ပါးပြင်အေးအေးပေါ် သနပ်ခါးမွှေးမွှေး၊ ကျောက်ပြင်အစစ်နှင့် သွေး

0
1361

“ပါးပြင်မှာ.. သနပ်ခါး..လေးနဲ့.. ချစ်စရာကောင်းလိုက်တာကွာ..”
ထိုစာသားသည် သနပ်ခါးနှင့် ပတ်သက်သော အောင်မြင်ကျော်ကြား သည့် ခေတ်ပေါ်သီချင်းစာသားတစ်ခု ဖြစ်သည်။ ယခုအချိန်ထိ စွဲစွဲမက်မက် လိမ်းကျံကြဆဲ သနပ်ခါးသည် ရှေးကျ သော မြန်မာ့ရိုးရာ အလှပြင်ပစ္စည်းတစ်မျိုး ဖြစ်သည်။
ယခုခေတ် သက်ကြီးရွယ်အိုတို့က သနပ်ခါးကို သူတို့ဘိုးဘွားခေတ်ကတည်း က လိမ်းခဲ့ကြကြောင်း ပြောကြသည်။
မြိတ်၊ မြို့သစ်ရပ်နေ ဒေါ်ရှုဟုန် ကတော့ သနပ်ခါးကို မှတ်မိစအရွယ်မှစ ယနေ့ အသက် ၇၀ ကျော်အထိ နေ့စဉ် မပျက်မကွက် လိမ်းနေဆဲဟု ဆိုသည်။

“အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ လိမ်းတာပဲ။ မလိမ်းရရင် မျက်နှာမှာ ပူနေသလိုလို ခံစားရတယ်”ဟု ဒေါ်ရှုဟုန် က ပြောသည်။
ဒေါ်ရှုဟုန်၏ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး အရွယ်မတိုင်မီ ပါးရေများတွန့်၍ အရွယ်နှင့်မမျှအောင် အိုစာသွားသည်မှာ ကျောင်းစတက် ကတည်းက သနပ်ခါးမလိမ်းဘဲ မိတ် ကပ်အမြဲလိမ်းသောကြောင့်ဟု ဒေါ်ရှု ဟုန်က ယူဆနေသည်။
ဆေးပညာရှင်တို့ကမူ သနပ်ခါးက ရေနှင့်ရောသွေးထား၍ အရေပြားကို အေးမြစေသောကြောင့် မိတ်ထွက်ချိန်တွင် ယားယံခြင်းကို ယာယီသက်သာစေနိုင်ပြီး မျက်နှာအဆီပြန်ခြင်းကို ထိန်းပေးသည်၊ အရေပြားကို ခြောက်သွေ့စေသည်၊ နေမလောင်ရန် ကြားခံလွှာတစ်ခုအနေနှင့် ကာကွယ်ပေးသည်ဟု ဖွင့်ဆိုကြသည်။

ပြောင်းလဲလာသော ခေတ်နှင့် အညီ အရန်သင့်သုံးနိုင်သော သနပ်ခါးခဲ၊ သနပ်ခါး ဗူးများ ပေါ်လာသော်လည်း အချို့ကမူ ကိုယ်တိုင်သွေးလိမ်းရမှ ကျေနပ်သည်ဟု ဆိုသည်။
“ခရီးသွားရင်လည်း အိမ်ကသနပ်ခါး ကိုသွေးပြီး ဗူးကလေးနဲ့ ထည့်သွား တယ်”ဟု ၎င်းကဆိုသည်။
ဒေါ်ရှုဟန်သနပ်ခါး ကိုနှစ်သက် သလို အိမ်က သားသမီးများလည်း သနပ်ခါးလိမ်းကြ၊ နှစ်သက်ကြသည်။ သားများသည်ပင် ယခု အချိန်ထိလိမ်း နေကြတုန်းဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် သနပ်ခါးဆိုက ဒေသတွင် ပေါက်ရောက်သော တောင်သံကြီး (ထားဝယ်အခေါ် တောန်းသံကြီး)၊ သစ်ဖု (ပ္လောင်းပိနို့)၊ ကလမတ်၊ မကျီးခေါက် စသည်တို့အပြင် ရှင်မတောင်၊ ဆေးရှစ် မြစ် စသည်တို့ကိုပါ ပွဲလမ်းအခြေအနေ၊ အရေပြားအခြေအနေတို့ကို ကြည့်ကာ လိမ်းကြသည်။
အချို့ မျက်နှာမှသည် ခြေဆုံး ခေါင်းဆုံးလိမ်းသည်။
“စိတ်လိုလက်ရရှိတဲ့နေ့တွေဆို သနပ် ခါးပြစ်ပြစ်သွေးပြီး ခြေဆုံးခေါင်းဆုံး လိမ်းပစ်လိုက်တယ်၊ အနံ့သင်းသင်းလေး မွှေးနေတာကို ကြိုက်တာ”ဟု ကော့သောင်း မြို့ တူဒေးစာပေမှ မစိုးမမအေးက ပြော သည်။

