မြေလျှောက်လိပ်ပြာလေးများ၏ တရားခံ

0
653

ဒေါက်တာဖြိုးသီဟ၏ ပညာရေး ဟောပြောပွဲတစ်ခုတွင် မြေလျှောက် လိပ်ပြာလေးများအကြောင်းကို စတင် သိခွင့်ကြုံခဲ့သည်။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုမြေလျှောက်လိပ်ပြာ လေးများအကြောင်းက အတွေးထဲတွင် အမြဲစိုးမိုးနေသည်။ သူတို့လေးတွေ အကြောင်းကို ကျွန်တော်မတွေးဘဲ မနေ နိုင်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ မြေ လျှောက်လိပ်ပြာလေးများကို နေ့စဉ်နှင့် အမျှ တွေ့နေရခြင်းက သူတို့လေးတွေ အတွက် ပိုပြီး ယူကြုံးမရ ဖြစ်စေသည်။

သူတို့လေးတွေကို မြေလျှောက် လိပ်ပြာဘ၀ ရောက်စေခဲ့သည့် တရားခံ တွေကတော့ နည်းနည်းမှ သိပုံမရ။
စာဖတ်သူတို့အနေဖြင့် မြေလျှောက် လိပ်ပြာဆိုသည့် စကားလုံးနှင့် ပတ် သက်ပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွား နိုင်သည်။ လိပ်ပြာဆိုသည်မှာ အတောင်ပံ အစုံပါသည့်အမျိုး။ ပျံသန်းသွားနေသည် ကိုသာ အတွေ့ရများသည့် အမျိုး။ တောင်ပံရှိလျက်နှင့် အဘယ်ကြောင့် မြေပေါ်လျှောက်ရသနည်း။ မှန်ပါသည်။ လေထဲတွင် ပျံသန်းသွား လာတတ်သည့် ဓလေ့သဘာဝရှိသည့် ဘ၀မှမြေတွင် လျှောက်ရသည့်ဘ၀ကို ရောက်ခဲ့ရသည့် လိပ်ပြာလေးများဘ၀ကို ရောက်ခဲ့ကြရ သည်။
ဤသည်မှာ လူသားတစ်စုံ တစ်ယောက်၏ စေတနာအမှားကြောင့် ဖြစ်၏။

လိပ်ပြာလေးများသည် အသွင် ပြောင်း အင်းဆက်များ ဖြစ်သည်။ သက်ငယ်ကောင်နှင့် သက်ကြီးကောင် ပုံစံလုံးဝ မတူပေ။ အရွက်စားခူဘ၀မှ ပန်းဝတ်ရည်စုပ်သည့် လိပ်ပြာဘ၀သို့ အဆင့်ဆင့် ပြောင်းလဲသွားသည်။ ပြည့်စုံ သော အသွင်ပြောင်းခြင်းတွင် ဥဘ၀၊ သားလောင်းဘ၀၊ ပိုးရုပ်ဖုံးဘ၀၊ သက်ကြီး ကောင်ဘ၀ဟု အဆင့်လေးမျိုး ရှိသည်။
ပိုးရုပ်ဖုံးဘ၀တွင် လှုပ်ရှားမှုမရှိ။ ဤအချိန်တွင် သက်ငယ်ဘ၀မှ ဆဲလ် အများစု ပျက်စီးကုန်ပြီး ကျန်ဆဲလ်များ ဖွံ့ဖြိုးလာသည်။ ထို့ကြောင့် သက်ကြီး ကောင်တွင် ပါးစပ်အစိတ်အပိုင်းများ၊ တောင်ပံများ၊ ခြေထောက်များနှင့် မျိုးပွား အင်္ဂါများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သက်ကြီးကောင်ဘ၀ ရောက်ပြီးချိန်တွင် အခွံတွင်းမှ တိုးထွက်လာသည်။ ထိုကဲ့သို့ အခွံထဲမှ မိမိဘာသာ ရုန်းကန်ပြီး တိုး ထွက်လာရခြင်းက သူ၏ခြေထောက် များနှင့် တောင်ပံများကို သန်မာစေသည်။

