ဆလုံတို့၏ လူသိလွဲမှား၊ လူသိနည်းပါး ဓလေ့စရိုက်များ (နိဂုံး)

ဆလုံလူမျိုးတို့က သူတို့အကြောင်း အား လူတို့ခေတ်အဆက်ဆက် ရေးသား ဖော်ပြခဲ့သည်များထဲမှ လွဲမှားစွာကောက် ချရေးသားဖော်ပြမှုအချို့ကို ငြင်းပယ် လိုက်ကြသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အ တွင်း ကျွန်း ၈ ကျွန်းမှ ဆလုံရွာ ၁၀ ရွာမှ ဆလုံလူမျိုးများအား သွားရောက် တွေ့ဆုံမေးမြန်းကာ ဆလုံတို့၏ လူသိ လွဲမှားနေသောအချက်များ၊ လူသိနည်းပါးသေးသောဓလေ့စရိုက်များကို တင် ဆက်လိုက်ပါသည်။

ဆလုံစစ်စစ် ၁၂၀၀ ကျော်နိုင်သေး
ပြည်ထောင်စုဝန်ကြီး၏ ဆလုံ စစ်စစ် ၆၀၀ ခန့်သာ ရှိတော့သည်ဟူသည့် ပြောကြားချက်ကို ဆလုံများနှင့် ဆလုံ အရေးလေ့လာသော ဒေသခံများက ငြင်း ကြသည်။
တနင်္သာရီတိုင်းတွင် ဆလုံဦးရေ ၁၈၀၀ ကျော်ရှိပြီး အမေဆလုံအဖေဆလုံမှ မွေးသည့် ဆလုံစစ်စစ် ၁၂၀၀ ခန့် ရှိသေး သည်ဟု ဆိုကြသည်။ ယင်းကိန်းဂဏန်း မှာ ကျွန်းအသီးသီးရှိ ဆလုံအရေးလေ့လာ ကူညီစောင့်ရှောက်သူများ အချင်းချင်း ဆက်သွယ်ကောက်ယူထားသော ကိန်း ဂဏန်းဖြစ်၍ ခိုင်မာကြောင်း မကြုံက လက်ရွာမှ ဆလုံအရေးလှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

ဆလုံအများစု အရွယ်မတိုင်မီ သေဆုံးကြခြင်း၏ အဓိကအကြောင်း အရင်းမှာ အမျိုးသားများက မူးယစ်ဆေးဝါး ကြောင့်ဖြစ်ပြီး၊ အမျိုးသမီးများက မီးဖွားချိန် ကျန်းမာရေးစောင့်ရှောက်မှုအား နည်းခြင်းခြင်းကြောင့်ဟု ဖွင့်ဟကြသည်။
“အရင်တုန်းက (အမျိုးသားတွေက အလုပ်လုပ်နိုင်အောင်) ဘိန်းသုံးကြ တယ်လေ..၊ မိန်းမတွေက ကိုယ်ဝန်နဲ့ ဆုံးကြတယ်”ဟု မကြုံကလက်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

တစ်ဆင့်နှိမ့်ဆက်ဆံခြင်းကို မကြိုက်
ခရီးသွားအဖွဲ့များလာကြစဉ် လမ်း ပြအချို့က သူ့အဖွဲ့သားများအား ဆလုံများအနီးသို့ မသွားရန်၊ သွားပါက မုန့်နှင့်ငွေကြေးများ အတင်းတောင်း တတ်ကြောင်း မှာသည်ကို ကြားရသော အခါ စိတ်မကောင်းဖြစ်မိရှက်မိကြောင်း ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျွန်းမှ အသက် ၃၅ နှစ်ရှိပြီဟု ပြောသော ဒေါ်အထွေးက ပြောသည်။

အမှန်မှာ ဆလုံတို့ ယင်းသို့ တောင်းရမ်းခြင်းမျိုး မပြုတတ်ကြောင်းနှင့် ခရီးသွားများက မုန့်နှင့်ငွေကြေး ပေးကမ်း ပြီးပါကလည်း ဆလုံတို့ အတင်းတောင်း သည်ဟုမပြောရန် ခရီးသည်များအား ပြန်လည်မှာကြားလေ့ရှိကြောင်း ၎င်းက ပြောသည်။
“(ခရီးသွားတွေကို) ကျွန်မပြော တယ်၊ ဒို့ဦးတို့ မုန့်ပေးတယ်၊ မုန့်ဖိုး ပေးတယ်၊ ပေးပြီးရင် မပြောပါနဲ့၊ ကျွန်မ တို့က ငတ်လို့ယူတာမဟုတ်ပါဘူး၊ ဦး တို့ကို အားနာလို့ ယူတာပါလို့” ဒေါ်အထွေး က ဆိုသည်။

