ပဋိပက္ခ ဖြစ်စေသော . . .

0
585

လွန်ခဲ့တဲ့ မေလတစ်လလုံးနီးနီး ကျွန်တော် ကချင်ပြည်နယ်မှာ စေတနာ့ ဝန်ထမ်း အင်္ဂလိပ်စာပြဆရာအဖြစ် စာ သင်နေခဲ့ပါတယ်။ သိကြတဲ့အတိုင်းကချင် ပြည်နယ်ဆိုတာက စစ်မီးတောက်ဆဲ၊ ပဋိပက္ခများနေဆဲ ဒေသ။ အဲဒီဒေသက အလယ်တန်းနဲ့ အထက်တန်းကလေးတစ် ရာလောက်ကို ဘုရားကျောင်းမှာ အင်္ဂလိပ်စာနဲ့ ပြည်သူ့နီတိလို လူမှုရေး ဘာသာအချို့ သင်ပြပေးဖြစ်ခဲ့ပါတယ်။ ကလေးတွေအားလုံးဟာ စစ်ဆိုတာကို ဒိဋ္ဌတွေ့ခဲ့ဖူးကြသူတွေဖြစ်ပြီး အချို့ဆို ရင် အခုထိ စစ်ရှောင်စခန်းတွေမှာ နေ ထိုင်ရဆဲပါပဲ။ တစ်နေ့မှာတော့ အတန်း ထဲမှာ ကလေးတစ်ယောက်က ကျွန်တော့် ကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်။
“ဆရာ ဘာကြောင့်စစ်ဖြစ်တာလဲ”တဲ့။

မေးခွန်းကတိုပေမဲ့ အဖြေကတော့ မတိုနိုင်ခဲ့ပါဘူး။ ကလေးတွေ ညွှန်းတဲ့စစ် ဆိုတာက သူတို့ဒေသမှာဖြစ်နေတဲ့စစ်ကို ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီအကြောင်းအရင်းကို အပြည့်အစုံဖြေ နိုင်လောက်အောင် မသိပါဘူး။ စစ်ဖြစ်စေ တတ်တဲ့အကြောင်းအရင်းတွေကိုတော့ ပြောပြဖြစ်ခဲ့ပါတယ်။

ပဋိပက္ခ ပြဿနာ
စစ်ပွဲဆိုတာက ပြဿနာကို အင် အားသုံး ဖြေရှင်းနည်းပါပဲ။ ဘာကြောင့် စစ်ဖြစ်လဲဆိုတာကတော့ တိုက်နေတဲ့ အုပ်စုနှစ်ခုကြား ပဋိပက္ခ ပြဿနာရှိနေလို့ ပဲ ဖြစ်ပါတယ်။ ဒီပဋိပက္ခကြီးကို အဖြေ တစ်ခုခုရဖို့ တိုက်ကြတာပါပဲ။ ဒါဆိုရင် ပဋိပက္ခ ဘာကြောင့်ဖြစ်လဲ။ ဖြစ်ရခြင်း အကြောင်းအရင်းက ဘာတွေများလဲ။ သည်နေရာမယ် ပဋိပက္ခဆိုတာက စစ် တိုက်တဲ့အဆင့်ဖြစ်တဲ့အထိ ပြင်းထန်တဲ့ ဟာမျိုးလောက်မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆင်မ ပြေဖြစ်ကြတာမျိုး၊ မသင့်မမြတ်ဖြစ်ကြ တာမျိုး၊ နားလည်မှုလွဲတာမျိုးကိုလည်း ဆိုလိုပါတယ်။ စာရှုသူများ ချဲ့ထွင်တွေး ဆကြဖို့ ဖြစ်ပါတယ်။

ဥပမာ တိုင်းရင်းသားအရေးပဋိပက္ခ လူမျိုးရေး ပဋိပက္ခ လင်နဲ့မယားအကြား ပဋိပက္ခ၊ ဆရာနဲ့ကျောင်းသားအကြား ပဋိပက္ခ စသည်အားဖြင့်ပေါ့ ယေဘုယျ အားဖြင့်တော့ ပဋိပက္ခတွေဖြစ်စေတတ်တဲ့ အကြောင်းအရင်း ၄ ခုရှိပါတယ်။