အခွံထဲမှ တိုးထွက်ရန် ကြိုးစားနေချိန်တွင် လူသားတစ်ဦးဦးနှင့်တွေ့ပြီး သနားစိတ် ဖြင့် အခွံထဲမှ မြန်မြန်ထွက်နိုင်စေရန် အခွံကို ခွာထုတ်ပေးမိပါက တောင်ပံများ မသန်မာနိုင်တော့သဖြင့် ပျံသန်းခြင်းငှာ မစွမ်းသာတော့ပေ။ ထိုကဲ့သို့ လူသား တို့၏ စေတနာဖြင့် ကူညီဖေးမခြင်းကို ခံကြရသော လိပ်ပြာလေးများသည် မပျံသန်းနိုင်တော့သဖြင့် မြေတွင် လျှောက်ရသည့် မြေလျှောက်လိပ်ပြာဘ၀ ကို ရောက်ကြရတော့သည်။
ကျွန်တော်တို့၏ မြန်မာ့လူ့ဘောင် အသိုင်းအဝိုင်းရှိ မိဘများသည် မိမိတို့ ၏ သားသမီးများအပေါ် သံယောဇဉ်ကြီး လွန်းသကဲ့သို့ စေတနာလည်း ပိုလှ သည်။ မိမိတို့၏ သားသမီးများ ပင်ပန်း ဆင်းရဲမည်ကို လုံးဝမလိုလားကြ။ သား သမီးများ၏ကိုယ်စား မိမိတို့ ကိုယ်တိုင် ကသာ အပင်ပန်းခံလိုကြသည်။ သား သမီးများကို ပင်ပန်းမည့် အလုပ်ဆိုလျှင် မည်သည့်အလုပ်ကိုမျှ မခိုင်းလိုကြ။ မိဘ များကြားတွင် ဂုဏ်ယူပြောကြားတတ် သည့် စကားတစ်ခွန်း ရှိသေးသည်။

မိမိတို့၏ သားသမီးများကို”ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင်ထား သည်”ဆိုသည့်စကား။ ထိုခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင်ထား ခြင်းခံရသည့် သားသမီးများသည် တကယ့်လက်တွေ့ဘ၀ကို မိမိတစ်ဦး တည်း ရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းရှိမှ ရှိနိုင်ပါ့မလားဆိုသည်ကို စိုးရိမ်မိသည်။
မိမိစားမည့် ထမင်းလေး တစ်နပ် ကိုမျှ ချက်ပြုတ် စားသောက်ခြင်းငှာ မစွမ်းသည့်သူများကို တွေ့ဖူးကြ ပေမည်။ ထိုကဲ့သို့သော သားသမီးများသည် အရွယ်ရောက်လာချိန်တွင် မိမိခြေထောက် ပေါ်တွင်မိမိ ရပ်တည်နိုင်စွမ်း ရှိနိုင်ပါ့ မလား။ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရချိန်တွင် မိမိဘ၀ကို အလွယ်တကူ အလျှော့ပေး အညံ့ခံသွား ကြမလားဆိုသည်ကို စိုးရိမ် မိသည်။

ကျွန်တော်တို့ မြန်မာမိဘများသည် သားသမီးများအပေါ်တွင် အစိုးရိမ်လွန် ကြသည့် အချက်ကလည်း အရိုးစွဲနေကြ ဆဲဖြစ်သည်။ အရွယ်မရောက်သေးသည့် ကလေးငယ်များကို မဆိုထားဘိ အရွယ် ရောက်ပြီးသည့် သားသမီးများ အတွက် ပင်လျှင် အစိုးရိမ် ပိုလွန်းကြသည်။

အထူးသဖြင့် သမီးမိန်းကလေး ဆိုလျှင် သာ၍ဆိုးပေသည်။ မိမိတို့၏ စောင့်ရှောက်မှုအောက်မှ လုံးဝလွတ်ကင်း မခံချင်ကြ။ ထိုကဲ့သို့သော မိဘများ၏လက်အောက်တွင် ကြီးပြင်းကြရသော သားသမီးများသည် မိမိဘ၀တက်လမ်း ကို ရှာဖွေလိုသောအချိန်တွင် မိဘခွင့်ပြု ချက် မရသဖြင့် များစွာ အခက်တွေ့ကြရ သည်။ တစ်နယ်တစ်ကျေးသို့ သွားရောက် ၍ ပညာသင်လိုသောအခါတွင်ဖြစ်စေ၊ စီးပွားရှာလိုသောအခါတွင်ဖြစ်စေ များစွာအနှောင့်အယှက် ဖြစ်ကြရသည်။ ထိုကဲ့သို့သော သားသမီးများသည် ထူးချွန်သင့်သလောက် မထူးချွန်ကြ တော့သလို၊ အောင်မြင်ချင်သလောက် လည်း မအောင်မြင်ကြတော့ပေ။ သူတို့၏ အစွမ်းအစများသည် မိဘများ၏ စိုးရိမ် စိတ်အောက်တွင် ပျယ်လွင့်သွားကြရ တော့သည်။