ခရီးသွားအချို့က ဆလုံတို့အား တချို့မေးခွန်းများ မေးမြန်းသည်ကို နယ် ခံခရီးသွားအဖွဲ့ လမ်းပြများမှ ဆလုံတို့ ဘာမျှနားမလည်ဟုဆိုကာ မမေးရန် ကြိုပိတ်ခြင်း၊ အတင်းတားခြင်းမျိုးရှိ၍ နှိမ်ချဆက်ဆံခံရမှုအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ၎င်းက ဆိုသည်။
“သူတို့(ဂိုက်)တွေက မမေးခိုင်းဘူး။ သူတို့ နားမလည်ဘူးတဲ့၊ သူတို့ မတတ် ဘူးတဲ့၊ သူတို့အစကတည်းက ကျောင်း မရှိဘူးတဲ့၊ သူတို့မှာ ဦးနှောက်မရှိဘူးတဲ့ ဒီလိုကို ပြောတယ်။ သူတို့က ဆလုံလူမျိုး၊ သူတို့မှာ စားသောက်ဖို့ မရှိ၊ ဦးနှောက်မရှိ နားမလည် ကိုယ့်အသက်ကိုယ်မသိ။ သူ တို့မှာ ဝိဥာဉ် မရှိဘူးတဲ့ စဉ်းစားကြည့်၊ ဘယ်လောက် ရှက်စရာကောင်းလဲလို့၊ လော်နဲ့တောင်အော်တာ” ဟု ဒေါ်အထွေး က ဖွင့်ဟသည်။

တစ်နှစ်တစ်ခါ ရိုးရာနတ်ပူဇော်ပွဲ
ယခင်က ဆလုံကျွန်းများ၌ ဆလုံ ရိုးရာနတ်ပွဲကို နွေရာသီအလုပ်စခန်း သိမ်းချိန်တွင် တစ်နှစ်တစ်ခါကျင်းပလေ့ ရှိသည်။ လက်ရှိတွင်မူ ဘိုချိုကျွန်း၊ မကြုံကလက်ရွာရှိ နတ်ဆရာကြီး ကာရှားမှလွဲ၍ အခြားဆလုံကျွန်းများတွင် နတ်ဆရာများ မရှိတော့သဖြင့် နတ်ပွဲများ မကျင်းပနိုင်တော့ပေ။

“နတ်နာမည်လည်း မေ့သွားပြီ၊ လူ ကြီးတွေက နတ်တွေအကုန်လုံး သေ သွားပြီတဲ့” ဟု ကျွန်းစုမြို့နယ်၊ သရောသ တန်ကြီးကျွန်း၊ ပရောဝါး(ဆလုံ)ရွာမှ (အသက် ၈၀) ခန့်ရှိ ဒေါ်ချေဝါးက ပြော သည်။
ပရောဝါးနှင့် ဒုံးကျွန်းအုပ်စုတစ်ဝိုက် တွင် နတ်ပွဲမကျင်းပတော့သည်မှာ နှစ် ချီကြာနေပြီ ဖြစ်သည်။
ဆလုံလူမျိုးအချို့၏ မှတ်ပုံတင် များတွင် ကိုးကွယ်သည့်ဘာသာကို နတ် ဟု ထည့်သွင်းဖော်ပြထားသည်။

နတ်ဖြင့် ဆေးကုတတ်ခြင်း
နတ်ဆရာသည် ၎င်းတို့၏ ဆေး ဆရာပင် ဖြစ်သည်။ နေမကောင်းဖြစ် တိုင်း နတ်ဆရာဖြင့် ဆေးကုသလေ့ရှိပြီး နတ်ဆရာက မန်းမှုတ်ကုသပေးသည်ဟု ဆိုကြသည်။

“ဒီမှာအရင်က ဆရာဝန်မရှိဘူး။ နေမကောင်းဖြစ်ရင် သူ့(နတ်ဆရာကာ ရှား)နတ်အရင်ခေါ်တယ်။ သူမကုနိုင်ရင် သေပေါ့”ဟု မကြုံကလက်ကျေးရွာနေ ဆလုံ အမျိုးသမီးဒေါ်မာလိက ပြောသည်။
လက်ရှိအချိန်တွင်မူ နတ်ကိုင်ခံရ သည်ဟု ယူဆသည်မှအပ အခြားရော ဂါများကို လက်လှမ်းမီသည့် ခေတ်မီဆေး ဝါး၊ ဆေးဆရာများဖြင့် ကုသနေကြပြီ ဖြစ်သည်။