အရင်းအမြစ်များ (Resources)
အရင်းအမြစ်ဆိုတဲ့အခါမှာ သဘာဝ အရင်းအမြစ်တွေဖြစ်တဲ့ ဓာတ်သတ္ထုတွေ တောတောင်တွေ၊ ရေမြေ၊ အဖိုးတန်သ ဘာဝသယံဇာတ စတာတွေပါသလို လူ သားအရင်းအမြစ်တွေလည်း ပါနိုင်ပါ တယ်။ ဒီအရင်းအမြစ်တွေကြောင့် လူ တွေ ပဋိပက္ခဖြစ်တတ်ကြပါတယ်။ အ ရင်းအမြစ်တွေက အကန့်အသတ်ရှိပြီး လူတွေရဲ့ အလိုဆန္ဒတွေကတော့ အတော မသတ်နိုင်ကြလို့ပါပဲ။ သဘာဝသယံဇာ တပေါတဲ့နိုင်ငံတွေမှာ ပဋိပက္ခများတတ် ကြတယ်လို့ ပညာရှင်အချို့က ပြောကြပါ တယ်။ နိုင်ငံရေးမှာဆိုရင်တော့ သဘာဝ သယံဇာတကျိန်စာမိနေတဲ့နိုင်ငံလို့ တင် စားပြောကြပါတယ်။ စိတ်မကောင်းစွာ ပြောရမယ်ဆိုရင် စာရေးသူတို့နိုင်ငံဟာ လည်း သဘာဝသယံဇာတတွေ ပေါများ သလောက် ပဋိပက္ခတွေလည်း ယနေ့ အထိ ရှင်းမကုန်အောင် လှိုင်နေဆဲပါပဲ။ မိသားစုအဆင့်ကနေ ရပ်ရွာမြို့ခရိုင် ပြည်နယ် တိုင်းနိုင်ငံ နိုင်ငံတကာ စတဲ့ အဆင့်ဆင့်မှာ အရင်းအမြစ်တွေကြောင့် ဖြစ်တဲ့ ပဋိပက္ခတွေ အများကြီးရှိပါတယ်။ ဥပမာ၊ မိသားစုမောင်နှမကြား အမွေလု တဲ့ပြဿနာ၊ တစ်ရွာနဲ့တစ်ရွာ မြေလုတဲ့ပြ ဿနာ၊ မြစ်တွေမှာ ဆည်ဆောက်မယ့် ကိစ္စနဲ့ စပ်လျဉ်းလို့ အစိုးရနဲ့ပြည်သူ၊ နှစ်နိုင်ငံအစိုးရကြားပြဿနာ၊ တောင် တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ပြဿနာစသည်အားဖြင့် များပြားလှပါ တယ်။

