စိုက်ကြသည် ။ သို့သော် . . .

0
542

ယခုကာလသည် စိုက်ပျိုးချိန်။ ထုံးစံ လိုလိုပင်ဖြစ်နေသည့် သစ်ပင် စိုက်ပွဲတော်များကို မြင်ရသည်။
သစ်တောပြုန်းတီးမှုများနေသည့် သည်ပြည်ကြီးအတွက် သစ်ပင်ပြန်စိုက် ပေးကြသည်။ အင်မတန်မှ ကောင်းသည့် အလုပ်ပင်။ နှစ်စဉ်စိုက်နေသည်မှာ မနည်းလှ။ စိုက်သူတွေလည်း မနည်းလှ။ နိုင်ငံတော်သမ္မတကြီးမှသည် တတ်သိစ ကလေးငယ်များအထိ သစ်ပင်စိုက်ရာတွင် ပါဝင်ကြသည်ကို တွေ့ရသည်။

အဖွဲ့မျိုးစုံ လူစုံမှ အပင်အစုံကို နေရာအနှံ့မြန်ပြည်တစ်ဝှမ်း စိုက်ကြသည် မှာ ခြိမ့်ခြိမ့်သဲ။ ယခုလို ရာသီမျိုးဆိုလျှင် သတင်းစာများ အထူးသဖြင့် နိုင်ငံပိုင် သတင်းစာများတွင် သစ်ပင်စိုက်ပွဲများဖြင့် ဝေဆာနေတတ်သည်။ သို့ရာတွင်တွေးဆ စရာတစ်ခု ရှိနေသည်။ နှစ်စဉ် သိန်းသန်း ချီ စိုက်နေကြသည့်အပင်များ ဘယ်နှပင် ရှင်သန်သနည်း။
တစ်ခါခါတော့ ၂၀၁၇ မိုးဦးက သစ်ပင်စိုက်ပွဲလုပ်ခဲ့သည့်နေရာသည် ၂၀၁၈ မိုးဦးအတွက်လည်း သစ်ပင်စိုက်ပွဲ ထပ်လုပ်သည့်နေရာ ဖြစ်ရင် ဖြစ်နေ ပြန် သည်။

စိုက်ပြီး ပစ်ထားလိုက်ကြဟန် တူပါ သည်။
စိုက်ပျိုးရေးနိုင်ငံတွင် ကြီးပြင်းလာ ကြသည့် ကျွန်တော်တို့အနေဖြင့် သစ်ပင် တစ်ပင် သူ့အမျိုးအစားကိုလိုက်၍ ကောင်းမွန်စွာ ရှင်သန် ကြီးထွားအောင် မည်သို့ ပြုစုကြရသည်ကို သိကြမည် ဖြစ်သည်။
ထွေထွေထူးထူး ပြောနေစရာပင် လိုမည်မထင်။
စာရေးသူ၏ အတွေ့အကြုံအရ ဆိုရလျှင် သစ်ပင်စိုက်ပွဲပြီးနောက် ထို စိုက်ခဲ့သည့်အပင်များကို ကြည့်ရှုစောင့် ရှောက်သူမရှိ။ ခြုံနွယ်ထ၍ လည်းကောင်း၊ နွေအပူတွင် ရေပြတ်၍လည်းကောင်း ခြောက်သွေ့ပျက်စီးကာ ပန္နက်တိုင်လေး များမျှသာ ငုတ်တုတ် ကျန်တော့သည်။ ဖြစ်သင့်သည်မှာ စ၍မစိုက်ခင်ကပင် ဥတုနှင့်မြေအပေါ်လိုက်၍ ဆီလျော်သော အပင်ရွေးခြင်း၊ အပင်၏ သဘာဝကို လိုက်၍ ပြုစုရန် စီမံခြင်းမှသည် အပင် များ ရှင်သန်ရန် စိတ်ချရပြီဆိုသည်အထိ ထိရောက်စွာ လုပ်ဆောင်သင့်ကြသည်။
ထိုသို့စနစ်တကျ လုပ်ဆောင်နေကြ သည့် အဖွဲ့များလည်း ရှိပါသည်။