ဆလုံဟုခေါ်သည်ကို အချို့က မကြိုက်
တချို့ဆလုံတို့က ၎င်းတို့အား ဆလုံဟု ခေါ်သည်ကို မကြိုက်ပေ။ ဆလုံ အခေါ်ခံရက တစ်စုံတစ်ရာ ပြန်မပြော သော်လည်း နှိမ်၍အခေါ်ခံရသည်ဟု ယူ ဆကြသည်။ နားရိုင်းကြသည်။
မိမိတို့ကို ဒုက္ခပေးမည့်လူစိမ်းများ ရွာသို့ရောက်လာပါက ခြုံပုတ်များထဲတွင် လုံခြုံစွာ ပုန်းအောင်းနေကြရသည်ကို အကြောင်းပြုကာ ခြုံလုံမှ “ချလုံ”၊ ယင်းမှတစ်ဆင့်”ဆလုံ”ဟု တွင်လာ သောကြောင့် ဆလုံအခေါ်ခံရတိုင်း အမြဲ တမ်းကြောက်နေရသော လူမျိုးစု၊ အဖိ နှိမ့်ခံများဟု ခေါ်သကဲ့သို့ ခံစားရကြောင်း ပရောဝါး(ဆလုံ)ရွာမှ ဆလုံအမျိုးသား ဦးဖိုးရှော့က ပြောသည်။

“ဆလုံလို့ခေါ်တာ နည်းနည်းနာ တယ်ပေါ့လေ၊ စိတ်ထဲနည်းနည်းရိုင်း တယ်ပေါ့။ (ကိုယ့်ကိုကိုယ်တော့)မော် ကင်းပဲ ခေါ်တယ်” ဟု ၎င်းက ပြောသည်။
ဆလုံလူမျိုးများကို ရွှေမော်ကင်းဟု ခေါ်လျှင် ၎င်းတို့ အလွန်သဘောကျသည် ဟု ဆလုံအမျိုးသမီးနှင့် အိမ်ထောင်ပြု ထားသည့် ဦးဝင်းအောင်က ပြောသည်။
“သူတို့က ရွှေလိုရှားတဲ့ လူမျိုးဆိုပြီး တော့လေ” ဟု ၎င်းက ပြောသည်။

ကိုယ်ပိုင်အနုပညာရှိ
ဆလုံတို့တွင် ကိုယ်ပိုင်သီချင်း ရှိသည်။ သူတို့သည် တွေ့ကြုံရသည့် အဖြစ်အပျက်များကို သီချင်းလုပ်ဆို တတ်ကြသည်။
“တဲကုပ်မှာထိုင် နေရိပ်မှာ ထိုင် တုန်း၊ ဆရာတို့လည်း လာတယ်” ဟူ သော သီချင်းကို ဆလုံမကြီး ဒေါ်ချေဝါး က ညည်းပြသည်။
သူတို့သည် ထမင်းအိုး၊ ရေပုံးတို့ကို ဗုံအဖြစ် တီးတတ်ကြသည်။ သူတို့၏ စည်းချက်များ သီချင်းသံစဉ်များက သူတို့ကိုယ်ပိုင်ဟု ဆိုကြသည်။
အထူးသဖြင့် ဆလုံနတ်ပွဲများတွင် သူတို့၏ ကိုယ်ပိုင်သံစဉ်သီချင်းများ၊ တီးကွက်များနှင့် ယိမ်းနွဲ့ယိုင်ထိုးသော ကကွက်များဖြင့် ကကြလေ့ရှိသည်။

သူတို့(အထူးသဖြင့် အမျိုးသမီး များ)သည် အားလပ်ချိန်(နံနက်စောစော၊ ညနေခင်းနေဝင်ရီတရောများတွင်) အိုး၊ ရေပုံးတစ်စုံတစ်ရာကို တီးကာ သီချင်း ညည်းတတ်ကြသည်။
ကျွန်းစုမြို့နယ် ဒုံဒဟွန်းကျွန်းမှ ဆလုံအမျိုးသမီး ဒေါ်တရုံးက ဆလုံသီ ချင်းတစ်ပုဒ်ညည်းကာ အောက်ပါအတိုင်း ဘာသာပြန်ပြလေသည်။
“ညအိပ်ရင် အတူတူ အိပ်ရမယ်၊ ရန်မဖြစ်ရဘူး၊ ချစ်ချစ်ခင်ခင်နေရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် မဆူရဘူး နော်”

Related Posts