ရေဘေးကာကွယ်ပေးရန် မွန်ဆားတောင်သူများ ပြည်နယ်အစိုးရထံ တောင်းဆို

0
428

ရေကြီးနစ်မြုပ်သည့် သဘာဝ ဘေးဒဏ်မှ ကာကွယ်ပေးရန် မွန်ပြည် နယ် ဆားလုပ်ငန်းရှင်များအသင်းက ပြည်နယ်အစိုးရထံ တောင်းဆိုထားကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ရေကြီးနစ်မြုပ်သည့် သဘာဝ ဘေးဒဏ်ကို တားဆီးကာကွယ်နိုင်ရန် အတွက် ရေတားတမံများ ဆည်ဖို့ ပေး ရန်နှင့် ရေကြီးခြင်းကို အလျင်မြန် နုတ် သိမ်းပေးနိုင်သည့် ချောင်းကော မြောင်း ကောများကို ပြန်လည် တူးဖော်ပေးရန် ဇွန် ၂၆ရက်က ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။

“ဆားတောင်သူတွေက ရေကြီးမှု ကြောင့် သူတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်တယ်၊ သဘာဝဘေးအန္တရာယ် ဒီလိုမျိုး နောက် တစ်ခါကြံလာရင် ကြိုတင်စီမံမှုပေါ့၊ ကြိုတင်စီမံမှုအတွက် ဆောင်ရွက်ပေးပါ ဆိုပြီးတော့ ပြည်နယ်အစိုးရကို တင်ပြ တောင်းဆိုတာ၊ ပြည်နယ်အစိုးရက ဘယ်လို စီမံမလဲဆိုတာ မသိသေးဘူး”ဟု သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရောင်း ဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။
ဇွန်လ ၁၇ ရက်က သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ် အတွင်း ဆားကြမ်းအများဆုံး ထုတ်လုပ် သည့် သံဖြူဇရပ်မြို့နယ်တွင် ရေကြီး ရေလျှံခဲ့သည့်အတွက် ဂိုထောင်တွင် သိုလှောင်ထားသည့် ဆားကြမ်းပိဿာ ချိန် ၂၆ သိန်းကျော် စုစုပေါင်း တန်ဖိုး သိန်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရ သလို လာမည့် ဆားရာသီအတွက် စုဆောင်းထားသော ဆားငံရည်ခန့်မှန်း တန်ဖိုး သိန်း ၅၀၀၀ ခန့်တို့လည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။

၎င်းပြင် ရေတိုက်စားခြင်းကြောင့် ဆားကွင်းပတ်တာများ၊ ဆားလယ်မြေ များနှင့် ရေစုကန်များလည်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု ပြည်နယ်ဆားလုပ် ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် သံဖြူဇရပ် မြို့နယ် အတွင်းတွင် ဆားလုပ်ငန်းများ အပြင် ငပိလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ကြက်စာ လုပ်ငန်းတို့လည်း ပျက်စီးဆုံးရှုံးမှုရှိ ခဲ့သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန် ထားသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်း များ လုပ်ဆောင်လျက်ရှိပြီး ရေကြီးနစ် မြုပ်မှု ဖြစ်ပွားခဲ့သည့် မြို့ပေါ်ရပ်ကွက် များ၊ ကျေးရွာများအတွင်းရှိ ချောင်း မြောင်းများကို ပြန်လည်တူးဖော်လျက် ရှိကြောင်း သိရသည်။

ရေဘေးအကူအညီနှင့် ပြန်လည် ထူထောင်ရေးအတွက် သဘာဝဘေး အန္တရာယ်အတွက် ရန်ပုံငွေ ကျပ်သိန်း ၁၈၀၀ နှင့် အလှူရှင် ငွေကျပ်သိန်း ၁၁၀၀ ကျော်တို့ထဲမှ ထုတ်ယူသုံးစွဲသွားမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများ ကြောင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင် ဇွန်လ ၁၇ ရက်က ရေလွှမ်းခံရပြီး ရေဘေး ကယ်ဆယ် ရေးစခန်း ၄၃ ခု ဖွင့်လှစ် ခဲ့ကာ ဒေသခံ ၇၀၀၀ ကျော်တို့က ယာယီ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။