ရှင်ဓာတ်ဝဲစေတီပြုပြင်ရေး ရှင်ကိုးရှင် ဆရာတော်များ ဆုံးဖြတ်ရမည်

0
440

ရှင်ကိုးရှင် စာရင်းဝင် ရှင်ဓာတ်ဝဲ စေတီတော် ပြုပြင်မည့်ကိစ္စနှင့် ရှင်ကိုး ရှင်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး များ၏ ဩဝါဒအတိုင်း ဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ဇွန်လ ၁၂ ရက်စွဲဖြင့် အကြောင်းကြား လိုက်သည်။

တနင်္သာရီတိုင်း သံဃနာယကအဖွဲ့ ထံသို့ အကြောင်းကြားလိုက်ခြင်း ဖြစ်ပြီး ယင်းအကြောင်းကြားချက်က ဇွန်လ ၂၂ ရက် ညနေပိုင်းအထိ ရှင်ဓာတ်ဝဲစေတီ ဂေါပကအဖွဲ့ထံ ရောက်ရှိလာခြင်း မရှိ သေးကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး က ဦးလှစိုးက ဆိုသည်။
“နာယကဆရာတော်တွေရဲ့ ခိုင်း စေချက်ရှိရင်တော့ ဆက်လုပ်မယ်၊ သံဃာရဲ့ ဆန္ဒအတိုင်းပါပဲ”ဟု ရှင်ဓာတ် ဝဲစေတီဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။

သို့ရာတွင် စေတီတော်တစ်ဆူချင်း အလိုက် နာယကဆရာတော်များသာရှိပြီး ရှင်ကိုးရှင်စုပေါင်းထားသည့် ဩဝါဒါ ဆရာတော်များ ရှိသည်ဆိုသည်ကို မကြားမိကြောင်း ၎င်းက ဆိုသည်။
လက်ရှိစေတီတော်မှာ ယိုယွင်း လာသည့်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းက လက်ရှိစေတီ တော်ကို ငုံပြီး အသစ်တည်ဆောက်ရန် စေတီတော်အောက်ခြေတွင် ကွန်ကရစ် လောင်းခြင်း၊ Rဃ ကွန်ကရစ်လောင်းရန် အတွက် သံတိုင်များ စိုက်ခြင်းကို လုပ် ဆောင်ခဲ့သည်။

ရှေးမူလက်ရာလက်ရာပြုပြင်ခြင်းမဟုတ်ဟုဆိုကာ ယင်းကဲ့သို့ ပြုပြင်မှုကို ထားဝယ်ဒေသခံအချို့က သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီးထံ တိုင်ကြားစာ ပေးပို့ခဲ့ကြသည်။

ယင်းနောက် ၂၀၁၇ ခုနှစ် ဇွန်လ တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ် တော်ပဉ္စမပုံမှန်အစည်းအဝေးတွင် ရှင် ဓာတ်ဝဲစေတီ ပြုပြင်နေမှုကို ဥပဒေ၊ နည်းဥပဒေများအတိုင်း မလုပ်ဆောင် နိုင်မီ လုပ်ငန်းရပ်ဆိုင်းထားရန် ဆုံးဖြတ် ခဲ့သည်။
ယင်းနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ အစည်းအဝေးတွင် ဆရာတော်များက ဆုံးဖြတ်ချက် ၄ ခုကို ချမှတ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကို ဆက်လက်ညွှန်ကြားခဲ့သည်။

စေတီတော်ကို ရှေးမူမပျက် တည် ဆောက်သွားရန်၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများပါဝင်သည့် စေတီတော် ပြုပြင် တည်ဆောက်ရေး အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းရန်၊ စေတီတော်ကြီးနှင့် အရံစေတီတော်များကို မူလ အနေအထား အတိုင်း ပြန်လည်ထားရှိနိုင်ရေးနှင့် မပျက်မစီးတည်ရှိစေရေးအတွက် ခေတ် မီနည်းပညာဖြင့် တာဝန်ရှိသူများက အချိန်ပြည့်သတ်မှတ်ရန် စသည့်ဆုံးဖြတ် ချက်များ ချမှတ်ခဲ့ကြသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့၏ ရှေးမူမပျက်တည်ဆောက်ရန်ဆိုသည့် စကားလုံးက အဓိပ္ပာယ်ရှင်းလင်းမှုမရှိ သည့်အတွက် ဆက်လက်ပြုပြင်ရန် သင့်/မသင့်ကို ပြီးခဲ့သည့် မေလ ၇ ရက်က လူပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြ ပြီးနောက် မေလ ၉ ရက်နေ့တွင် မြို့နယ် သံဃာ့နာယကဆရာတော်များ၊ စေတီ တော်ဩဝါဒစရိယဆရာတော်များက ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးချက်များကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြမည်ဟု တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီးက ပြောဆိုခဲ့ဖူးသည်။