မြန်မာ့ပထမဆုံး အာဆီယံအဆင့် စကိတ်ငွေဆု ထားဝယ်လူငယ်ဆွတ်ခူး

0
481

အာဆီယံအဆင့် စကိတ်ပြိုင်ပွဲ Freestyle စကိတ် အားကစားနည်းတွင် ထားဝယ်မြို့မှ အသက် ဆယ်နှစ်အရွယ် မောင်ဈာန်လွှမ်းထူးက Classic Slalom နှင့် Speed Slalom ကစားနည်း နှစ်မျိုးဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ် နှစ်ခုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ သည်။

Freestyle စကိတ်အားကစားနည်း များအနက် မြန်မာနိုင်ငံမှ Classic Slalom Speed Slalom နှင့် roller coaster ဟူ၍ ကစားနည်းသုံးမျိုးပါဝင် ယှဉ်ပြိုင်ခဲ့ရာ ယင်းသို့ ဆုရရှိခဲ့ခြင်း ဖြစ် သည်။
ယခင်ကFreestyle အားကစား နည်းဖြင့် အာဆီယံအပါအဝင် နိုင်ငံတ ကာ ပြိုင်ပွဲပေါင်း ငါးကြိမ်ကို မြန်မာ နိုင်ငံအနေဖြင့်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသော် လည်း ဆုမရဖူးကြောင်း မြန်မာနိုင်ငံ စကိတ်အားကစားအသင်း ဥက္ကဋ္ဌ ဦးလွင်လတ်က ပြောသည်။
ယင်းပြိုင်ပွဲတွင် အာရှနိုင်ငံ ခြောက်နိုင်ငံ အပြင် စကိတ်အားကစားတွင် ကမ္ဘာ့ ချန်ပီယံနိုင်ငံများဖြစ်သည့် ကိုရီးယား၊ ဟောင်ကောင်နိုင်ငံများလည်း ပါဝင်ပြီး ပထမဆုကို ကိုရီးယား၊ ဒုတိယ မြန်မာ၊ တတိယကို ထိုင်းနိုင်ငံက ရရှိခဲ့ကြောင်း ဦးလွင်လတ်က ပြောသည်။

မြန်မာနိုင်ငံတွင် စကိတ်အားကစား နည်းကို တရားဝင်အသိအမှတ်ပြုပေးရန် လေးကြိမ် လျှောက်ထားခဲ့သော်လည်း အသိအမှတ်ပြုခြင်း မခံခဲ့ရကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့အသင်းက အမြဲတမ်း အနှိမ်ခံနေရတယ်။ အဲဒီတော့ ဒီလိုဆု တွေရလာတာ ကျွန်တော်တို့က ဝမ်းသာ တယ်”ဟု ၎င်းက ဆိုသည်။
မောင်ဈာန်လွှမ်းထူးနှင့်အတူ ပြိုင်ပွဲ ဝင်ခဲ့သည့် ထားဝယ်သား အသက် ၁၈ နှစ်အရွယ် မောင်သက်ဇော်ဦးမှာ Roller coaster စကိတ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ကြောင်း ဦးလွင်လတ် ကပြောသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဒုတိယ ဆု ရရှိလာခဲ့သည့် မောင်ဈာန်လွှမ်းထူးနှင့် မောင်သက်ဇော်ဦးတို့အား ထားဝယ်မြို့မှ ထားဝယ်တိုင်းရင်းသားများပါတီ၊ အရပ် ဖက်အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ် အချို့က ကြိုဆိုခဲ့ကြသည်။
“ဈာန်လွှမ်းထူးမှာ ထူးခြားတာက ယှဉ်ပြိုင်ရဲတဲ့စိတ်ပဲဗျ။ မိဘတစ်ယောက် အနေနဲ့ ကျေနပ်မိတယ်။ သို့သော် ရှေ့ ဆက်အများကြီးကျန်သေးသလို ဆုတံဆိပ် တွေလည်း ထပ်လိုချင်သေးတဲ့ အတွက် ကျွန်တော်တို့သားအဖ ဆက်ကြိုးစားနေ ဦးမှာပါ”ဟု မောင်ဈာန်လွှမ်းထူး၏ဖခင် ဖြစ်သူ ဦးသန်းဝင်းက ဆိုသည်။

ငါးကြိမ်မြောက် အရှေ့တောင်အာရှ စကိတ် အားကစားပြိုင်ပွဲကို ဗီယက် နမ်နိုင်ငံတွင် ဇွန်လ ၂၁ ကစတင်ပြီး လေးရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံမှ ထားဝယ်တိုင်းရင်းသားနှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ် အားကစားအသင်းထံမှ သိရသည်။