တန်ဖိုးထားမှုများ (Values)
တန်ဖိုးထားမှုဆိုတာကတော့ လူ တွေရဲ့ မတူကြတဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရားတွေ၊ အကျင့်တွေ၊ ရိုးရာ ထုံးတမ်းယဉ်ကျေးမှုတွေ နိုင်ငံရေးယုံ ကြည်ချက်အယူဝါဒတွေ စတာတွေကို ညွှန်းဆိုပါတယ်။ လူအမျိုးမျိုး စိတ် အထွေထွေဆိုတဲ့ စကားလိုပါပဲ တစ်ယောက် နဲ့တစ်ယောက် တန်ဖိုးထားမှုချင်း မတူ ပါဘူး။ ဒီလိုမတူကွဲပြားနေတဲ့ တန်ဖိုး ထားမှုတွေကလည်း ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံရဲ့သမိုင်းကို အနည်း ငယ်ပြန်ကြည့်ရင်ပဲ လွတ်လပ်ရေးကြိုး ပမ်းမှုကာလ၊ လွတ်လပ်ကာစအချိန်တွေ မှာ မတူကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ကြောင့် အဖွဲ့တွေကွဲကြပြဲကြနဲ့ ပဋိပက္ခ တွေ တသီကြီး ရှိခဲ့တာကို မြင်ရမှာပါ။ နိုင်ငံရေးမှာဆိုရင် လက်ဝဲ၊ လက်ျm လစ် ဘရယ်၊ ဒီမိုကရက်၊ ကွန်ဆာဗေးတစ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်စသည်ဖြင့် စုံလှ သလို ဘာသာရေး၊ လူမျိုးရေးတွေမှာ လည်း သူ့အုပ်စုနဲ့သူအသီးသီး တန်ဖိုး ထားမှုတွေ ကွဲပြားစုံလင်လှပါတယ်။ စာ ရေးသူတို့ မြန်မာပြည်ကြီးမှာ တိုင်းရင်း သားလူမျိုး စုံလင်လှတာကလည်း သတိ ထားဖို့ကောင်းတဲ့ အချက်ကြီးတစ်ခုပါပဲ။ မတူကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ထိပ် တိုက်ယှဉ်လာပြီဆိုရင် ပဋိပက္ခဖြစ်လာဖို့ များပါတယ်။ ဥပမာဆောင်ရမယ်ဆိုရင် နာမကျန်းဖြစ်နေတဲ့ အမေက တိုင်းရင်း ဆေးကို တန်ဖိုးထားပေမဲ့ သားသမီးတွေ က ခေတ်မီဆေးဝါးကုထုံးတွေကိုပဲ ယုံ ကြည်ပြီး အမေနဲ့ကတောက်ကဆ ဖြစ်ကြ တာမျိုး၊ ဘာသာမတူ၊ လူမျိုးခြားနဲ့ ချစ် ကြိုက်မိလို့ အိမ်ကသဘောမတူ မိသားစု နဲ့ပဋိပက္ခဖြစ်ရတာမျိုး၊ လူမျိုးရေးဘာ သာရေး အဓိကရုဏ်းဖြစ်ကြတာမျိုး စသဖြင့် များစွာရှိပါတယ်။ နေ့စဉ်သတင်း တွေမှာ ဖော်ပြနေတဲ့ ပဋိပက္ခတွေကို စေ့ငု ကြည့်မယ်ဆိုရင် မတူညီတဲ့ တန်ဖိုးထားမှု တွေကြောင့် ဖြစ်ကြတဲ့ ပဋိပက္ခများစွာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ
(Psychological needs)
ဒီလိုအပ်ချက်တွေထဲမှာတော့ အာဏာ၊ ထိန်းချုပ်လိုမှု၊ စိတ်ခံစားမှုဆိုင်ရာ လိုလားချက်တွေ၊ လေးစားခံချင်တာ၊ အသိအမှတ်ပြုခံချင်တာ၊ နာမည်ကြီးချင် တာ၊ အချစ်ခံချင်တာ စသဖြင့် များလှပါ တယ်။ ဒီလိုစိတ်ထားမျိုးရှိကြတာက သာမန်ပါပဲ။ မကောင်းတဲ့ စိတ်မျိုးမဟုတ် ပေမဲ့ အလွန်အကျွံဖြစ်လာတဲ့အခါမှာတော့ ပြဿနာဖြစ်လာတတ်ပါတယ်။ ပဋိပက္ခ တွေအတော်များများမှာ ဒီလိုစိတ်ပိုင်း ဆိုင်ရာလိုအပ်မှုလေးတွေကြောင့် ဖြစ် တယ်ဆိုတာ ထင်းထင်းကြီး မြင်ရဖို့ခက် နေတတ်ပါတယ်။ မြင်သာတာတစ်ခုက တော့ အာဏာလွန်ဆွဲပွဲတွေ ဖြစ်ပါတယ်။ အဖွဲ့တွေထဲမှာ တပည့်မွေးတာ၊ သူ့လူ ကိုယ်လူလုပ်ထားတာမျိုးတွေ၊ မိမိစကား ပေါက်ဖို့ရာဟာ မသမာတဲ့ နည်းအမျိုးမျိုး နဲ့ လုပ်တာတွေဟာ အဖွဲ့တွင်း ပဋိပက္ခ တွေ အားပြိုင်မှုတွေ ဖြစ်လာစေပါတယ်။ မြန်မာ့နိုင်ငံရေးမှာဆိုရင် စစ်အစိုးရခေတ် က ဗိုလ်ချုပ်ခင်ညွန့် အရေးယူခံရတဲ့အထိ ဖြစ်သွားစေတဲ့အကြောင်းအရင်း၊ ပြည်ခိုင်ဖြိုး ပါတီရဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲ စတာတွေရဲ့အကြောင်းအရင်းက ခေါင်းပိုင်း က လူတွေရဲ့အာဏာ၊ အ သိအမှတ်ပြုမှု၊ လေးစားသမှု စတဲ့အရာ (စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်)တွေကြောင့်လို့လည်း ကောက်ချက်ဆွဲနိုင်ပါတယ်။ အရပ်ထဲမှာ ဆိုရင်လည်း ကိုယ့်ကို မျက်မုန်းကျိုးနေ တဲ့ မိန်းကလေးဆီက အချစ်ကိုရဖို့ ကြိုးစားရင်း ရုံးရောက်ဂတ်ရောက် ဖြစ်လို ဖြစ်၊ တုတ်ဆွဲဓားဆွဲဖြစ်လိုဖြစ်၊ စာသင် ခန်းတွေမှာ ဆရာနဲ့ကျောင်းသား အပြန် အလှန်လေးစားသမှု၊ အသိအမှတ်ပြုမှု နည်းကြလို့ ပဋိပက္ခတွေဖြစ်ကြစသဖြင့် စုံနေတာပါပဲ။

