လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်မည်ဟု မြိတ် ၈၈ ထုတ်ပြန်

0
427

မြိတ်ခရိုင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း က ထုတ်ပြန်လိုက်သည်။

မြိတ်၊ ကျွန်းစု ပုလော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ၏ ဇွန်လ ၁၇ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒသဘောထား ထုတ်ပြန်ရာတွင် အထက်ပါအချက် အပါအဝင် အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် အချက်တစ်ချက် အဖြစ်”လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်”ဟူ သော မေလ ၃၁ရက်၊ ၂၀၁၇ ခုနှစ် နိုင်ငံ တော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ ကျွန်ုပ်တို့ အနေဖြင့် ဒေသတွင်း လူ့အခွင့်ရေးချိုး ဖောက်ခံရမှုများနှင့် အကျင့်ပျက်ခြစား မှုများကို လေ့လာစောင့်ကြည့်သွားရန်ဟု ဖော်ပြထားသည်။

စီမံကိန်းများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက်ချစားမှုများကို စုံစမ်းစစ်ဆေး ပြီး ရရှိလာမည့် အစီရင်ခံစာများကို နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော် သမ္မတရုံးနှင့် ရန်ကုန် ၈၈ မျိုးဆက်သို့ တင်ပြသွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)ထံမှ သိရသည်။
“အောက်ခြေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာကို နိုင်ငံတော် အတိုင်ပင်ခံရုံးကို ပို့မယ်။ အရေးယူတဲ့ ကိစ္စက နိုင်ငံတော်ကိစ္စဖြစ်ပြီး နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်ဖို့ ကိစ္စက ဒို့ကိစ္စဖြစ်တယ်”ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ပြောရေး ဆို ခွင့်ရှိသူ ဦးအောင်နိုင်ဦးက ပြောသည်။

မြိတ် ၈၈ မျိုးဆက်၏ ရပ်တည် ချက်နှင့် လုပ်ကိုင်နေသည်များ၊ ရှေ့ဆက် လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကို အများ ပြည်သူသိနိုင်ရန် ယခုကဲ့သို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရသည်။
စောင့်ကြည့်ရေး လုပ်ငန်းများ အတွက် သက်ဆိုင်ရာနယ်ပယ်နှင့် ကဏ္ဍအသီးသီးတို့တွင် စောင့်ကြည့်ရန်အတွက် ပြီးခဲ့သည့် ၃ နှစ်ကတည်းက နယ်ကွန် ရက်အဖွဲ့ဝင်တို့အား သင်တန်းများ ပို့ချထားပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦး က ဆိုသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်မယ့် အဖွဲ့တစ်ဖွဲ့ ပေါ်လာတာ ကို ကြိုဆိုရမှာပေါ့”ဟု မြိတ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးအဖွဲ့မှ ဦးနေဝင်းစိုးက ပြောသည်။

မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ၏ ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒသဘောထား ထုတ်ပြန်ချက်တွင် ဒေသတွင်း ဒီမိုကရေစီ အလေ့အထများ ပြန့်ပွားစေရေး အလေး ထား ဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ချမှတ် ထားသော မူဝါဒလမ်းစဉ်များနှင့် သွေဖယ် လုပ်ဆောင်နေသည့် ဗျူရိုကရေစီ ယန္တရား အား စောင့်ကြည့်ရန် စသည့် အချက်များ အပါအဝင် အချက် ၆ ချက် ပါဝင်သည်။