အင်တာနက်သုံးလျှင် ပွတ်ရုံလေးဖြင့် ကျေနပ်မနေပါနှင့်

0
579

ပြတင်းတံခါးတစ်ပေါက်ဖွင့်လိုက် လျှင် လေကောင်းလေသန့်နှင့်အတူ အမှိုက်သရိုက်များလည်း ဝင်လာတတ် သည်။ အမှိုက်သရိုက်များ ဝင်လာမှာစိုး သဖြင့် ပြတင်းတံခါးကို အမြဲပိတ်ထား လျှင်လည်း လေကောင်းလေသန့်များ ဝင်လာနိုင်လိမ့်မည် မဟုတ်ပေ။ အင်တာ နက်ဖွင့်ကြည့်လိုက်လျှင်လည်း ထိုနည်း လည်းကောင်းပင်။ အမှိုက်သရိုက်နှင့် တူသည့် ညစ်ညမ်းစာပေများ မြင်တွေ့ ရမည် ဖြစ်သလို လေကောင်းလေသန့် နှင့်တူသည့် စာကောင်းပေမွန်များ၊ အတတ် ပညာများလည်း ဖတ်ရှုရလိမ့်မည် ဖြစ် သည်။ အကောင်းချည်းပဲ လိုချင်၍လည်း မရနိုင်ပါ။ လောကနိယာမအရ အကောင်း နှင့်အဆိုးသည် အမြဲဒွန်တွဲနေတတ်သည်။
အရေးကြီးသည်မှာ မိမိကိုယ်ပိုင် ဥာဏ်ဖြင့် အကောင်းနှင့်အဆိုးကို သေ ချာစွာ စဉ်းစားဝေဖန်သုံးသပ်ပြီး ခွဲခြား လေ့လာသင်ယူတတ်ဖို့သာ လိုသည်။

ယခင်က စာဖတ်လိုလျှင် စာကြည့် တိုက်သို့သွားပြီး ဖတ်ရှုလေ့လာခဲ့ရသည်။ ယခုအချိန်တွင်ကား စာကြည့်တိုက်တစ်ခု လုံးကို မိမိအိတ်ထောင်ထဲသို့ ထည့်ထား နိုင်ပြီ ဖြစ်သည်။ စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် အင်တာနက်လိုင်းမိသည့် မည်သည့် နေရာတွင်မဆို အချိန်မရွေး မိမိလေ့လာ ချင်သည့် အတတ်ပညာ ဗဟုသုများစွာကို လေ့လာဖတ်ရှုပြီး မိမိအသိပညာနယ်ပယ် ကို ချဲ့ထွင်နိုင်သောကြောင့် ဖြစ်ပါသည်။
ထိုကဲ့သို့ အခွင့်ရေးများကို အရယူ ကာ ဘ၀တက်လမ်းအတွက် လူနည်းစုက သာ အကျိုးရှိစွာ အသုံးချနေကြပြီး အ များစုမှာမူ အချိန်ရလျှင် ဖုန်းပွတ်၍ ဖေ့စ်ဘွတ်သုံးခြင်း၊ အပြန်အလှန် like ပေးခြင်း၊ ချက်တင်ထိုင်ခြင်းများဖြင့် မိမိအတွက် အကျိုးမရှိဘဲ အချိန်များ ဖြုန်းတီးနေကြသည်ကို ဝမ်းနည်းစွာ မြင်တွေ့နေရသည်။ အတတ်ပညာ ဗဟုသုတဆိုသည်မှာ ကိုယ်တိုင်အပတ် တကုတ် ကြိုးစားသင်ယူလေ့လာမှသာ ရရှိနိုင်သည်။ ဥုံဖွဆိုပြီး မည်သည့် တန်ခိုးရှင်ကမှ ဦးနှောက်အတွင်းသို့ မထည့်သွင်းပေးနိုင်ပေ။

ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ပြာပုံ အတိဖြစ်ခဲ့ရသော ဂျပန်နိုင်ငံသည် အချိန် တိုအတွင်း ပြန်လည်ရုန်းထနိုင်ခဲ့ပြီး ကမ္ဘာတွင် နည်းပညာ တိုးတက်အထွန်း ကားဆုံးနိုင်ငံများတွင် တစ်ခုအပါဝင် အဖြစ် ရပ်တည်နိုင်ခဲ့ရခြင်းမှာ သူတို့ နိုင်ငံသားတိုင်းက အကောင်းဆုံးကြိုးစား လေ့လာသင်ယူပြီး အကောင်းဆုံးပုံဖော် ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် ကျွန်တော်တို့မြန်မာနိုင် ငံသည်လည်း သူတို့နိုင်ငံစတင်တည် ထောင်ခါစ ပြာပုံဘ၀အခြေနေထက် အများကြီး သာပါသေးသည်။ သူတို့လို ကြိုးစားနိုင်လျှင် သူတို့အခြေအနေ တစ်ခုထိ မရောက်နိုင်တောင်မှ အာရှကျား တစ်ကောင် ဖြစ်နိုင်ပါသေးသည်။

အရေးကြီးသည်မှာ သူ့ကြောင့်ငါ့ ကြောင့်ဟု အပြစ်မတင်နေကြဘဲ တစ်ဦး တစ်ယောက်ခြင်းစီက အသိစိတ်ဓာတ်ရှိ ရှိဖြင့် ကြိုးစားကြဖို့သာ လိုသည်။ နိုင်ငံတစ်ခု၏ အင်အားသည် ခေါင်းဆောင် တစ်ယောက်တည်း အင်အားဖြင့် မတည် ဆောက်နိုင်ပါ။ သူ၏ကောင်းမွန်သော စီမံခန့်ခွဲမှုအောက်မှ နိုင်ငံသားတစ်ဦး ချင်းစီ၏ အင်အားဖြင့် ဖွဲ့တည်မှသာ ရပါလိမ့်မည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင် သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံပညာရေး စနစ်တွင် ဒသမတန်းစာမေးပွဲအမှတ် အနည်းများအပေါ် မူတည်ပြီးမှ သက် မွေးဝမ်းကြောင်းပညာရပ်ကို တက်ရောက် သင်ကြားခွင့်ရှိသည်။ ထိုအခါ ဝါသနာ ရှင်လူငယ်အများစုသည် မိမိဝါသနာပါ သည့် သက်မွေးဝမ်းကျောင်းပညာကို အမှတ်မကောင်းသဖြင့် တက်ရောက်ခွင့် မရရှိခဲ့သောကြောင့် မီးခဲပြာဖုံးဝါသနာရှင် လူငယ်အများအပြား ရှိခဲ့ကြသည်။ ထို ဝါသနာရှင်များသည် မိမိဝါသနာပါရာ ပညာကို သင်ခွင့်မရသဖြင့် စိတ်ပျက် အားမလျှော့ပဲ အင်တာနက်တွင် မိမိဝါ သနာပါသည့် သင်ယူလိုသည့်ပညာကို ဆက်လက်လေ့လာသင်ယူသင့်သည်။

အမြဲတမ်းသွေးနေသည့် ဓားသည် ထက်မြက်နေသကဲ့သို့ မိမိဦးနှောက်ကို လည်း လေ့လာဆည်းပူးခြင်းဖြင့် ထက် မြက်နေအောင် ကြိုးစားသင့်ပါသည်။ တချို့သောသူများသည် အတတ်ပညာ တစ်ခုခုကို သင်ယူလိုလျှင် ဆရာ မပါဘဲ အင်တာနက်အသုံးပြုပြီး သင်ယူတတ် မြောက်နိုင်သည်ကို သံသယ ရှိကြသည်။ ဆရာရှေ့တွင် ကိုယ်တိုင်ကိုယ်ကျ လက်ထပ် သင်ယူမှ တတ်မြောက်နိုင်သည်ဟု အစွဲ ရှိကြသဖြင့် ထိုကဲ့သို့ သံသယရှိခြင်းသည် အပြစ်တစ်ခုဟု မဆိုသာပေ။ ဝါသနာ ပါပြီး ပြင်းပြသည့်ဆန္ဒနှင့် ပါရမီအခြေခံ ရှိလျှင် အထူးတလည် မသင်ယူရဘဲ မြင်ရုံဖြင့် တတ်မြောက်နိုင်သည်။ အဓိက အရေးကြီးသည်မှာ ကိုယ်တိုင်က မည့်သည့် အတတ်ပညာရပ်တွင် ဝါသနာပါသည် ကို သေချာဆန်းစစ်ကြည့်ဖို့သာ လိုသည်။

