တနင်္သာရီဂျာနယ် အမှု ချေဖျက်ရေး တလအတွင်း အမိန့်ချမည်

0
419

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားမှုအား ချေဖျက်ပေးရန် တနင်္သာရီဂျာနယ်ဘက်က လျှောက်ထားမှုကို တစ်လအတွင်း အမိန့်ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက်ပေးရန် လျှောက်ထားသည့်အတွက် တိုင်းတရားလွှတ်တော်တွင် ဇွန်လ ၁၂ ရက်က နှစ်ဖက်အပြီးသတ်လျှောက်လဲပြီးနောက် လာမည့်နှစ်ပတ်မှ တစ်လအတွင်းအမိန့်ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ဆိုသည်။

“ဘယ်နေ့အမိန့်ချမယ်ဆိုတာတော့ တရားလွှတ်တော်ရဲ့ သဘောသဘာဝအရ သုံးရက် ကြိုကြေညာပါတယ်၊ ခန့်မှန်းခြေကတော့ တစ်လအတွင်းဖြစ်မှာပါ”ဟု တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောသည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ အတွင်းက ထားဝယ်မြို့နယ် တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် စစ်ဆေးပြီးချိန်တွင် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်မှ အမှုပယ်ဖျက် ပေးရန် တိုင်း တရားလွှတ်တော်ထံ မေလ ၂၁ ရက်က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရက တနင်္သာရီဂျာနယ်အပေါ် တရားစွဲဆိုထားမှုကို အခြေခံဥပဒေ၊ သတင်းမီဒီယာဥပဒေပါ အချက်များနှင့်အညီ အချက် ငါးချက်ကို လျှောက်လဲခဲ့ကြောင်း တနသာင်္ရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

သရော်စာပါ ဖော်ပြချက်များက ဇာတ်ကောင်များကိုဖန်တီးက မျက်မှောက်ကာလတွင် ဖြစ်ပျက်နေသည့် လူမှုရေး၊ စီးပွားရေ၊ နိုင်ငံရေး အစရှိသည့် ချွတ်ချော်နေမှုများကို ရေးသားထားခြင်းဖြစ်ပြီး မည်သူဖြစ်ကြောင်း အမည်နာမ မပါသည့်အတွက် ၀န်ကြီးချုပ်နှင့် ၎င်း၏မိသားစုကို ညွှန်းဆိုရေးသားသည်ဟု ကောက်ချက်ချ၍မရကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့က တိုင်းအတွင်းနေထိုင်သည့်လူဦးရေ ၁၄ သိန်းကျော်ကို ကိုယ်စားပြုပြီး အများပြည်သူအကျိုးနှင့် ဆက်စက်သည့်အတွက် မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ)ပါ ပြဋ္ဌာန်းချက်နှင့် ကင်းလွတ်နေကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်းရေးသားခြင်းမျိုးမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေး ကို ထိခိုက်စေ သော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

သတင်းမီဒီယာဥပဒေပုဒ်မ-၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

“သတင်းမီဒီယာဥပဒေ ၂၅(ခ)နဲ့ အရေးယူပေးပါဆိုတဲ့ တရားစွဲဆိုထားတဲ့တစ်ချက်က သတင်းမီဒီယာကောင်စီတွေ တရားရုံး တွေက မဆုံးဖြတ်ခင် ကြိုတင်ပြီး ဥပဒေပုဒ်မတပ်ပြီးတော့ ဆုံးဖြတ်ထားတဲ့ဟာက မဏ္ဍိုင်တစ်ခုကနေ အခြားမဏ္ဍိုင်တစ်ခုကို လွှမ်းမိုးမှုရှိ/မရှိဆိုတဲ့ အချက်လေးကိုလည်း ထပ်မံတင်ပြခဲ့တယ်”ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

ဂျာနယ်ဘက်ကအမှုချေဖျက်ပေးရန် လျှောက်ထားမှုတွင် တိုင်းအစိုးရဘက်မှ ဒုတိယတိုင်းဥပဒေအရာရှိက အပြီးသတ် လျှောက်ထားခဲ့သည်။

တိုင်းတရားလွှတ်တော်က ယင်းအမှုကို ချေဖျက်ရန် ဆုံးဖြတ်အမိန့်ချပါက မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းရမည်ဖြစ်ပြီး ချေဖျက်ခြင်းမပြုရန် အမိန့်ချပါက အမှုကို မြို့နယ်တရာရုံးက ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံ ဆောင်းပါး ကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီက ယမန်နှစ်က တရားစွဲဆိုခဲ့ဖူးသည်။