ထားဝယ်တွင် ရှေးဟောင်း အဆောက်အအုံစာရင်း ပွင့်လင်းရာသီ ကောက်မည်

0
432

ထာဝယ်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများနှင့် လောင်းလုံးမြို့ နယ် ဝေဒီကျေးရွာရှိ ဝေဒီမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံများကို ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ် မှတ်နိုင်ရေး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပွင့်လင်းရာသီတွင် စာရင်းကောက်မည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ် တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့ တွင် ရေဖြူမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုး၏ မေးခွန်းကို လူမှုရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီး ဦးဟိုပင်က အထက်ပါ အတိုင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းအတွင်း ခရီးသွားလုပ်ငန်း တိုးတက်ရေးကို လုပ်ဆောင်နေသည့် အချိန်တွင် ခရီးသွားများကို ဆွဲဆောင် နိုင်သည့် ရှေးဟောင်း အဆောက်အအုံ များကို စနစ်တကျ မထိမ်းသိမ်းနိုင်ဘဲ ပျက်စီးဆုံးရှုံးနေသဖြင့် မေးခွန်းမေးခြင်း ဖြစ်ကြောင်း ဦးကြည်စိုးက ပြောသည်။
အချိန်မီ မထိန်းသိမ်းနိုင်ပါက ယခု ဇွန်လအတွင်း လေပြင်းကြောင့် အမိုး ပျက်စီးသွားသည့် နှစ်ရာချီသက်တမ်းရှိ ရွှေကျောင်းကြီး၊ ပြီးခဲ့သည့် မေလက မီးဘေးကြောင့် ဆုံးရှုံးသွားသည့် မြေတိုက် ကျောင်းဝင်းရှိ နှစ် ၁၅၀ သက်တမ်းရှိ သစ်သား ကျောင်းဆောင်များကဲ့သို့ ဖြစ် လာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

ယင်းအပြင် ကိုလိုနီခေတ်လက်ရာ ဖြစ်သော တိုင်းအစိုးရဖွဲ့ရုံး နံဘေးတွင် အဆောက်အအုံအသစ် ဆောက်လုပ် သဖြင့် ပြည်သူများအကြား ဝေဖန်ခံခဲ့ရ သည့် ဖြစ်စဉ်များ ဆက်လက် ရင်ဆိုင် နေရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပွင့်လင်းရာသီတွင် စာရင်းကောက် ခံခြင်းမပြုမီ ယခုမိုးရာသီတွင် သဘာဝ ဘေးအန္တရာယ်များကြောင့် တိုင်းအတွင်း ရှိ ရှေးဟောင်း အဆောက်အအုံများ မဆုံးရှုံးစေရန် ဆောက်ရွက်စေလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကြံပြုသည်။
“ခရီးသွားတွေကို အကောင်းဆုံး ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံးသော ပြကွက် တွေဟာ ဒီယဉ်ကျေးမှုတွေပဲ ဖြစ်တယ်။ ဒါကြောင့် အဲဒီပစ္စည်းများ မဆုံးရှုံးရ အောင် အခုကတည်းက သေသေချာချာ ဇုန်အတွင်းရော၊ ဇုန်အပြင်ရော ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားလိုပါတယ်”ဟု ဦးခင်မောင်အေးက ဆိုသည်။

တိုင်းအတွင်း ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သာဂရမြို့ဟောင်းကို အမျိုးသားအဆင့် ရှေးဟောင်းဇုန် အဖြစ် လည်းကောင်း၊ ယင်းမြို့ဟောင်းရှိ နန်းတော် ရာကုန်း၊ စေတီကုန်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ အရိုးအိုးမြှုပ်နှံမှုဓလေ့ ကုန်းများကို တူးဖော် မှတ်တမ်းတင်ခဲ့ ကြောင်း ဦးဟိုပင်က ပြောသည်။
ယင်းအပြင် ၂၀၁၇ – ၁၈ ဘဏ္ဍာ နှစ်တွင်လည်း တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြို့ဟောင်းအား တိုင်းဒေသ ကြီးအဆင့် ရှေးဟောင်းဇုန်အဖြင့် သတ် မှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။