ထိုကဲ့သို့အင်တာနက်မှ လေ့လာ သင်ယူတတ်မြောက်နိုင်သည်ကို အခိုင် မာပြောနိုင်ရခြင်းမှာ စာရေးသူကိုယ်တိုင် ယခင်ချိန်တုန်းက ပြင်ပတွင် တစ်ခါမျှ မမြင်ဖူးသည့် CNC (Computerized Numerical Control) စက်ကို ပြင်ပဆရာမလိုပဲ အင်တာနက် အသုံးပြု ပြီး Youtube မှ လေ့လာသင်ယူ ခဲ့သဖြင့် အကျွမ်းကျင်ကြီးမဟုတ်တောင်မှ ကွန်ပျူ တာဖြင့် ပုံဆွဲပြီး စက်ဖြင့်ပြုလုပ်နိုင် သည်အထိ သင်ယူ တတ်မြောက်ခဲ့သော ကြောင့် ဖြစ်သည်။ ကျွန်တော် ထိုကဲ့သို့ ရေးသားတင်ပြရခြင်းသည် CNC ပညာရပ်ကို သင်ကြားပေးနေသည့် ဆရာများကို စော်ကားလိုခြင်း မဟုတ်ဘဲ လူငယ်များ မိမိဝါသနာပါသည့် ပညာရပ် များကို အင်တာနက် အသုံးပြုပြီး အလွယ် တကူ သင်ယူတတ်မြောက်နိုင်ကြောင်း သက်သေပြလိုခြင်းသာ ဖြစ်သည်။

အင်တာနက်ထဲတွင် မိမိသင်ယူလို သည့် ပညာရပ်များအပြင် တခြားသိရှိလို သော အကြောင်းအရာ များစွာကိုလည်း ဖတ်ရှုလေ့လာနိုင်ပါသေးသည်။ မိမိသိ လိုသော မည်သည့်အကြောင်းရာကိုမဆို အစစာလုံးတစ်လုံး ရိုက်လိုက်ရုံမျှဖြင့် သိချင်သည့်အကြောင်းအရာများ တန်း စီ၍ပေါ်လာကာ ထိုအထဲမှာ စိတ်ကြိုက် ဖတ်ရှု့လေ့လာ မှတ်သားနိုင်သည်။
မည်သည့်အကြောင်းအရာကိုမဆို ဖတ်ရှု့လေ့လာသည့်အခါတွင် နောင်တစ် ချိန် ပြန်လည်လေ့လာနိုင်ရန်အတွက် မှတ်စုစာအုပ်တစ်အုပ်ဖြင့် အကြောင်း အရာမျာကို အကျဉ်းချုပ် မှတ်သားတတ် သည့် အကျင့်ကို ပြုစေချင်သည်။

စာများများဖတ်ခြင်းသည် စဉ်းစား ညဏ်ကို ရင့်သန်စေသည့်အပြင် မှတ် ဥာဏ်ကိုလည်း ကောင်းမွန်စေသည်။ အသိပညာနှင့် အတွေးခေါ်ကိုလည်း တိုး တက်စေသည်။ ကမ္ဘာပေါ်ရှိ ဆန်းသစ် သော ကိစ္စအဝ၀ကို တစ်နေရာတည်းတွင် လေ့လာနိုင်ပြီး နည်းလမ်းသစ်များနှင့် မိမိဘ၀ကို အောင်မြင်အောင် လမ်းညွန် ပေးနိုင်သောကြောင့် စာများများဖတ်ရန် လိုအပ်ပေသည်။ ကမ္ဘာ့တတိယအချမ်းသာ ဆုံးပုဂ္ဂိုလ်ဖြစ်သော Warren Buffet သည် တစ်နေ့ကို စာမျက်နှာ ၅၀၀ ခန့် ဖတ်သည်။ သူသည် စာဖတ်သော ကြောင့် စဉ်းစားဥာဏ်ကို ပိုပြီး ရင့်သန် လာစေကာ စိတ်လိုက်မာန်ပါ လုပ်တတ် သည်များကို လျော့ကျလာစေသည်ဟု ဆိုပါသည်။

