အုပ်ချုပ်ရေးမှူးက လက်ထိပ်ခတ် အုပ်စုဖွဲ့ ဝိုင်းရိုက်သည်ဟုဆိုကာ အမှုဖွင့်

0
400

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက အခြားရွာမှ ရွာသားတစ်ဦးအား လက်ထိပ်ခတ်၍ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက် သည်ဟုဆိုကာ ဇွန်လ ၂၁ ရက်နေ့တွင် နယ်မြေရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း ယင်းရွာသားနှင့် ဝင်းဝနယ်မြေ ရဲစခန်း စခန်းမှူးထံမှ သိရသည်။
အမှုဖွင့်သူ ဝဲရစ်ရွာမှ ကိုညီညီထွေး ၏ ပြောပြချက်အရ ဇွန်လ ၁၉ ရက် ညနေတွင် ရငဲရွာအုပ်ချုပ်ရေးမှူး၏ ဆိုင်ကယ်အား လမ်းတွင် ဆိုင်ကယ်ဖြင့် ဖြတ်တက်စဉ် အဖော်ပါလာသည့် သူငယ်ချင်းအား “ဒါ ရငဲက ရွာလူကြီး ပေါ့”ဟု ပြောဆိုကာ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားခဲ့သည်ဟု ဆိုသည်။

ယင်းနောက် အုပ်ချုပ်ရေးမှူးက ဆိုင်ထဲဝင်လိုက်လာပြီး “မင်းက လူမိုက လား၊ မင်းဘာကောင်လဲ”ဟု ပြောကာ ရငဲရွာဘက် ထွက်သွားပြီး လူ ၂၀ ကျော် ခေါ်လာကာ ယင်းဆိုင်ရှေ့တွင်ပင် အုပ် ချုပ်ရေးမှူးက စထိုးပြီး လက်ထိပ်ခတ်ပြီး နောက် ဝိုင်းရိုက်ကြသည်ဟု ကိုညီညီ ထွေးပြောသည်။
“ဘာမှ မဆွေးနွေးရဘဲ အသား လွတ် ဝင်ထိုးတယ်၊ နှစ်ချက် သုံးချက် ထိုးပြီးမှ လက်ထိပ်ခတ်တယ်၊ အားလုံး ဝိုင်းထိုးတယ်၊ ဝိုင်းရိုက်တယ်၊ ဒီကောင် သေအောင်သတ် သေအောင်သတ်ဆို တော့ ကျွန်တော်လည်း ကြောက်ပြီး ထွက်ပြေးတယ်၊ ထွက်ပြေးပြီး နောက် တစ်ခါ ပြန်မိတယ်၊ ကျွန်တော် ရုန်းပြီး ထွက်ပြေးခဲ့တယ်”ဟု ကိုညီညီထွေးက ပြောသည်။
ဆိုင်မှ တစ်မိုင်ခန့်ဝေးသော ဝဲရစ် ရွာရှိ ကိုညီညီထွေး၏ အစ်ကိုအိမ်သို့ ရောက်သောအခါ ရွာမှ လူကြီးများ စုကာ ညတွင်းချင်းပင် ဝင်းဝ ရဲစခန်းသို့ သွား ရောက်ကာ လက်ထိပ်ဖြုတ်စေခြင်း၊ မင်းဒပ်ရွာ သားဖွားဆရာမထံတွင် ဆေး ကုသပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“သူလုပ်တာကလည်း ပေါ့ပေါ့ မဟုတ်ဘူး။ ကျွန်တော်မှာလည်း ဘာ အပြစ်မှ မရှိဘူး၊ (ဆဲတာမျိုးလည်း)မရှိဘူး၊ ကျွန်တော်ကို အဲလိုလုပ်တာ မခံနိုင်ဘူး”ဟု ကိုညီညီထွေးက အမှုဖွင့် ရခြင်းအကြောင်းကို ရှင်းပြသည်။
အမှုကို ပ/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၂၉၄ ဖြင့် စစ်ဆေးလျက်ရှိ ကြောင်း ဝင်းဝရဲစခန်း စခန်းမှူး ရဲအုပ် မင်းနိုင်က ပြောသည်။
လက်ထိပ်ခတ် အုပ်စုဖွဲ့ရိုက်နှက် သည်ဟု စွပ်စွဲခံရသော ရငဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်ကမူ သူ့ဆိုင်ကယ်အား အရှိန်ပြင်းစွာ ကျော် တက်၍ တစ်စုံတစ်ရာ ဆဲဆိုသွားသဖြင့် ထိုသို့ မဆဲသင့်ကြောင်းပြောဆိုခဲ့ ကြောင်း၊ ၎င်းဆိုင်ကယ် ဆိုင်တွင်နားစဉ် ထိုသို့ ပြုလုပ်ရသည့် အကြောင်းမေးမြန်းရာ ထပ်မံဆဲဆိုသဖြင့် ရဲစခန်းတိုင်ကြား ပြီးနောက် ရွာသို့ပြန်ခဲ့ကာ ယင်းဆိုင်သို့ လူ ၄ ဦးဖြင့်သာ ထပ်မံပြန်လာခဲ့ကြောင်း ပြောသည်။

