အကြီးစား ဓာတ်သတ္တုလုပ်ကွက် တနင်္သာရီတိုင်းတွင် တတိယအများဆုံး ခွင့်ပြုထား

0
710

မြန်မာနိုင်ငံတွင် အကြီးစားဓာတ် သတ္တုထုတ်လုပ်ခွင့်ကို တနင်္သာရီတိုင်း တွင် တတိယအများဆုံး ခွင့်ပြုထားသည်။
ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ ယခုနှစ် ဧပြီလ ၃၀ ရက်တွင် ထုတ် ပြန်သည့် စာရင်းအရ တနင်္သာရီတိုင်း တွင် ခွင့်ပြုထားသော အကြီးစားလုပ်ကွက် (ဧက ၅၀ နှင့်အထက်) ၁၉ ခု ရှိသည်။
ယင်းသည် တစ်နိုင်ငံလုံးတွင် တတိယအများဆုံး ဖြစ်သည်။

အကြီးစား ဓာတ်သတ္တုလုပ်ကွက် များကို မန္တလေးတိုင်းတွင် ၄၃ ခုဖြင့် အများဆုံးနှင့် စစ်ကိုင်းတိုင်းတွင် ၂၄ ခုဖြင့် ဒုတိယအများဆုံး ခွင့်ပြုထားပြီး ရန်ကုန်၊ ချင်း၊ ပဲခူးတို့တွင် အကြီးစား လုပ်ကွက် ခွင့်ပြုထားမှု လုံးဝ မရှိပေ။
တနင်္သာရီတိုင်းတွင် ကုမ္ပဏီ အသီး သီးသို့ ခွင့်ပြုထားသော အကြီးစား လုပ်ကွက်များအနက် လုပ်ကွက်တစ်ခု လျှင် အနည်းဆုံး ဧရိယာ နှစ်ရာဧက ခန့်(၁၉၄ ဒသမ ၃၂ ဧက)မှ အများဆုံး သုံးထောင်ဧကခန့်( ၂၉၂၀ ဧက) အထိ ပါဝင်နေသည်။
အကြီးစား ထုတ်ယူခွင့်ပြုထားသည့် လုပ်ကွက် ၁၉ ခုတွင် ကျောက်မီးသွေး လုပ်ကွက် ၇ ခု၊ ခဲမဖြူ၊ အဖြိုက်နက် လုပ်ကွက် ၁၀ ခု၊ ထုံးကျောက်နှင့် ဖန်ချက်သဲထုတ်ယူလုပ်ကွက် ၁ ခုစီ ပါဝင်သည်။

ပြည်ထောင်စုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ခဲမဖြူအဖြိုက်နက် ထုတ်ယူလုပ်ကွက်မှာ တနင်္သာရီတိုင်း တွင် အများဆုံး ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် အကြီး စား ခဲမဖြူ၊ အဖြိုက်နက် လုပ်ကွက် ၁၁ ခုတွင် ၁၀ ခုမှာ တနင်္သာရီတိုင်းက ဖြစ်ပြီး ကျန်တစ်ခုမှာ ကယားပြည်နယ်မှ ဖြစ်သည်။
အသေးစား(ဧက ၅၀ အောက်) သတ္တုထုတ်ခွင့်ပြုထားမှုတွင်လည်း ခဲမဖြူ၊ အဖြိုက်နက်လုပ်ကွက်မှာ တနင်္သာရီ တိုင်းတွင် အများဆုံး ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ခွင့်ပြုထားသည့် အသေးစား ခဲမဖြူ၊ အဖြိုက်နက် လုပ်ကွက် ၂၆ ခုမှာ တနင်္သာရီတိုင်းတွင် ဖြစ်သည်။
ဓာတ်သတ္တု ထုတ်လုပ်နိုင်ရေး စမ်း သပ်တိုင်းတာရန်နှင့် ဖြစ်မြောက်နိုင် စွမ်းရှိလေ့လာရန် ခွင့်ပြုမိန့် ချပေးထားမှု တွင်လည်း ပြည်နယ်နှင့်တိုင်းအလိုက် တွင် တနင်္သာရီတိုင်းက လုပ်ကွက် ၅၃ ခုဖြင့် အများဆုံးဖြစ်ပြီး ခဲမဖြူ၊ အဖြိုက် နက် ၅၁ ခု၊ ကျောက်မီးသွေး ၂ ခု ပါဝင်သည်။

