ထားဝယ်မြစ်ကူးတံတားသစ် ဘယ်နေရာမှာ ဆောက်မလဲ

0
724

၂၀၁၉ ခုနှစ်တွင် စတင်တည် ဆောက်ရန်ရှိသော ထားဝယ်မြစ်ကူး တံတားသစ်ကို လက်ရှိ ကမြောကင်း တံတားနှင့်ကပ်လျက် (DDPC ရှော့ပင်း စင်တာ အနီး)တွင် တည်ဆောက်မည်ဟု လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောလာသည်။
လက်ရှိ ကမြောကင်းတံတား၏ သက်တမ်းအရ ယင်းတံတားနေရာတွင် အစားထိုးကုစားသည့်အနေဖြင့် ယင်းနေ ရာတွင် တည်ဆောက်မည်ဟု တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် ပြောလာသည်။
လက်ရှိတွင် ယင်းနေရာ၌ ကနဦး တိုင်းတာမှုများ လုပ်ဆောင်ထားပြီး မြေ စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် ရှိကြောင်း ဦးဝင်းမင်းထွဋ်က ပြောဆို ထားသည်။

ထားဝယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကမူအသစ် တည်ဆောက်မည့် ထားဝယ်မြစ်ကူး တံတားသစ်အား ဒေသခံအများစု နှစ် သက်လိုလားသည့်နေရာတွင် တည် ဆောက်နိုင်ရေး ကြိုးစားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် ကမြောကင်းတံတား မြောက်ဘက်(တံတားနှင့်ကပ်လျက်)၊ ဆင်ဆိပ်ဆိပ်ကမ်းဝန်းကျင်၊ ကြက်စား ပြင် မင်းရပ်ကူးတို့ ဟောင်းနေရာတို့တွင် ဆာဗေး (မြေပြင်ကွင်းဆင်း စိစစ်မှုများ)ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“လောလောဆယ်တော့ ဆာဗေး ဆင်းတုန်းပါ။ အတည်ပြုချက်မယူသေး ဘူး၊ ဆာဗေးဆင်းပြီးရင် ပြည်သူကို ချပြမယ်၊ ပြည်သူက အကြိုက်များဆုံး နေရာကို ရွေးမယ်”ဟု ဦးအောင်ဝင်းက ပြောသည်။
ပဏာမ လျာထားချက်အရကမြော ကင်းတံတားနှင့် ကပ်ပြီးဆောက်ရန် အစီ အစဉ် ရှိသော်လည်း ထားဝယ်မြို့တိုးချဲ့ နိုင်ရေး၊ ထားဝယ်၊ သရက်ချောင်းတို့က လောင်းလုံမြို့နယ်နှင့် ခရီးတွင်ကျယ် မြန်ဆန်စွာ ကူးလူးနိုင်ရေး၊ လောင်းလုံး မြို့နယ်အတွင်းခရီးသွားလုပ်ငန်း ပိုမို တွင်ကျယ်လာရေးတို့ကို တွက်ဆကာ မင်းရပ်ကူးတို့ဟောင်း နေရာကို အဓိက ထား ကွင်းဆင်းရန် မှတ်ချက်ပေးထား ကြောင်း ၎င်းက ပြောသည်။