တစ်လလျှင် စာအုပ်ဘယ်နှအုပ် ဖတ်ပြီးပြီဆိုခြင်းထက် ဖတ်ပြီးသမျှ စာအုပ်ထဲက အကြောင်းအရာသင်ခန်း စာများကို မည်မျှလောက် အသုံးချပြီးပြီ ဆိုသည်က ပို၍ အရေးကြီးပါသည်။knowledge is power ဆိုသည့်အတိုင်း ဗဟုသုတကို အသုံးချနိုင်မှ စွမ်းအားရှိ သည်။ ဖတ်မှတ်သမျှ ဗဟုသုတများ အသုံးမချတတ်လျှင် လည်း စွမ်းအားမရှိ နိုင်ပေ။
“စာပေမြင့်မှ လူမျိုးမြင့်မည်၊ လူမျိုး မြင့်မှ တိုင်းပြည်တင့်မည်” ဖြစ်သည်။
ထိုကြောင့် မိမိဘ၀ကို တိုးတက် မြှင့်မားရန်၊ အတွေးအခေါ်ရင့်သန်စေရန် စာများများ ဖတ်မှတ်ဖို့ လိုပါသည်။ တတ်နိုင်လျှင် မိမိအနီးဆုံးနေရာတွင် မိမိဖတ်မှတ်ပြီးသမျှသော စာအုပ်တိုင်းကို အပိုင်ဝယ်ယူပြီး စာအုပ်စင်တစ်ခုဖြင့် ထားသင့်ပါသည်။ မိမိအနီးတွင် စာအုပ် စင်တစ်ခုရှိခြင်းသည် အကောင်းဆုံး ရွေးချယ်ဆုံးဖြတ်နိုင်စေရန် လမ်းညွှန် ပေးမည့် ဆရာကောင်းတစ်ဦး အနားမှာရှိ နေသလို ဖြစ်စေပါသည်။

မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှ ပန်း တနော်နယ်သားဖြစ်သူ ကမ္ဘာကုလသ မဂ္ဂအတွင်းရေးမှူးဦးသန့်သည် သူငယ် စဉ်ဘ၀တုန်းက စာပေများကို ဖတ်ရှု့ လေ့လာခြင်းမပြုဘဲ လူငယ်သဘာဝ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်း နေမည်ဆိုလျှင် ဤသို့ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ထိုကြောင့် လူငယ်များကို ပြောချင် သည်မှာ အချိန်မဖြုန်းကြပါနှင့်။ မိမိ လက်တစ်ကမ်းမှာရှိသည့် ဗဟုသုတ ဘဏ်တိုက်ကြီးကို အကျိုးရှိစွာ အသုံး ချပြီး မိမိဘ၀ကို မြှင့်တင်ပါ၊ မိမိနိုင်ငံ ကို မြှင့်တင်ပေးကြပါ။ ဆရာဇော်ဂျီက ဗျာထဲကလို “သင်ဖွားသောမြေ သင်တို့ မြေသည် အခြေတိုးမြှင့် ကျန်ကောင်း သင့်၏”ဆိုသည့်အတိုင်း မိမိမွေးဖွား ကြီးပြင်းရာ ဤနိုင်ငံကြီး တိုးတက်အောင် တစ်ဦးတစ်ယောက်ချင်းစီ၏ အင်အား များဖြင့် စုပေါင်းတည်ဆောင်ကြပါဟု ဆန္ဒပြုရင်းဖြင့်….။