ထီးခီးဂိတ် တင်သွင်းခွင့် တင်းကြပ်ချိန် ဟင်းသီးဟင်းရွက်ဈေး နှစ်ဆခန့် ခုန်တက်

0
479

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထီးခီးနယ်စပ်ဂိတ်တွင် တင်သွင်းခွင့် တင်းကြပ်လိုက်ချိန်တွင် ထားဝယ်ဈေး ကွက်အတွင်း ဟင်းသီးဟင်းရွက်ဈေး နှုန်းက နှစ်ဆခန့် ခုန်တက်သွားသည်။
ရုံးပတီသီး တစ်ကီလို ကျပ် ၁၀၀၀ မှ ကျပ်၂၅၀၀ ဝန်းကျင်အထိ ဈေးတက် သွားခဲ့ပြီး ကျန်သည့်ဟင်းသီး ဟင်းရွက် များလည်း ဈေးတက်သွားခဲ့ကြောင်း ထားဝယ်မြို့ ကမ်းနားဈေးတွင် ဟင်းသီး ဟင်းရွက် ရောင်းချသူတစ်ဦးဖြစ်သည့် ဒေါ်သီအောင်က ဆိုသည်။
မုန်လာဥနီ တစ်ကီလို ကျပ်၁၀၀၀ ကျော်မှ ကျပ် ၃၀၀၀ ခန့်အထိ၊ ကိုက်လန် တစ်ကီလို ကျပ်၁၃၀၀ ဝန်းကျင်မှ ကျပ် ၂၀၀၀ ကျော်အထိ ဈေးတက်သွားခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ တနင်္သာရီတိုင်း အတွင်းသို့ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွားသီး၊ သခွားမွှေးနှင့် ငရုတ် သီး စသည့် ဟင်းသီးဟင်းရွက် ၆ မျိုးကို သာ တရားဝင်တင်သွင်းခွင့်ပြုထားသော် လည်း ဈေးကွက်အတွင်းတွင်မူ ယင်း ၆ မျိုး သာမက ထိုင်းနိုင်ငံထွက် အခြား ဟင်းသီးဟင်းရွက် အမယ်ပေါင်းစုံ ရောင်းချ လျက်ရှိသည်။
“ဒေသထွက် ဟင်းသီးဟင်းရွက် တွေက ပုံမှန်မရှိဘူး၊ ထိုင်းပစ္စည်း မဝင်ရ တာနဲ့ ဒေသထွက်တွေလည်း ဈေးတက် သွားတာပဲ”ဟု ၎င်းက ပြောသည်။

ထီးခီးနယ်စပ်ဂိတ်မှ တင်သွင်းမည့် ဟင်းသီးဟင်းရွက်များတွင် ထိုင်းနိုင်ငံ ဘက်က ထုတ်ပေးသည့် ပိုးမွှားကင်း စင်ကြောင်း ထောက်ခံချက်လက်မှတ်ပါ မှသာ မြန်မာဘက်က ပိုးမွှားကင်းစင် ကြောင်း စစ်ဆေးမည်ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံ။ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဇွန်လ အစောပိုင်းတွင် ပြောကြားထားသည်။
မြေပြင်အခြေအနေတွင်မူ ထီးခီး ဂိတ်တွင် ပြီးခဲ့သည့်ဇွန်လ လဆန်းပိုင်း က ပိုးမွှားစစ်ဆေးခြင်းကို တစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပိုးမွှား စစ်ဆေးခြင်း မရှိတော့ကြောင်း ထီးခီးမှ ဟင်းသီးဟင်းရွက်များ သယ်ယူနေသည့် အသက်၄၀ ကျော်ရှိ ယာဉ်မောင်းတစ်ဦးက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

ယင်းသို့ တစ်ကြိမ်စစ်ဆေးခဲ့ပြီး နောက် ဇွန်လ ၆ ရက်မှ တစ်ပတ်ခန့် အထိ မည်သည့်ဟင်းရွက်ဟင်းရွက်ကိုမျှ တင်သွင်းခွင့် မပြုတော့ဘဲ နောက်ပိုင်း မှသာ တရားဝင်ဟင်းသီးဟင်းရွက် ၆ မျိုးကို တင်သွင်းခွင့်ပြုကြောင်း အထက် ပါယာဉ်မောင်းက ဆိုသည်။
“အခုတော့ ဖုံးထားတဲ့တာလပတ် ဖွင့်ပြီးစစ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီး ရင် ကားမှာပါတဲ့ပစ္စည်း အနည်းအများ အပေါ်မူတည်ပြီး အခွန်ဆောင်ခိုင်းတယ်” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။

ယင်းကြောင့် လက်ရှိတွင် ထီးခီး ဂိတ်မှ တရားဝင် ဟင်းသီးဟင်းရွက် ၆ မျိုးကိုသာ အဓိကတင်သွင်းနေရပြီး အခြားသီးနှံများကိုမူ ကွယ်ဝှက်ကာ တင် သွင်းနေရကြောင်း ဈေးရောင်းချသူများ နှင့် အထက်ပါယာဉ်မောင်းတို့ထံမှ သိရ သည်။
ဇွန်လအကုန်ပိုင်းတွင်မူ တရားဝင် တင်သွင်းခွင့်ရသည့် ဟင်းသီးဟင်းရွက် ၆ မျိုးမှာ ယခင်အတိုင်း ဈေးပြန်ကျ သွားခဲ့သော်လည်း ကွယ်ဝှက်ကာ တင် သွင်းနေရသည့် အခြားဟင်းသီးဟင်းရွက် များမှာမူ ဈေးပြန်မကျတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
၎င်းအပြင် ရန်ကုန်မှ ထားဝယ်ဈေး ကွက်သို့ တင်သွင်းသည့် ဟင်းသီးဟင်း ရွက်များမှာလည်း ထိုင်းဘက်က ဝင်သည့် ဈေးနှုန်းထက် နှစ်ဆနီးပါးပိုများကြောင်း ကမ်းနားဈေးတွင် ဟင်းသီး ဟင်းရွက် ရောင်းချနေသည့် အသက် ၅၀ ဝန်းကျင် ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ပစ္စည်းကလည်း အစုံအလင် မဆင်းနိုင်တော့ စားသောက်ဆိုင်တွေ အတော်လေး အခက်တွေ့ကြတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိအချိန်တွင် နယ်စပ်မှ နည်း အမျိုးမျိုးဖြင့် တင်သွင်းနေခြင်းကြောင့် ဈေးနှုန်းအတက်။အကျ တည်ငြိမ်မှုမရှိဘဲ နေ့စဉ်အပြောင်းအလဲဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။