လတ်တလောတွင် ထားဝယ်မြစ် ကူးတံတားသစ် တည်ဆောက်ရေးအတွက် ဒေသခံများကလူမှုကွန်ရက်တွင်လည်း ကောင်း စကားဝိုင်းများတွင်လည်းကောင်း တွင်တွင်ကျယ်ကျယ် ဆွေးနွေးနေကြရာ အများစုမှာ ဦးအောင်ဝင်း ကောက်ချက် ပေးထားသော မင်းရပ်ကူးတို့ဟောင်း နေရာတွင် ဆောက်သင့်ကြောင်း ဆွေး နွေးမှုက အလေးသာလျက် ရှိသည်။
မင်းရပ်ကူးတို့ဟောင်းနေရာတွင် တည်ဆောက်ပါက ထားဝယ်မြို့၏ဝင် ပေါက်။ ထွက်ပေါက်တစ်ခု ပိုတိုးလာ ကာ ယာဉ်ကြောကျပ်တည်းမှု အတန် အသင့် လျော့လာပြီး လမ်းပန်းဆက် သွယ်ရေး၊ ကုန်စည်စီးဆင်းမှု ပိုကောင်း လာနိုင်ခြင်း၊ သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်အောက်ပိုင်း ကူးလူး ရာတွင် ထားဝယ်မြို့အတွင်း ဖြတ်သန်း ရန် မလိုတော့ခြင်း၊ မောင်းမကန်ဘက်နှင့် လောင်းလုံးအပေါ်ပိုင်းသွားလာမည့် ကမြောကင်းတံတားမှာ လက်ရှိအသုံးပြု နိုင်သေးသဖြင့် အခက်အခဲမရှိခြင်း စသည်တို့ကို ဒေသခံတို့ကထောင့်ပြဆွေး နွေးကြသည်။

“ကမြောကင်းတံတားနားမှာ ကပ် ပြီးဆောက်ရင် အဲဒီနေရာမှာပဲ လာပိတ် နေမှာပဲ၊ မင်းရပ်ကူးတို့နားမှာဆိုရင် ယာဉ်သွားယာဉ်လာ ခွဲထုတ်ပေးသလို ဖြစ်သွားမယ်။ မင်းရပ်ကူးတို့နားမှာပဲ လုပ်သင့်ပါတယ်”ဟု ထားဝယ်မြို့ခံ ဦးသူရက ပြောသည်။
မင်းရပ်ကူးတို့ဟောင်းအနီး တည် ဆောက်ပါက လောင်းလုံးမြို့နှင့်အောက် ဖက်ပိုင်းမှ ဒေသခံတို့အတွက် ထားဝယ် မြို့နှင့် ခရီးပိုနီးလာသဖြင့် နေ့စဉ်လုပ် ဆောင်ရမည့် လူမှုစီးပွားရေးကိစ္စများ အပြင် အရေးပေါ်ကျန်းမာရေးကိစ္စများ အတွက်လည်း ပိုမို မြန်ဆန်အဆင်ပြေ လာမည်ဟု လောင်းလုံးမြို့နယ် ကဒက် ကြီးရွာ အရေးပေါ်ကားအသင်းမှ ဦးကျော်စိုး က ပြောသည်။
“အရေးပေါ်ကားတွေအတွက် လမ်းရှုပ်ထွေးမှု ပိုနည်းလာတာပေါ့ဗျာ။ လမ်းကွေ့ကောက်ရှုပ်ထွေးရင် ပိုကြာ တယ်လေ။ (စီးပွားရေးအရ) ကမ်းနား ဈေးကို ပိုနီးလာတော့ အဆင်ပြေတာ ပေါ့” ဟု ဦးကျော်စိုးက ပြောသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်တစ်ခုလုံးနှင့် ရေဖြူမြို့နယ်အတွင်းမှ ကျေးရွာအချို့က ကမြောကင်းတံတား တစ်ခုတည်းကို မှီခိုဖြတ်သန်းနေရသဖြင့် အသွားအလာများသည့်အချိန်များတွင် ထိုတံတားလမ်းတစ်လျှောက်မှ မြို့တွင်း အထိ ယာဉ်ကြောကျပ်တည်းမှု ရှိနေ သည်။

လက်ရှိ ကမြောကင်းတံတားအသုံး ပြုနိုင်သေးသည့် အခြေအနေတွင် ယာဉ် ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်မည့် တံတားတစ်စင်းကို မြစ်ရေစီးကြောင်း ကောင်းမွန်မည့် မြစ်ကျယ်သည့် နေရာ တွင် တည်ဆောက်မည်ဆိုပါက သင့် တော်ကြောင်း လောင်းလုံမြို့နယ်၊ မောင်းမကန် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် ကပြောသည်။
တံတားသစ်ပေါ်ပေါက်လာပါက လက်ရှိကမြောကင်းတံတား ရေရှည်သုံး နိုင်ရေးအတွက် ဝန်တင်ယာဉ်ကြီးများ ဖြတ်သန်းခွင့်မပြုဘဲအစိုးရမှ ယာဉ်တန် ချိန်သတ်မှတ်ပေးခြင်း မျိုးပြုလုပ်ပါက ပိုအဆင်ပြေနိုင်ကြောင်း ဦးသန်းနိုင်က ပြောသည်။
“အပေါ့စားယာဉ်တွေပေါ့နော်၊ အဲလိုယာဉ်တွေပဲ ဖြတ်သန်းခွင့်ပြုဖို့ တိုင်းဒေသကြီးအစိုးရက စည်းမျဉ်းစည်း ကမ်းထုတ်ပေးရင် ကောင်းတာပေါ” ဟု ၎င်းက ပြောသည်။