ထိုသို့ပြန်သွားကာ ဝဲရစ်ရွာသား ကိုညီညီထွေးအား ရဲလာမှ ရှင်းမည်ဟု ဆိုရာ ကိုညီညီထွေးက စထိုးသဖြင့် အဖော်ပါလာသူက ပြန်ထိုးခြင်းဖြစ် ကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း အောင်က ပြောသည်။
“ဒီနေရာမှာပဲ သူ့ကို ထိန်းထား လိုက်တယ်၊ သူက ခင်ဗျားကို ထိုးရင် ဘယ်လောက် လျော်ရမလဲ မေးလာ တယ်၊ ကျွန်တော်က ရဲလာမှ ရှင်းမယ် မင်းလျှောက်ပြောနေပါလားလို့ ပြော တော့ သူက ဒီပိုက်ဆံလောက် အေးဆေး တတ်နိုင်တယ်တဲ”ဟု ၎င်းက ဆိုသည်။
ယင်းသို့ လျှောက်ပြောနေသည့် အတွက် ဆီးစစ်မည်ဟုပြောသောအခါ ၎င်းက ထွက်ပြေးခဲ့သည်ဟု ဦးမျိုးမင်း အောင်က ပြောသည်။
“ထွက်ပြေးတော့ ကျွန်တော်လူတွေ က တုတ်ပြီးတော့ ထိန်းချုပ်ထားတယ်၊ ကျွန်တော်တို့မှာက မူးယစ်ဆေးအတွက် ဆိုပြီး လက်ထိပ်တွေရှိတော့ လက်ထိပ် ခတ်လိုက်တယ်၊ သူက လက်ထိပ်နဲ့ တစ်ခါ ထွက်ပြေးတယ်၊ ဒဏ်ရာကတော့ ကျွန်တော့် လူနှစ်ယောက်ဝင်ထိုးတယ် ဆိုတော့ ပွန်းပဲ့ရုံပါ”ဟု ၎င်းက ပြောသည်။

ထွက်ပြေးပြီးနောက် ရဲစခန်းသို့ မကြာခဏ ဖုန်းဆက်ရာ ရဲက တစ်နာရီ ကျော်ပြီးမှ ရောက်လာချိန်တွင် ရငဲရွာ သားများလည်း ယင်းဆိုင်သို့ ရောက်လာ ကြသည်ကို ဝဲရစ်ရွာသားများ တွေ့မြင် ပြီး အုပ်စုဖွဲ့ ရိုက်နှက်သည်ဟု ထင်မြင် သွားကြောင်း ဦးမျိုးမင်းအောင်က ဆိုသည်။
အခင်းဖြစ်စဉ်က ဆိုင်အတွင်း လူ အချို့ရှိသော်လည်း မည်သူမျှ ဝင်မတား နိုင်ခဲ့ကြောင်း အခင်းဖြစ်သည့်အချိန် ဆိုင်တွင် ရှိနေသည့် ကိုညီညီထွေးနှင့် အတူပါလာသူက ပြောသည်။
“သက်သေတွေ အားလုံးရှိပါတယ်၊ လူအယောက် ၃၀ လောက်က မင်းမဲ့ စရိုက်ဆန်ဆန် တုတ်တွေနဲ့ဆိုတော့ ဘယ်သူမှ ဝင်မပြောရဲဘူးပေါ့”ဟု ၎င်းက ဆိုသည်။

အခင်းဖြစ်သည့်ဆိုင်နေရာမှာ ရငဲကျေးရွာအုပ်စုနှင့် မင်းဒပ်ကျေးရွာ အုပ်စု နှစ်ခုကြားရှိ ကမြိုင်ကျေးရွာအုပ် စုပိုင် ထားဝယ်-မြိတ် ကားလမ်းဘေးတွင် ဖြစ်သည်။