အခွင့်အလမ်းများ
(Opportunities)
အခွင့်အလမ်းဆိုတဲ့နေရာမှာ တစ်စုံ တစ်ခုအတွက် ဆုံးဖြတ်ချက်ချရာမှာ ပါ ဝင်ခွင့်၊ ပညာသင်ကြားနိုင်ခွင့်၊ အလုပ် အကိုင်ရရှိခွင့်၊ နိုင်ငံရေးပါဝင်ဆောင် ရွက်ခွင့်စသည်ဖြင့် ရှိကြပါတယ်။ ဒီလို မျိုးအခွင့်အလမ်းတွေကြောင့်လည်း ပဋိပက္ခဖြစ်တတ်ပါတယ်။ အခွင့်အလမ်း ကတော့ အကြောင်းအမျိုးမျိုး၊ အခြေအနေ အရပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရာကို ဆိုလိုတာဖြစ်ပြီး အခွင့်အရေး(rights)နဲ့ ဆင်နေတတ်ပါတယ်။ မြန်မာနိုင်ငံမှာ တော့ ထင်ရှားတဲ့ သာဓကအနေနဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ၆၀ရာခိုင်နှုန်းလောက် နိုင် ခဲ့ပေမဲ့ အဲဒီအချိန်က အာဏာချုပ်ကိုင်ထား တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဥပဒေစိုးမိုးရေးကောင်စီက ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ခဲ့ပါတယ်။ အကျိုးအဆက် အနေနဲ့ ဒီချုပ်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေအတွက် ကိုယ်စားပြုခွင့်၊ တိုင်းရေးပြည်မှုမှာ ဆုံးဖြတ်ချက်ချစီမံ ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ပဋိပက္ခများ စွာလည်း ဟီးဟီးထခဲ့ပါတယ်။

စာရေးသူအနေနဲ့ ဒီပဋိပက္ခရဲ့ ရေ သောက်မြစ် (၄)သွယ်ကို မျှဝေရာမှာ ပြဿနာပဋိပက္ခတွေကို စာရှုသူများ ဖြေ ရှင်းနိုင်စွမ်း တိုးကြပါစေဆိုတဲ့ ရည်ရွယ် ရင်းဖြစ်ပါတယ်။ အထူးသဖြင့် ယနေ့ ခေတ်မှာ လူငယ်တွေအတွက် ပြဿနာဖြေ ရှင်းနိုင်စွမ်း (Problem Solving Skill) ဟာ အရေးပါလာပါတယ်။ ပြဿနာကို ရှောင်ရုံ၊ ပဋိပက္ခ မဖြစ်အောင် ရေလိုက် ငါးလိုက်နေရုံနဲ့ အဲဒီပြဿနာ၊ ပဋိပက္ခ တွေက ပြေလည်သွားမှာ၊ ကိုယ့်ဆီမလာ တော့မှာ မဟုတ်ပါဘူး။ ပြဿနာ၊ ပဋိပက္ခတိုင်းကို ရှောင်လို့မရပါဘူး။ ရင် ဆိုင်တွေ့ရမှာပါ။ ဒီအခါမှာ ဘယ်လို နည်းနဲ့ အဲဒါတွေကို ရင်ဆိုင်ကျော်လွှား မလဲဆိုတာက အရေးပါပါတယ်။ ရောဂါ တစ်ခုကို ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာသိမှ ထိရောက်တဲ့ကုသမှုမျိုး ပေး နိုင်မှာပါ။ ဒီသဘောပါပဲ။ ပဋိပက္ခ ပြဿ နာတွေကြုံလာတိုင်း ဘာကြောင့်ဖြစ်တယ် ဆိုတာ ဂဃနဏသိရင် ဆီလျော်တဲ့ ဖြေ ရှင်းနည်းရဖို့ လမ်းစပွင့်နိုင်မှာပါ။ အနာ သိရင်ဆေး ရှိပါတယ်။ အနာကို အသေ အချာသိဖို့တော့ လိုပါတယ်။

ကိုးကား
“Five Dimensions of Conflict” by Gayle Mertz and Carol Miller Lieber, Educators for Social Responsibility, (2004).
“Politics: Ideas, Institutions and Actors” by Rory Mclaughlin, (2015).