ကမြောကင်းတံတားမှာ ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သဖြင့် တံတားသက်တမ်းမှာ ၄၃ နှစ် ရှိပြီဖြစ် သည်။ အသစ်တည်ဆောက်မည့်တံတား အတွက် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဝင်းက လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ရာ မြစ် ကူး တံတားအသစ်တစ်စီးအား ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်လည်ဖြေ ဆိုခဲ့ခြင်း ဖြစ်သည်။
တံတားသစ်ကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဟု ဦးအောင်ဝင်း က ပြောသည်။
“အများပြည်သူအသံကို နား ထောင်ပြီး မြေပြင်ကွင်းဆင်းမှုတွေ လုပ် ပေးပါ၊ ဒီနေရာ(ကမြောကင်းတံတား အနီး)ကိုမကြိုက်ဘူးလို့တော့ ပြောထား တယ်၊ အများပြည်သူ မြင်သာအောင် ချပြပြီးမှ ပြည်သူက လိုအပ်တဲ့နေရာကို ရွေးချယ်ပြီး လုပ်ဆောင်မယ် လို့တော့ ပြောထားတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

တံတားတစ်စင်း တည်ဆောက်မည် ဆိုပါက သွားလိုသည့်နေရာသို့ အမြန်ဆုံး နှင့် အထိရောက်ဆုံး သွားနိုင်သော လမ်းကြောင်းပေါ်တွင် ရှိသင့်ပြီး ကုန် စည်စီးဆင်းမှု ပိုမိုချောမွေ့သည့်လမ်း ကြောင်း၊ ခရီးသွားဧည့်သည်များ အတိုဆုံး နှင့် မြန်မြန်ရောက်နိုင်မည့် လမ်းကြောင်း၊ ဒေသတွင်းကျေးရွာများ၏ ဖွံ့ဖြိုးမှုကို ပိုမိုအားအောင်းစေမည့် လမ်းကြောင်း၊ ဒေသတွင်းထွက်ကုန်များကို ဈေးကွက် သို့ အချိန်တိုအတွင်း တင်ပို့နိုင်သည့်လမ်းကြောင်းတို့ပေါ်တွင် ရှိသင့်ကြောင်း မြို့ပြနှင့်အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ မြို့ပြစီမံကိန်းရေးဆွဲ ရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြော သည်။

“တံတားတည်ဆောက်ရေး ကုန်ကျ စရိတ်နဲ့ ဒေသဖွံ့ဖြိုးမှု နှစ်ခုကြားထဲမှာ ချိန်ညှိဖို့တော့ လိုတာပေါ့။ ကုန်ကျ စရိတ်က များပေမယ့်လည်း ဒေသဖွံ့ဖြိုး ရေးကို ပိုပြီးတော့ အထောက်အကူ ပြုစေ မယ်ဆိုရင်တော့လည်း ကုန်ကျတာများ လင့်ကစား အဲဒီလမ်းကြောင်းကို ရွေး သင့်တာပေါ့”ဟု အထက်ပါ မြို့ပြစီမံကိန်းရေးဆွဲရေးဆိုင်ရာ ပညာရှင်က ပြောသည်။
၂၀၁၉ တွင် စတင်တည်ဆောက်မည့် ထားဝယ်မြစ်ကူးတံတားသစ် မည်သည့် နေရာတွင် ပေါ်ပေါက်လာမည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။