အချို့ကဆိုသည် ကျွန်တော်တို့က စိုက်ပေးပြီးပြီ။ စောင့်ရှောက်ဖို့က သူတို့ (ရွာသား/ပြည်သူ) တွေရဲ့တာဝန်ပေါ့ဟု ဆိုကြသည်။ ဤနေရာတွင် အလျဉ်းသင့် ၍ ပြောလိုသည်မှာ တာဝန်ခံမှု တာဝန် ယူမှုပင် ဖြစ်သည်။ သည်ကိစ္စ ပေါ့ပေါ့ တန်တန်လုပ်၍မရ။ မည်သူက မည်သည့် တာဝန်ကို မည်သည့်နေရာ မည့်သည့် အချိန် မည်သို့ထမ်းဆောင်မည်ကို သေချာ ထောင့်စေ့စေ့ လုပ်ကြရပါမည်။
ထိုသို့တာဝန်ယူမှု တာဝန်ခံမှု ရှင်း လင်းစွာမရှိ၊ စိုက်ပစ်လုပ်ကြ၍ လူအား ငွေအား ဆုံးရှုံးနေသည့် ပမာဏမှာ နည်း မည်မထင်။
စစ်တမ်းကောက်၍ စနစ်တကျ လေ့လာကြည့်လျှင် ထင်းခနဲ တွေ့ရှိမည် ဖြစ်သည်။

သစ်ပင်စိုက်ပွဲတွင် တွေ့ရလေ့ရှိ သည့် နှစ်နှစ်သား သုံးနှစ်သား ပျိုးပင် ငယ်တပင်ဖြစ်လာဖို့ ယေဘုယျအားဖြင့် မျိုးစေ့/မျိုးကိုင်း+မြေ+ပျိုးအိတ်+ရေ စသည့် လေးမျိုး လိုသည်။ အချို့သော မျိုးစေ့များဆိုလျှင် ရှားပါးလှ၍ စိတ်လက် ရှည်စွာ စုဆောင်းရသည်။ စာရေးသူနှင့် ရင်းနှီးသည့် သစ်တော ဝန်ထမ်းအချို့ဆို လျှင် နှစ်ရှည်ပင်အချို့ကို တောတောင် များထဲမှ ခက်ခဲစွာ ရယူကြရသည်။

အပင်တစ်ပင် ပြောင်းရွှေ့စိုက်ပျိုးရန် အဆင်သင့်သည်အထိ အဆင့်ဆင့်တွင် သုံးလိုက်ရသည့် ငွေပမာဏ မနည်းလှ။ ကိုယ်အား ဥာဏ်အားလည်း မနည်းလှ။
ထိုသို့ နှစ်စဉ် နှစ်တိုင်း အပင်ပေါင်း ထောင်သောင်းချီ၍ ပျိုးထောင်ရသည့် ကုန်ကျစရိတ်ကို စဉ်းစားသော် အတော် များသည်ဟုသာ ဆိုချင်ပါသည်။ အနှီ ကုန်ကျစရိတ်များကို မည်သူတို့က ကုန်ကျခံရပါသနည်း။
အစိုးရဌာနများဆိုလျှင်တော့ အစိုးရ က ကုန်ကျသည်ပေါ့။ အစိုးရ ဘဏ္ဍာဆို သည်ကလည်း ကျွန်တော်တို့ အိတ်ကပ် ထဲက ငွေများပါသည် မဟုတ်လား။

အစိုးရမဟုတ်သည့် အဖွဲ့အစည်း များဆိုလျှင်ကော ပင်များအတွက်ကုန်ကျ စရိတ်မည်သည်က လာသနည်း။ အလှူရှင် အသီးသီး ရှိပေမည်။
တကယ်တော့ သစ်ပင်စိုက်ကြရာ တွင် အားတက်သရော ဝိုင်းဝန်းပါဝင်ကြ သလို အပင်များကို ပြုစုဖို့၊ ဖာထေးဖို့၊ မိမိတို့ ရည်ရွယ်ရင်းအတိုင်း ဖြစ်မြောက်ဖို့ ကျွန်တော်တို့ အားလုံး ကြိုးပမ်းသင့်သည် မဟုတ်လား။
အစိုးရဌာနများကော၊ လူမှုအဖွဲ့ အစည်းများပါ စိုက်ပစ်မဖြစ်ကြဖို့ရာ ကြပ်မတ်ဖို့၊ ပြုပြင်ဖို့ လိုနေသည်မှာ ကြာ ပြီဆိုသော် လွန်အံ့မထင်။ သစ်ပင်စိုက် ကြသူများကိုလည်း မိမိတို့ စိုက်သည့် တပင်ဆိုလျှင် ထိုတစ်ပင်ကိုပင် ရှင်အောင် စိုက်ပါ။ တာဝန်ယူ ပြုစုပါ ဂရုစိုက်ပါဟု တိုက်တွန်းပါရစေ။ စိုက်သည့် အပင်တိုင်း ရှင်သန်ကြပါစေဟု ဆန္ဒမွန်ဖြင့်……….။