ယင်းသတ္တုလုပ်ကွက်များ အားလုံး မှာ ယခုအစိုးရလက်ထက်တွင် ချထား ပေးသည်များ မဟုတ်ကြောင်း တနင်္သာ ရီတိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
လက်ရှိအစိုးရသက်တမ်းအတွင်း မည်သည့်သတ္တုလုပ်ကွက်ကိုမျှ ချထား ပေးခြင်းမျိုး မပြုလုပ်ဖူးသေးဟု ဦးမြင့်မောင်က ဆိုသည်။
လုပ်ကွက်အသစ်များ ချထားပေး မည်ဆိုက သက်ဆိုင်ရာကုမ္ပဏီတို့၏EIA SIA EMP တို့အား အတည်ပြု ပြီးမှသာ ထုတ်ယူခွင့်ပြုမည်ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“အသစ်က အတော်ကို ခက်မယ့် အနေအထားမှာ ရှိတယ်”ဟု ဦးမြင့်မောင် က ဆိုသည်။
အကြီးစားသတ္တုလုပ်ကွက်များ၏ ထုတ်လုပ်ခွင့်ရ သက်တမ်းမှာ ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၅ နှစ်အသီးသီး ရှိကြပြီး အချို့ကုမ္ပဏီများမှာ ၂၀၃၅ ခုနှစ်၊ ၂၀၄၀ ခုနှစ်မှ ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း စည်းကမ်း မဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံတို့၏ နေအိမ်နှင့် ဥယျာဉ်ခြံမြေ များ ဆုံးရှုံးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ကြောင့် ဒေသခံတို့ ကန့်ကွက်ခြင်း၊ တရားစွဲဆိုခြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက်ရှိသည့် ဒေသများ၌ ဒေသခံအရပ်သားများပါဝင်သည့် သတ္တု လုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့များအား တိုင်းအစိုးရမှ ကမကထပြု ဖွဲ့စည်းပေး ထားပြီး ထူးခြားဖြစ်စဉ်များအတွက် ယင်း အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် နေကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

သတ္တုလုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီးနောက်တွင် သတ္တုထုတ်ကုမ္ပဏီနှင့် ဒေသခံများကြား ဆက်ဆံရေး အတန်အသင့် ကောင်းမွန် လာသော်လည်း စင်းလုံးချော အဆင်ပြေ သည့် အနေအထားသို့မူ မရောက်ရှိသေး ကြောင်း ကံပေါက်သတ္တုလုပ်ကွက်စောင့် ကြည့်ရေးအဖွဲ့ဝင် ဦးကျော်မိုးဦးက ပြောသည်။
အသစ်ချထားပေးမှုအတွက်မူ အစိုးရအနေဖြင့် အဘက်ဘက်မှ ချိန်ဆ ရန်လိုကြောင်း ဦးကျော်မိုးဦးက ပြော သည်။
“နိုင်ငံတော်က ဆင်းရဲနေတာ မှန်တယ်၊ လက်ခံပါတယ်၊ ဒါပေမဲ့ လုပ်ကွက်အသစ်အတွက် ပြန်စဉ်းစားဖို့ လိုတာက တကယ်အကျိုးအမြတ်ရမှာက ဘယ်သူလဲ၊ ဆုံးရှုံးမှုနဲ့ အကျိုးအမြတ်ကို ညီမျှမှုရှိမရှိ ပြန်ချိန်ဆစေချင်တယ်၊ လက်ရှိတော့ ဆုံးရှုံးမှု ပိုများနေတယ်လို့ မြင်တယ်”ဟု ဦးကျော်မိုးဦးက ဆိုသည်။