မိဘအများစု၏ လွဲမှားနေသော အတွေးအခေါ်တစ်ခုမှာ ပညာထူးချွန်နေ လျှင် ကလေးတစ်ယောက်၏ဘ၀တွင် အားလုံး ပြီးပြည့်စုံသွားပြီဟု ထင်နေကြ ခြင်း ဖြစ်သည်။ မူကြိုအရွယ်ကတည်း ကပင် စာရေး၊ စာဖတ်တတ်စေချင် နေကြ သည်။ မူကြိုအရွယ်မှာကတည်းက စာရေး၊ စာဖတ်တတ်နေသည်ကို ဂုဏ်ယူ စရာတစ်ခုအဖြစ် ထင်နေတတ် ကြသည်။

ကလေးတစ်ယောက်အတွက် မူကြို အရွယ်ဆိုသည်မှာ စာသင်ရမည့်အရွယ် မဟုတ်ပေ။ ကိုယ်ကာယပိုင်း အထူး သဖြင့် လက်ချောင်းကြွက်သားလေးများ ကဲ့သို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပျိုးထောင်ပေး ရမည့်အရွယ် ဖြစ်ပေသည်။ မိမိကိုယ် ကိုမိမိ အားကိုးရမည်ဆိုသည့် စိတ်ဓာတ် မျိုးကို မွေးပေးရမည့်အချိန်လည်း ဖြစ် သည်။ သူ့အရွယ်နှင့်သူ လုပ်နိုင်စွမ်းရှိ သည့် အလုပ်ကို မိမိဘာသာ လုပ်ကိုင် တတ်အောင် လေ့ကျင့်ပေးရမည့်အချိန် လည်း ဖြစ်သည်။ သို့သော်လည်း တချို့ သော မိဘများသည် မိမိတို့၏ကလေး များကိုKG, Grade-1, Grade-2 အရွယ်ရောက်နေသည့်တိုင် ထမင်းလိုက် ခွံ့ကျွေးချင်နေကြဆဲဖြစ်သည်။ ကျောပိုး အိတ်၊ ထမင်းချိုင့်များကို သယ်ပိုးပေး ချင်စိတ် ရှိနေကြဆဲဖြစ်သည်။ အရာ တော်တော်များများကို မိဘများက လိုလေသေးမရှိအောင် ဆောင်ရွက်ပေး ချင် တတ်ကြသည်။

ထိုကဲ့သို့သော ကလေးများသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ်နည်း လာကြသကဲ့သို့ မိမိကိုယ်ကိုမိမိလည်း ယုံကြည်မှု အားနည်းလာတတ်ကြသည်။ လူကြီးမိဘမပါလျှင် ဘယ်ကိုမျှမသွားရဲ၊ လူကြီးမိဘများ၏ လမ်းညွှန်မှု မပါလျှင် မည်သည့်အရာကိုမျှ မလုပ်ရဲမကိုင်ရဲ တော့သလို၊ မည်သည့်အရာကိုမျှ မိမိ ဆုံးဖြတ်ချက်ဖြင့် မလုပ်တတ်၊ မကိုင် တတ်ကြတော့ပေ။
ထိုကဲ့သို့သောသူများသည် လုပ်ငန်းခွင်ထဲသို့ရောက်လာချိန်တွင်လည်း အထက်မှ ညွှန်ကြားချက်မပါလျှင် ဘာကိုမျှ မလုပ်တတ်၊ မကိုင်တတ်တော့ သလို၊ ဘာကိုမျှလည်း မလုပ်ရဲမကိုင်ရဲ တော့ပေ။ ထိုကဲ့သို့သော သူများသည် မြေလျှောက်လိပ်ပြာလေးများ၏ဘ၀နှင့် ခြားနားမှုမရှိပေ။

ထိုထိုသော မြေလျှောက် လိပ်ပြာ လေးများနှင့် တိုင်းပြည်၏ အနာဂတ် ဆက်စပ်ကြည့်သည့်အခါ စိတ်ကူးရုံဖြင့် ပင် ရင်မောရပါသည်။