ပုလောတွင် လယ်ယာမြေအချို့ အခြားနည်းအသုံးပြုခွင့်မကျသေးဘဲ GGS မြေဖို့

0
412

ပုလောမြို့နယ်တွင် Global Grand Service (GGS) ကုမ္ပဏီက ဆောက်ရွက် နေသည့် အဝေးပြေး ယာဉ်ရပ်နားစခန်း နှင့် အိမ်ရာစီမံကိန်းအတွက် လယ်ယာ မြေအချို့ ခွင့်ပြုချက်မကျသေးသော် လည်း မြေဖို့နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်းက ပြောသည်။

ဇွန်လ ၁၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တွင် ပုလောမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော် မင်း(ခေါ်) ဦးဖိုးမင်းက ယင်းသို့ ပြော ဆိုခြင်း ဖြစ်သည်။
ဦးကျော်မင်းက ယင်းလွှတ်တော် အစည်းအဝေးတွင် GGS ကုမ္ပဏီမှ ဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း စီမံကိန်း နှစ်ခုပြုလုပ်ရန်အတွက် မြေဖို့နေခြင်းနှင့် ပတ်သက်ပြီး တိုင်းအစိုးရအနေဖြင့် မည် သို့ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း မေးခွန်း မေးမြန်းခဲ့သည်။

ယင်းစီမံကိန်းမှ လုပ်ဆောင်နေ သော ပုလော၊ မြိတ်ကားလမ်းအရှေ့ဘက် ရှိ လယ်မြေအချို့မှာ အခြားနည်းအသုံးပြု ခွင့် လျှောက်ထားဆဲဖြစ်ပြီး ယင်းကား လမ်းအနောက်ဘက်ရှိ မြေဧက ငါးဧက ကျော်မှာ အခြားနည်းအသုံးပြုခွင့်ပင် မလျှောက်ထားသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။
သို့သော် ယင်းနေရာနှစ်ခုစလုံးတွင် GGS ကုမ္ပဏီက မြေဖို့နေသည်ဟု ဦးကျော်မင်းက ပြောသည်။
ကားလမ်းအနောက်ဘက်ရှိ လယ် မြေ ၅.၅၇ ဧက အနက် မြို့နယ်ခန်းမ ဆောက်လုပ်ထားသော လယ်မြေ ၀ ဒဿမ ၄၀ ဧကမှာလည်း လယ်ယာ မြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထား ရန် အမှုတွဲ ဖွင့်လှစ်ဆဲဖြစ်ကြောင်း ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

အဆိုပါ စီမံကိန်းမှ မြေယာအခြား နည်းအသုံးပြုခွင့် မကျသေးသော်လည်း မြေဖို့နေသဖြင့် GGS ကုမ္ပဏီမှ လုပ် ဆောင်နေမှုများသည် ဥပဒေများနှင့် ညီညွတ်မှုရှိမရှိ ဦးကျော်မင်းက ဝန်ကြီး အား ထပ်ဆင့် မေးခွန်းထုတ်ခဲ့သည်။
“ဒီ Global Grand ကုမ္ပဏီက ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေဟာ ဥပဒေတွေနဲ့၊ နည်းဥပဒေတွေနဲ့ ညီညွှတ် မှုရှိရဲ့လား၊ ညီညွတ်မှုမရှိဘူးဆိုရင် ဘယ်လို၊ ဘယ်ပုံ ဘယ်နည်းနဲ့ဆောင်ရွက် ဖို့ရှိပါသလဲ”ဟု ဦးကျော်မင်းက လွှတ် တော်တွင် မေးခွန်းထုတ်သည်။
လယ်ယာမြေပေါ်မြေဖို့နေမှုကိစ္စ သည် ၂၀၁၄ ခုနှစ် ယခင်အစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၎င်းကိစ္စများကို ဖြေရှင်းရမည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။
သို့သော် တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မှာ ဝန်ကြီးချုပ်နှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက်နေသဖြင့် လွှတ်တော်တွင် ခွင့်ယူထားသည်။

အဝေးပြေးယာဉ်ရပ်နာစခန်းနှင့် အိမ်ရာစီမံကိန်းမှာ လက်ရှိတွင် ဆောင် ရွက်ခြင်းမရှိသေးဘဲ အခြားနည်းအသုံး ပြုခွင့် မလျှောက်ရသေးသည့် လယ်မြေ များကိုလည်း ပြန်လည် စစ်ဆေးမည် ဖြစ်ပြီး အခြားနည်းအသုံးပြုခွင့် လျှောက်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ဦးကြည်လှိုင်က ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ GGS ကုမ္ပဏီ၏ တာဝန်ရှိသူ ဦးအောင်မြတ် အား မေးမြန်းနိုင်ရန်အတွက် ထားဝယ် မြို့ရှိ GGS လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီ ထံ သွားရောက်မေးမြန်းရာ ခရီးသွားနေ သည်ဟု လျှပ်စစ်ဖြန့်ဖြူးရေး စီမံ မန်နေ ဂျာ ဦးမြတ်သူက ပြောသည်။
ဦးအောင်မြတ်မှာ တနင်္သာရီ တိုင်း အစိုးရနှင့်ချုပ်ဆိုထားသည့် ထားဝယ် ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်တွင် GGS ကုမ္ပဏီဘက်က လက်မှတ်ထိုး ထားသူ ဖြစ်သည်။

ယင်းကြောင့် ဦးအောင်မြတ်အား တနင်္သာရီအပတ်စဉ်မှ တယ်လီဖုန်းဖြင့် သုံးကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။
တိုင်းအတွင်း လယ်မြေပေါ် ခွင့်ပြု ချက်မရှိဘဲ မြေဖို့နေမှုများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြပ်မတ် ဆောင်ရွက်ပေးရန် တိုင်းအစိုးရဖွဲ့အား လွှတ်တော်ဥက္ကဋ္ဌကလည်း လွှတ်တော်က တစ်ဆင့် တိုက်တွန်းလိုက်သည်။
လယ်မြေများကို မည်သည့်နည်း လမ်းနှင့်မျှ မည်သူ့ကိုမဆို သုံးစွဲခွင့်ပြု မည်မဟုတ်ကြောင်း ပြောဆိုထားပြီး လယ်မြေပေါ်မြေဖို့သူများ ထောင်ကျနိုင် ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကလည်း ၎င်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး လပိုင်း အကြာ ၂၀၁၆ခုနှစ် ဇွန်လတွင် သတိ ပေးခဲ့ဖူးသည်။