နောက်ပိုင်းတွင် သနပ်ခါးမလိမ်းမီ အမျိုးသမီးအချို့က အောက်ခံမိတ်ကပ် လိမ်းတတ်လာကြသည်။
“အောက်ခံအာချီ(မိတ်ကပ်)နဲ့ လိမ်း တယ်။ ရွာမှာရော ရုံးသွားရင်ရော လိမ်း တယ်။ အလှူသွားလည်း လိမ်းတယ်”ဟု ကော့သောင်း ပညာရေးဌာမှ မမေဇင်မိုးက ပြောသည်။
သနပ်ခါးကြိုက်သော မမေဇင်မိုးက သနပ်ခါးကို ကျောက်ပြင်ဖြင့် သွေး မလိမ်းပါ။
“ရယ်ဒီမိတ် မင်းဝံတောင်သနပ် ခါးလိမ်းတယ်၊ ကျောက်ပြင်က သွေးရ ပျင်းလို့ သိပ်မသုံးဖြစ်ဘူး”ဟု ၎င်းက ပြောပါသည်။
ကလေးဘ၀မှ ခုထိ သနပ်ခါးလိမ်းခဲ့ သည်ဆိုသော ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှ မစိုးစန္ဒာဝင်းက သနပ်ခါးသွေးရန် ကျောက်ပြင်အစစ် လိုချင် နေသည်။ ခုခေတ်ပေါ် ဘိလပ် မြေဖြင့် ပြုလုပ်ထားသော ကျောက်ပြင်များကြောင့် သနပ်ခါးသွေးလိမ်းရန် မိန်းကလေးများ တွန့်ကုန်ကြပြီ ဆိုလာသည်။

“ကျောက်ပြင်အစစ်လိုချင်တာ၊ ဒီခေတ်က ကျောက်အစစ်ကျောက်ပြင် ရှားပါးပြီးတော့ ဘိလပ်မြေ(ကျောက်)ပြင်တွေပေါလာတယ်၊ ဒီလို ဘိလပ်မြေ ပြင်တွေဆို မျက်နှာအတွက်မကောင်း ဘူး” မစိုးစန္ဒာဝင်းက ပြောသည်။
အချို့အမျိုးသမီးများက အိမ်တွင် နေက သနပ်ခါးလိမ်းသော်လည်း အပြင် ထွက်တိုင်း မိတ်ကပ်ကိုယ်စီ။
“မင်္ဂလာဆောင်တို့ အလှူပွဲတွေသွား ရင်တော့ မိတ်ကပ်ပဲလိမ်းတယ်။ သနပ် ခါးမလိမ်းဖြစ်တော့ဘူး။ မိတ်ကပ်လိမ်း တာက ကိုယ့်ကို ပိုပြီးလှစေတယ်လို့ ထင်တယ်”ဟု ထားဝယ်မြို့ ကြက်စာပြင် ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မပွင့်ဖူးခိုင်က ပြောသည်။
မည်သို့ဆိုစေ မြန်မာ့သနပ်ခါးကို ပုံစံအမျိုးမျိုးဖြင့် ရိုးရာမပျက် လိမ်းနေ ကြဆဲ။ မိန်းမများသာမက ယောင်္ကျား ရင့်မကြီးအချို့ပါ သနပ်ခါး မလိမ်းရ မနေနိုင် ဖြစ်နေကြဆဲ။

