တနင်္သာရီ အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်း အကြံပြုနိုင်

0
428

တနင်္သာရီ တိုင်းဒေသကြီး အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်းနှင့် ပတ် သက်သည့် အကြံပြုချက်များကို သတ်မှတ်ပုံစံတွင် ဖြည့်ကာ တိုင်းလွှတ်တော်ရုံးနှင့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့(DDA)ထံပေးပို့နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ထွေးက ပြောသည်။

အသေးစားငွေချေးလုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်းကို ခရိုင်မြို့ကြီးများတွင် ရှင်းလင်း ပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းရှင်းလင်းပွဲများမပြီးဆုံးမီ ယင်းဥပဒေမူကြမ်းနှင့် ပတ် သက်၍ ပြင်ဆင်လိုသည့် အကြံပြုချက်များကို ပေးပို့နိုင်ကြောင်း ဦးဗိုလ်ထွေးက ဆိုသည်။
“ဒါမှလည်း ဒီဥပဒေဟာ မိုးကျရွှေကိုယ် မဟုတ်ဘဲနဲ့ ငါတို့သိခဲ့ရတယ်၊ ပါဝင် ခဲ့ရ တယ်ဆိုတဲ့ အခြေအနေမျိုး ယဉ်ကျေးမှုကို ကျွန်တော်တို့ ဖန်တီးယူခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ဥပဒေကြမ်းရှင်းလင်းပွဲကို ထားဝယ်မြို့တွင် ဇွန်လ ၂၁ ရက်က ကျင်းပခဲ့ပြီး မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် မည်သည့်အချိန်လုပ်ဆောင်မည်ကို မသိရသေးပေ။

ယင်းဥပဒေ မူကြမ်းကို တိုင်းဒေသ ကြီးလွှတ်တော် ဒသမပုံမှန်အစည်း အဝေး တွင် အတည်ပြုမည်ဖြစ်ပြီး ဥပဒေ အသက်ဝင်လာပါက ငွေချေးလုပ်ငန်းနှင့် ပတ်သက် သည့် ပြဿနာများလျော့နည်း လာမည်ဖြစ်ကြောင်း ဦးဗိုလ်ထွေးက ဆိုသည်။ ယခုလွှတ် တော်သက်တမ်းအတွင်း လက်ရှိအချိန်ထိ ယစ်မျိုးခွန်ဥပဒေ၊ တိုင်းဒေသကြီး စည်ပင် သာယာရေး ဥပဒေ၊ တိုင်းဒေသကြီးပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ စသည့် ဥပဒေပေါင်း ၁၂ ခုကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။