိုးသည့် စနစ်ဖြစ် သည်။

အဆိုပါ အမိုးအကာအောက်တွင် ငရုတ်ချို၊ ခရမ်းချဉ်သီး၊ မုံလာဥနီ၊ စတော်ဘယ်ရီသီး၊ ဆလပ်ရွက် ၊ ကိုက် လန်ရွက် အစရှိသည့် သီးနှံပင်များနှင့် ပန်းပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးနိုင်ဦးက ဆိုသည်။
ယင်းကဲ့သို့ စိုက်ပျိုးပါက မိုးရာသီ တွင်ပင် စိုက်ပျိုးနိုင်ခြင်း၊ အလုံပိတ်စိုက် ပျိုးခြင်းဖြစ်သည့်အတွက် ရောဂါပိုးမွှား များ မဝင်နိုင်ခြင်း၊ ပိုးမွှားမဝင်ခြင်းကြောင့် ပိုးသတ်ဆေးမသုံးစွဲရခြင်း အစရှိသည့် အကျိုးများရနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စံပြအနေနှင့် ဌာနက လုပ်ဆောင် နေခြင်းဖြစ်ပြီး စိုက်ပျိုးသည့်နည်းပညာ များကို လေ့လာနိုင်ရန် လာမည့် အောက်တိုဘာလ ခန့်တွင် စိတ်ဝင်စားသူ များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဦးနိုင်ဦးက ဆိုသည်။

“မိုးများတဲ့ကာလမှာ စိုက်လို့မရတဲ့ အပင်တွေ စိုက်နိုင်ပြီး ရေရှားချိန်တွေမှာ ရေသိပ်သုံးစရာမလိုဘဲ စိုက်နိုင်တယ်”ဟု ၎င်းကပြောသည်။
အဆိုပါစနစ်တွင် ရေမှုန်ဖျန်းသည့် စနစ်နှင့် ရေအစက်ချသည့် စနစ်များ ပါဝင်ပြီး မြေကြီးတွင် အပင်နေရာမှလွဲ၍ ပလပ်စတစ်ခင်းထားသည့်အတွက် ပေါင်းမြက်ရှင်းရန် မလိုအပ်ကြောင်း ဦးနိုင်ဦးက ဆိုသည်။

လက်ရှိတွင် ၁၆ ပေ၊ ၂၄ ပေ အရွယ်အစားရှိ အဆောက်အအုံကို ထားဝယ်မြို့ရှိ တိုင်းစိုက်ပျိုးရေးဦးစီးမှူး နေအိမ်ဝင်းတွင် ဆောက်ထားပြီး ၂၄ ပေ၊ ၆၀ ပေ အရွယ်ရှိ အဆောက်အအုံများ ကိုမူ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆောက်လုပ် မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။