တနင်္သာရီအပတ်စဉ်မှ အမျိုးသားသတင်းထောက်တစ်ဦးဆိုလျှင် ခရီးသွား တိုင်း ကျောပိုးအိတ်အတွင်း ကျောက်ပြင် ငယ်တစ်ချပ် ပါနေတတ်သည်အထိ။ သနပ်ခါးချယ်သော သစ်သားပွတ်တံ လေးပါ ပါမြဲ။
အလှူအတန်းသွားလျှင် မိမိကိုယ် ကို ပိုပြီး ကြည့်ကောင်းစေချင်၍ ပေါင်ဒါ လိမ်းဖြစ်သည်ဆိုသော လောင်းလုံး မြို့နယ် ကျောက်ဆင်ကျေးရွာမှ အသက် ၂၉ နှစ် အရွယ် ကိုဝင်းမြင့်သည်လည်း ငယ်စဉ်က ယခုထိ သနပ်ခါး မပြတ်တမ်းလိမ်းခဲ့ သည်။
“သနပ်ခါးကို ကျွန်တော်ငယ်ငယ် သိတတ်စအရွယ်ကတည်းက အခုချိန် အထိ လိမ်းဖြစ်တယ်။ ငယ်ငယ်တုန်း ကတော့ အမေကလိမ်းပေးတာပေါ့’ ဟု ကိုဝင်းမြင့်က ပြောသည်။

ကိုဝင်းမြင့် မွေးကင်းစက သူ့အမေ သနပ်ခါး လိမ်းပေးမှု ရှိ၊ မရှိ ကိုဝင်းမြင့် မှတ်မိလိမ့်မည် မဟုတ်ပါ။
မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာ ဝန်အချို့နှင့် အရေပြားဆရာဝန်အချို့ကမူ မွေးကင်းစမှ ၆ လအောက်ကလေးတို့အား သနပ်ခါး မလိမ်းပေးသင့်ကြောင်း ပြော ဆိုရေးသားကြသည်။
၆ လအောက်ကလေး၏ အရေပြား မှာ သဘာဝအဆီ ဓာတ်နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့ စေနိုင်ပြီး ကလေးအရေပြားခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်ကြောင်း ပြောကြသည်။
၆ လကျော်၍ သနပ်ခါးလိမ်းပေး လျှင်လည်း သဘာဝသနပ်ခါးတုံးသန့် သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့် သန့်နှင့် သွေးလိမ်းပေးရန်နှင့် စိုထိုင်း သော သနပ်ခါးတုံးဆိုလျှင် မှိုစွဲတတ် သဖြင့် သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို ပုံမှန်ဆေးကြောရန်၊ အဖုံးပါသော ရေပုလင်း၊ ရေဗူးကို သုံးပါရန်နှင့် မကြာခဏ ရေလဲပေးရန် ညွှန်ကြား ကြသည်။

သနပ်ခါးလိမ်းပြီးလျှင် သနပ်ခါး မကျွေးရ။ သနပ်ခါးက မည်သည့် အာ ဟာရမျှ မရှိသည့်အပြင် သနပ်ခါးတုံးနှင့် ရေတွင်ပါရှိသော မမြင်ရသောပိုးက ငယ် လွန်းသော ကလေးကို ဝမ်းလျှောစေ တတ်သည်ဟု ဆရာဝန်တို့က တားမြစ် ကြသည်။
မည်သို့ဆိုစေ ကလေး၊ ကျားမ၊ ပျိုပျိုအိုအိုတို့ သနပ်ခါးလိမ်းကြဆဲ။
ယခုခေတ်ထိ သနပ်ခါးလိမ်းထား၍ မျက်စိစပါးမွေးစူးခံရသူ မရှိသလောက် ပါ။ “မျက်စိအေးလိုက်တာ”၊ “ချစ်စရာ ကောင်းလိုက်တာ”ဟုသာ ချီးကျူးပြော ဆိုတတ်သည်။

သနပ်ခါးပါးကွက်ကျားနှင့် အပျိုမ လေးတို့ကို လူပျိုလေးများက “ကျက် သရေရှိလိုက်တာ”ဟု တိုးတိုးဖွင့်ဟ တတ်ကြဆဲ။

ပညာရပ်ဆိုင်ရာကိုးကား-
နေနေမိုးဆွေ(Child Health Myanmar)