မြိတ်တွင် ယခုနှစ် SME ချေးငွေ မထုတ်ချေးရသေး

0
459

မြိတ်တွင် အသေးစားနှင့်အလတ် စားလုပ်ငန်းများအတွက် ထုတ်ချေးသည့် ချေးငွေကို ယခုနှစ် ထုတ်မချေးရသေး ကြောင်း မြန်မာ့စီးပွားရေးဘဏ် မြိတ် ဘဏ်ခွဲထံမှ သိရသည်။
လုပ်ငန်းရှင်များအနေဖြင့် လာ ရောက်လျှောက်ထားသည်များရှိသော်လည်း အခွန်မဆောင်ရသေးခြင်း၊ လိုအပ် သည့် အချက်အလက်များ မပြည့်စုံ ခြင်း တို့ကြောင့် မထုတ်ချေးရသေးခြင်းဖြစ် ကြောင်း မြန်မာ့စီးပွား ရေးဘဏ် မြိတ် ဘဏ်ခွဲမှ ခရိုင်မန်နေဂျာက ပြောသည်။
“တစ်မျိုးမဟုတ် တစ်မျိုးတော့ မပြည့်စုံကြဘူး၊ အချက်အလက် ပြည့်စုံ ရင်တော့ ချက်ချင်းလုပ်ပေးတယ်”ဟု ခရိုင်မန်နေဂျာက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်း (SME )အတွက် ချေးငွေကို ကုန်ထုတ် လုပ်ငန်းများကိုသာ အဓိက ထုတ်ချေး ခြင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှာ လက်ရှိထုတ်ချေးမည့်ချေးငွေတွင် အကျုံးမဝင်သေးကြောင်း ၎င်းက ပြော သည်။
တိုင်းဒေသကြီး အစိုးရမှ ထောက် ခံချက် ရရှိထားပြီးသော်လည်း ပုံစံ ၁၀၅ မြေပုံစံရရန် ကြန့်ကြာနေကြောင်း မြိတ်မြို့၊ ကျွဲကူးကျေးရွာမှ ချေးငွေ ကျပ်သိန်း လေးရာ လျှောက်ထားသည့် သံပန်းနှင့် ဝပ်ရှော့လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“အချက် ၁၆ ချက်လိုတယ်လို့ ကြားရတယ်၊ လွယ်တော့မလွယ်လောက် ဘူး”ဟု ၎င်းက ဆိုသည်။
မြိတ်ခရိုင်တွင် လက်ရှိချေးငွေ ရရှိ ရန် လျှောက်ထားသူ ၃၁ ဦးရှိကြောင်း မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာန လက်အောက်ရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မြိတ်ခရိုင်အတွင်း ချေးငွေလျှောက်ထားသူ ၃၀ ဦးရှိရာ ၁၁ ဦး လုပ်ငန်းများအား မြေပြင်သို့ လာ ရောက်စစ်ဆေးခဲ့ပြီး ၂ ဦးသာ ချေးငွေ ထုတ်ယူခွင့်ရရှိခဲ့သည်ဟု ယခင် မြိတ် မြို့နယ်SME လုပ်ငန်းရှင်များ အဖွဲ့ဝင် ဦးခင်မောင်သန်းက ပြောသည်။
လက်ရှိတွင် မြိတ်ခရိုင်အတွင်းရှိ အသေးစားအလတ်စား လုပ်ငန်းရှင်များ ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် SME လုပ်ငန်း ရှင်များ ခရိုင်အသင်းကို လာမည့် ဇူလိုင်လအတွင်း ဖွဲ့စည်းနိုင်ရန် ကြိုး ပမ်းလျက်ရှိသည်။