ကျွန်းစုတွင် အကြွေးတောင်းရာမှ ကိုယ်ဝန်သည်အမျိုးသမီး တုတ်ဖြင့် အရိုက်ခံရ

0
457

ကျွန်းစုမြို့နယ် သဲအော်ကျေးရွာ တွင် အကြွေးတောင်းရာမှ ကိုယ်ဝန် ၆ လရှိ အမျိုးသမီး တုတ်ဖြင့် အရိုက်ခံ ရကြောင်း ကာယကံရှင် အသက် ၃၁ နှစ်ရှိ ဒေါ်ဇာသူဝင်းထံမှ သိရသည်။
ဇွန်လ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အကြွေးရှင်နှင့် မိခင်ဖြစ်သူတို့က အကြွေးလာတောင်းရာမှ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စကားများခဲ့ပြီး အမျိုးသမီးချင်း လုံးထွေးသတ်ပုတ်နေစဉ် အကြွေးရှင်၏ ခင်ပွန်းဖြစ်သူက နောက် ကျောအား တုတ်ဖြင့် ဝင်ရောက် ရိုက် နှက်ခဲ့ကြောင်း ကာယကံရှင် ဒေါ်ဇာသူဝင်းက ပြောပြသည်။

ယင်းသို့ အရိုက်ခံရသဖြင့် သတိ လစ်မေ့မျောခဲ့သောကြောင့် စခန်းသစ် ကျေးရွာ တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရ ကြောင်း ကာယကံရှင်၏ မိသားစုဝင် တချို့က ပြောပြသည်။
ယင်းနောက် စခန်းသစ်ဆေးရုံမှ တစ်ဆင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ ၁ ရက်က တင်ပို့ခဲ့ရပြီး ခွဲစိတ်ကုသ ဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။

“ဗိုက်ထဲက ကလေးအခြေအနေက ဘာမှန်းမသိရသေးဘူး စိုးရိမ်နေရတယ်”ဟု ကာယကံရှင် ဒေါ်ဇာသူဝင်းက ပြောသည်။
အမျိုးသမီးအား အကြီးစား ခွဲစိတ် မှုပြုလုပ်ပေးထားပြီး အတွင်းဒဏ်ရာ တချို့ ရရှိထားကြောင်း မြိတ်ဆေးရုံကြီး မှ တာဝန်ကျဆရာဝန်တစ်ဦးက ပြောပြ သည်။
လက်ရှိတွင် ကာယကံရှင် ဒေါ်ဇာသူဝင်း၏ မိခင်ဖြစ်သူက တရား လိုပြုလုပ် တိုင်ကြားခဲ့သဖြင့် တုတ်ဖြင့် ရိုက်ခဲ့သူ ကိုမျိုးငယ်ဆိုသူအား ကံမော် ကျေးရွာ ရဲကင်းစခန်းက (ပ) ၁၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ /၂၉၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း ယင်းရဲစခန်းမှ သိရသည်။

“ဒီလို အရမ်းနာကျင်အောင်လုပ်ပြီး မှ ကျေအေးတောင်းပန်တာကို လက်ခံ မှာမဟုတ်ဘူး ဥပဒေအရပဲ ရင်ဆိုင်သွား မယ်”ဟု ကာယကံရှင်၏ မိခင်ဖြစ်သူက ဆိုသည်။